သတင်း

ကြံ့ခိုင်ရေးအမတ်ဟောင်းနှင့် မိသားစုကို ကျားဖြန့်အမှုဖြင့် စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြုလိမ်လည်မှုသံသဖြင့် တရုတ်အစိုးရက အလိုရှိနေသည့် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်နှင့် မိသားစုဝင်များကို စစ်ကောင်စီဘက်ကလည်း နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထပ်ဆင့်ဖမ်းဝရမ်းထုတ်လိုက်သည်။

ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြုလိမ်လည်မှုသံသဖြင့် တရုတ်အစိုးရက အလိုရှိနေသည့် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်နှင့် မိသားစုဝင်များကို စစ်ကောင်စီဘက်ကလည်း နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထပ်ဆင့်ဖမ်းဝရမ်းထုတ်လိုက်သည်။

တရုတ်နှင့် စစ်ကောင်စီ နှစ်ဖက်စလုံးက အလိုရှိနေကြသူများမှာ ၂၀၁၀-၂၀၁၅ ပြည်နယ်လွှတ်တော် (လောက်ကိုင် – ၂) အမတ် ဦးမြီရှောက်ချန်း (၆၉ နှစ်)၊ သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးမြီကော်ဖျင် (၄၂ နှစ်)၊ သမီးဖြစ်သူ မြီကျူးလန့် (၄၂ နှစ်)၊ မြေးဖြစ်သူ မြီကျိန်ကျိန် (၂၇ နှစ်) တို့ ဖြစ်ကြသည်။

၎င်းတို့လေးဦးသည် ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် အွန်လိုင်းလိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်းနှင့် အားပေးကူညီခြင်းတို့ ကျူးလွန်ခဲ့သည်ဟု စစ်ကောင်စီဘက် စွပ်စွဲထားသည်။

အဆိုပါ မိသားစုကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းပြည်နယ်၊ ဝန်ကျိုးမြို့ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် သုံးရက်အကြာတွင် စစ်ကောင်စီဘက်ကလည်း ဖမ်းဝရမ်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။

တရုတ်၏ဖမ်းဝရမ်းတွင် သတင်းပေးပါက တရုတ်ယွမ်ငွေ တစ်သိန်းမှ ငါးသိန်းအထိ (ကျပ်သိန်း ၄၅၀ မှ ကျပ်သိန်း ၂၀၀၀ ကျော်) ဆုကြေးပေးမည်ဟုလည်း ပါရှိသည်။

ဦးမြီရှောက်ချန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအမတ်အဖြစ် ရှမ်းပြည်နယ်လွှတ်တော်တွင် လောက်ကိုင် (၂) အမတ်အဖြစ် ပြိုင်ဘက်မရှိ အနိုင်ရခဲ့သူဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကိုးကန့်ဒေသသို့ သွားရောက်ခဲ့ကြသည့် ကြံ့ခိုင်ရေးထိပ်ပိုင်းခေါင်းဆောင်များ (ဓာတ်ပုံ – USDP)

ဖမ်းဝရမ်းများတွင် ပါဝင်သည့် သားဖြစ်သူ ဦးမြီကော်ဖျင်သည် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်မှ အရာရှိဖြစ်သည်။

တရားဝင် ဖမ်းဝရမ်းမဆင့်ထုတ်သေးသော်လည်း ဦးမြီရှောက်ချန်း၏ နောက်ထပ်သားတစ်ဦးဖြစ်သည့် မြီကိုအန် (မင်ကိုအန်) ကိုလည်း တရုတ်ဘက်က အလိုရှိနေသည်ဟု တရုတ်သတင်းများနှင့် ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ မြီကိုအန်သည် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ကိုးကန့်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ကြယ်သုံးပွင့်အဆင့်ရှိ ဒုရဲမှူးဖြစ် သည်။

ကြံ့ခိုင်ရေးအမတ်ဟောင်းနှင့် မိသားစုကို လောက်ကိုင်ရှိ ၎င်းတို့ပိုင် ဟိုတယ်ဝင်းထဲတွင် အောက်တိုဘာ ၂၀ ရက်နေ့က တရုတ်နိုင်ငံသားများ သတ်ဖြတ်ခံခဲ့ရမှုအတွက်လည်း တရုတ်အစိုးရက အလိုရှိနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

တရုတ်နိုင်ငံအတွင်း လူပြောများပြီး ‘၁၀၂၀ အဖြစ်အပျက်’ ဟု တင်စားကြသည့် ထိုဖြစ်ရပ်တွင် တရုတ်နိုင်ငံသားအရေအတွက် မည်မျှသတ်ဖြတ်ခံခဲ့ရသည်ကို တိတိကျကျ မသိရသော်လည်း လောက်ကိုင်သို့ လူကုန်ကူးခံရသူ အယောင်ဆောင်ကာ ကျားဖြန့်အကြောင်း လာရောက်စုံစမ်းသည့် တရုတ်ထောက်လှမ်းရေးအရာရှိ အနည်းဆုံး နှစ်ဦးမှ အများဆုံး ငါးဦးအထိ သတ်ဖြတ်ခံခဲ့ရသည်ဟု တရုတ်သတင်းများက ရေးသားကြသည်။

စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသည့် သတင်းဌာနတစ်ခုကလည်း စစ်ကောင်စီ သတင်းအရင်းအမြစ်များကို ကိုးကားပြီး တရုတ်အစိုးရက လွှတ်လိုက်သူများ လောက်ကိုင်တွင် အသတ်ခံရသည့်သတင်း မှန်ကန်သည်ဟု ဆိုသည်။ အနည်းဆုံး တရုတ်ရဲတစ်ဦးနှင့် တရုတ်နိုင်ငံသားတချို့ ထိုနေ့က သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။

ထိုအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပေးရန် ကိုးကန့်ဒေသနှင့် ကပ်လျက်၊ တရုတ် ယူနန်ပြည်နယ် လင်ချန်းနိုင်ငံခြားရေးရုံးက အောက်တိုဘာ ၂၁ တွင် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ထံ ပေးပို့သည့်စာတွင် သတ်ဖြတ်မှုများအတွက် ဦးမြီရှောက်ချန်းကို စုံစမ်းစစ်ဆေးပေးရန်လည်း ပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button