သတင်း

ထောင် ၁၅ နှစ်ချနိုင်သည့် အမှုဖြင့် ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို စစ်ကောင်စီအမှုဖွင့်

စစ်ကောင်စီက ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးမြင့်လှိုင်ကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်လိုက်သည်။

ဦးသိန်းစိန်အစိုးရ၏ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက အမှုဖွင့်လိုက်သည်။

အသက် ၇၁ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်သည် ဧပြီလ ၁၀ ရက်နေ့က နေပြည်တော်ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ခေတ်သစ်သတင်းဌာနသို့ ပေါက်ကြားလာသည့် ရဲကြေးနန်းတစ်စောင်တွင် ဦးမြင့်လှိုင် ဝန်ကြီးရာထူးရထားချိန်တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ လယ်မြေဧက ၁၇၀၀ ကျော်ကို ၎င်းနှင့် သမက်ဖြစ်သူ၏ အမည်များဖြင့် လယ်မြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့သည်ဟူသော စွဲချက်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တွင် “နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။

ထိုပုဒ်မကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို အမှုဆင်ထောင်ချရာတွင်လည်း အသုံးပြုခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဟောင်းလည်းဖြစ်သည့် ဦးမြင့်လှိုင်ကို ကိုးကန့်/လောက်ကိုင် ကျားဖြန့်ဂိုဏ်းများနှင့် ပတ်သက်ခဲ့ကြောင်း သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီးခြင်းဖြစ်ကြောင်း ကနဦးသတင်းများကို အခြေခံပြီး နေပြည်တော်ရှိ သတင်းအရင်းအမြစ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်လအတွင်းကလည်း တရုတ်တောင်းဆိုမှုကြောင့် ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ခဲ့ကြောင်း သံသယဖြင့် ဖမ်းဆီးပေးခဲ့ရသည်။

Show More

Related Articles

Back to top button