ဆောင်းပါး

တရုတ်ဝေခြမ်းပေးတဲ့ လားရှိုးအုပ်ချုပ်ရေးအကြောင်း သိရသမျှ

စစ်တပ်သည် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို အုပ်စိုးစေ၊ ကိုးကန့်တပ် MNDAA သည် ကျေးရွာ ၄၅၀ ကိုအုပ်စိုးစေဟု တရုတ်ကကြားဝင်စေ့စပ်ပေးခဲ့သည်ဟု

လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA ကမသိမ်းပိုက်ခင် တစ်နှစ်ခန့်အလို ၂၀၂၃ မတ်လက စစ်ကောင်စီ၏ လားရှိုးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြို့၏သမိုင်းကြောင်းကို အောက်ပါအတိုင်းရေးသားသည်။

“ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်(ခေါ်) မြေဒူးမင်း လက်ထက်ဖြစ်ပွားသော တရုတ်-မြန်မာစစ်ပွဲ(သက္ကရာဇ်-၁၇၆၇) တွင် လားရှိုးသည် စစ်တမ်းထောက်ရွာအဖြစ် စတင်တွေ့ရှိရခြင်းကြောင့် ယင်းနှစ်မတိုင်မီကပင် တည်ရှိခဲ့သည်ဟု ယူဆရပါသည်” 

ထို့နောက် နှစ်ပေါင်း ၂၆၀ နီးပါးကြာမြင့်လာပြီးနောက် စစ်ကောင်စီလက်ထက်တွင် လားရှိုးသမိုင်းသည် ပြင်ဆင် တည်းဖြတ်ရန် လိုအပ်လာပြီဖြစ်သည်။ 

သမိုင်းသစ်ကဤသို့ဖြစ်ဖွယ်ရှိသည်။

“လူဦးရေ သုံးသိန်းနီးပါးနေထိုင်သော လားရှိုးမြို့နယ်တွင် မြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်ကောင်စီက  အုပ်ချုပ်ခွင့် ရမည်ဖြစ်ပြီး ကျေးရွာ ၄၅၀ကို ကိုးကန့်တပ် MNDAA ကအုပ်ချုပ်ခွင့်ရမည်။ စစ်တပ်သည် မြို့မြောက်ဘက်ရှိ အေတီတံတား၊ အနောက်ဘက်ရှိ အီနိုင်းတံတား၊ တောင်ဘက်ရှိ မန်ဟန်ရွာကို ကျော်လွန်ပြီးတပ်စွဲခွင့်မရှိ။ ထိုနယ်မြေခွဲဝေမှုအတွက် ဘေဂျင်းမှလွှတ်လိုက်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့က လားရှိုးတွင်ရုံးထိုင်ကာ အနီးကပ်စောင့်ကြည့်မည်”

တရုတ်အစိုးရက ကမကထပြုလုပ်ခဲ့သည့် လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA ကစစ်ကောင်စီထံ ပြန်လည်လက်လွှဲခြင်းကို ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ကစတင်ခဲ့သည်။ 

သို့သော်မြို့ကိုမည်ကဲ့သို့ ခွဲဝေမည်ကို နေပြည်တော်၊ကိုးကန့်နှင့် ဘေဂျင်း သုံးဖက်စလုံးက နှုတ်ဆိတ်နေပြီး လျှို့ဝှက်ချက်အဖြစ်ထားရှိသည်။ တရုတ်ဝေခြမ်းပေးသည့် လားရှိုးအုပ်ချုပ်ရေးအကြောင်း သိရသမျှကို ဤသို့ဖြစ်သည်။ 

စစ်တပ်ဘယ်နေရာတွေပြန်ရမလဲ

စစ်ကောင်စီသည် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုတွင်ပြန်လည်တပ်စွဲခွင့်နှင့် အရပ်ဘက်အုပ်ချုပ်ရေးများ ပြုလုပ်ခွင့်ရမည်ဟု Myanmar Now ၏သတင်းအရင်းအမြစ်များကဆိုသည်။ 

၂၀၁၁ တွင်ပြန်လည်ပြင်ဆင်ထားသည့် လားရှိုးမြို့နယ်၏ဖွဲ့စည်းပုံအရ မြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာ ၄၉၀ ရှိသည်။ နယ်မြေခွဲဝေမှုသဘောတူညီချက်အရ စစ်တပ်သည်မြို့ပေါ်မှ ဆေးရုံများ၊ ဌာနဆိုင်ရာရုံးများကို ပြန်လည်ခြေချခွင့် ရခြင်းဖြစ်သည်။

လူဦးရေအားဖြင့် စစ်မဖြစ်မီက မြို့ပေါ် ၁၂ ရက်ကွက်တွင် လူဦးရေ ၁သိန်း၄သောင်းခန့်ရှိပြီး၊ ကျေးရွာများတွင် ၁သိန်းခွဲကျော်ရှိသည်။ မြို့လူဦးရေ၏ထက်ဝက်သည် စစ်တပ်အုပ်ချုပ်မှုအောက် နေထိုင်ရမည်ဖြစ်ပြီး ကျန်တစ်ဝက်မှာ ကိုးကန့်တပ် MNDAA အုပ်ချုပ်မှုအောက်နေထိုင်ရမည်ဟု နားလည်ရသည်။

မြို့လူဦးရေ၏ထက်ဝက်စီကို ခွဲခြမ်းအုပ်ချုပ်ခွင့်ရမည်ဖြစ်သော်လည်း စစ်ကောင်စီပြန်ရသည့်နယ်မြေက လားရှိုးဧရိယာ၏ ၁ ရာခိုင်နှုန်းသာရှိသည်။ ကျန် ၉၉ ရာခိုင်နှုန်းက ကိုးကန့်တပ်ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည်။ ဧရိယာစတုရန်းမိုင်ပေါင်း ၁၆၃၀ ကျော်ကျယ်ဝန်းသည့် လားရှိုးမြို့နယ်တွင် မြို့ပေါ် ၁၂ ရပ်ကွက်၏ အကျယ်အဝန်းသည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၈ ခန့်သာရှိသည်။ 

မေလဆန်းမှာစမယ့် စစ်ကောင်စီရဲ့ လားရှိုးမြို့ပေါ်အုပ်ချုပ်ရေး

လားရှိုးမြို့ထဲပြန်ဝင်လာသည့် စစ်ကောင်စီတပ်များနှင့်အတူ အထွေထွေအုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး စသည့်အရပ်ဘက်ဝန်ထမ်းများလည်းပါလာသည်ဟု မြို့ခံတို့ကဆိုသည်။

စစ်ကောင်စီသည်လာမည့်မေလဆန်းတွင် မြို့ပေါ်အုပ်ချုပ်ရေးကို ပြန်လည်စတင်မည်ဟု သူ၏ဝန်ထမ်းများအကြား သတင်းစကားဖြန့်ဝေထားသည်ဟု မြို့ခံများကဆိုသည်။ 

“တချို့တောင်ကြီးမှာ ရောက်ရှိနေတဲ့ ဝန်ထမ်းတွေတောင်မှ ၅ လပိုင်းဆို ပြန်လာပြီ” ဟု လားရှိုးမြို့ခံ အမျိုးသမီးက ပြောသည်။

စစ်ကြောင့်ထွက်ပြေးသွားရသည့် ဝန်ထမ်းများကို နှစ်သုတ်ခွဲကာ လားရှိုးသို့ပြန်လည်ပို့မည်ဟု စစ်ကောင်စီက အသိပေးထားသည်ဟု  လားရှိုးကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ပထမအသုတ်က ဒီ(ဧပြီ)လကုန်ရင် လားရှိုးပြန်ရမယ်။ ဒုတိယအသုတ်က ဘယ်အချိန်ပြန်ရမလဲဆိုတာ မသိရသေးဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ကိုးကန့်တပ်များထွက်ခွာသွားပြီးနောက် ယနေ့အထိ လားရှိုးမြို့ပေါ်ရှိ ဆေးရုံ၊ ရဲစခန်းနှင့် ဌာနဆိုင်ရာ အဆောက်အဦးများအားလုံး တံခါးပိတ်ထားသည်ဟုလည်း မြို့ခံတို့ကဆိုသည်။ 

လားရှိုးအကျဉ်းထောင်မှ ပြီးခဲ့သည့် ရက်များတွင် စစ်သုံ့ပန်းနှင့် အကျဉ်းသားအချို့ကို ကိုးကန့်တပ်က ပြန်လွှတ်ပေးခဲ့ပြီး ယခုထောင်ထဲတွင် ရာဇဝတ်အကျဉ်းသားအချို့ ကျန်နေသေးကြောင်းလည်း မြို့ခံများကပြောသည်။  လက်တလောတွင်ထောင်ကို မည်သည့်အဖွဲ့က အုပ်ချုပ်နေမှန်း ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အုပ်စိုးသူအပြောင်းအလဲတွင် တောကြောင်များကြီးစိုးနေပြီး သင်္ကြန်အပြီး ကိုးကန့်တပ်များထွက်သွားချိန်တွင် လုယက်မှုများ ပြန်လည်ဖြစ်ပွားလာသည်ဟု အသက်(၆၀)ကျော်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကိုးကန့်တပ်တွေဘယ်ရောက်သွားလဲ

မြို့ပေါ်ရှိ ရဲစခန်းများအနက် မြို့မရဲစခန်းတွင် ကိုးကန့်ရဲတပ်ဖွဲ့အချို့ရှိနေသော်လည်း ယခင်လို ကင်းလှည့်ခြင်း လုံခြုံရေးစစ်ဆေးခြင်းများ မလုပ်တော့ကြောင်း မြို့ခံများက ပြောသည်။

မြို့ပေါ်မှ ကိုးကန့်ရဲများသည် တရုတ်အစိုးရကစေလွှတ်သည့် အပစ်ရပ်စောင့်ကြည့်ရေး တရုတ်ကိုယ်စားလှယ် များကို လုံခြုံရေးပေးနေသည်ဟုနားလည်ရသည်။ လားရှိုးနယ်မြေခွဲဝေမှုကိုစောင့်ကြည့်ရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ထားသည်ဟု တရုတ်အစိုးရက ဝန်ခံထားသော်လည်း ၎င်းတို့မည်သည့်နေရာတွင် စခန်းချသည်ကိုတော့ ထုတ်ပြောခြင်းမရှိသေးပါ။

ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့စာတန်းပါ တရုတ်အဖွဲ့ယာဉ်များဧပြီ ၂၀ရက်နေ့က လားရှိုးသို့ ဝင်ရောက်လာကြစဉ်။(ဓာတ်ပုံ - ပေးပို့)
ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့စာတန်းပါ တရုတ်အဖွဲ့ယာဉ်များဧပြီ ၂၀ရက်နေ့က လားရှိုးသို့ ဝင်ရောက်လာကြစဉ်။(ဓာတ်ပုံ – ပေးပို့)

မြို့ပေါ်မှပျောက်ကွယ်သွားသည့် ကိုးကန့်တပ်များသည် လားရှိုးနယ်နိမိတ်အတွင်းရှိ ကျေးရွာများတွင် တပ်စခန်းအသစ်များ ဆောက်လုပ်နေသည်ဟု သိရသည်။

စစ်တပ်သည် မြို့မြောက်ဘက်ရှိ အေတီတံတား၊ အနောက်ဘက်ရှိ အီနိုင်းတံတား၊ တောင်ဘက်ရှိ မန်ဟန်ရွာကို ကျော်လွန်ပြီးတပ်စွဲခွင့်မရှိဟုသိရသည်။ ထိုနယ်နိမိတ်လွန်ပါက ကိုးကန့်တပ်များကိုမြင်ရသည်ဟု ဒေသခံတို့ကပြောသည်။

“စစ်တပ်က အေဒီတံတားထိပ်မှာ ဂိတ်ပြန်ထိုင်နေပြီ။ ဟိုဘက်မှာက ကိုးကန့်ဂိတ်ရှိတယ်။ ပြီးတော့ မြို့အဝင်ဘက်မှာလည်း ဂိတ်ပြန်ထိုင်တယ်ကြားတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးကပြောသည်။

စစ်တပ်သည်  မြို့အဝင်ဂိတ်များတွင် ကင်းစခန်းများချကာ ခံကတုပ် ဘန်ကာအသစ်များဆောက်လုပ်နေသည်ဟုလည်း သိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘာဆက်ဖြစ်သွားလဲ

စစ်တပ်ထောက်ခံသူများကတော့ တရုတ်ကိုစည်းရုံးနိုင်ခဲ့သည့် စစ်ကောင်စီ၏သံခင်းတမန်ခင်းစွမ်းရည်ကြောင့် သေနတ်တချက်မှမဖောက်ရဘဲ လားရှိုးကိုပြန်သိမ်းနိုင်သည်ဟု ဝင့်ကြွားခဲ့ကြသည်။ 

သို့သော်လားရှိုးမြို့နှင့်အတူ ရန်သူ့လက်ထဲကျသွားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အကြောင်းတော့ စစ်တပ်ဘက်က တစုံတရာထုတ်ပြောခြင်းမရှိသေးပါ။

“နေဝန်းနီ” ဟုစစ်တပ်ကတင်စားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် နှစ် ၈၀ နီးပါးသက်တမ်းရှိသည့် မြန်မာစစ်တပ်သမိုင်းတလျှောက် ရန်သူ့ထံပထမဆုံး လက်နက်ချအညံ့ခံခဲ့ရသည့် တိုင်းစစ်ဌာနချုပ်ဖြစ်သည်။


ပုံစာ- ၂၀၂၄ ဩဂုတ် ၃ ရက်က လားရှိုးမြို့ကို သိမ်းပိုက်ပြီးစဉ်က တွေ့ရသော MNDAA နှင့်မဟာမိတ်များ။ (ဓာတ်ပုံ- The Kokang)

ထိုတိုင်းစစ်ဌာနချုပ်ကို ကွန်မြူနစ်များနှင့် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားချိန် လွန်ခဲ့သော ၅၂ နှစ်၊ ၁၉၇၂ တွင် မြန်မာစစ်တပ်က စတင်ဖွဲ့စည်းခဲ့သည်။ လားရှိုးတွင်အခြေစိုက်သည့် စစ်ဌာနချုပ်သည် ၁၉၈၀ နှောင်းပိုင်း ကာလများတွင် အရေးနိမ့်ပျောက်ကွယ်သွားသော ကွန်မြူနစ်တပ်များ၊ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်ရှိ လူမျိုးစုလက်နက်ကိုင်များကို သိမ်းသွင်းခြင်း၊ တိုက်ခိုက်ချေမှုန်းခြင်းတို့ကို အဓိကတာဝန်ယူရသည်။

ပြီးခဲ့သည့်နှစ်သြဂုတ်လက MNDAA တပ်များထံ လက်နက်ချခဲ့ပြီးနောက် စစ်ကောင်စီသည် တိုင်းမှူးအသစ်ခန့်ကာ လားရှိုးနှင့်မိုင် ၄၀ ခန့်ဝေးသည့် မိုင်းရယ်မြို့ငယ်လေးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည်ဖွဲ့စည်း ခဲ့သည်။ တိုင်းမှူးအသစ်မှာ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းဟု အာဏာဖီဆန် ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့်  စစ်ဗိုလ်များကပြောသည်။

လားရှိုးကိုပြန်ရသည့်တိုင် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်သန်းရွှေတို့ အာဏာချုပ်ကိုင်စဉ်ကာလများလို နိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်မှ လူမျိုးစုလက်နက်ကိုင်များကို သြဇာလွှမ်းမိုးနိုင်ရန် မလွယ်ကူသေးပါ။    

လားရှိုးတွင်ခြေချနိုင်သည့်တိုင် စစ်ကောင်စီအတွက်တော့ လားရှိုးကရန်သူဝိုင်းနေသည့်မြို့ဖြစ်နေသည်။ 

ကိုးကန့်တပ် MNDAA တို့သည် မြို့အရှေ့ဘက်မှ ကွမ်းလုံ၊ မြောက်ဘက်မှ သိန္နီ၊ တအာင်းတပ် TNLA သည် အနောက်ဘက်မှ သီပေါ၊နမ္မတူ၊ တောင်ဘက်မှ ကျောက်မဲမြို့များကို ထိန်းချုပ်ထားသည်။ စစ်တပ်အတွက် တောင်ဘက် မိုင်းရယ် နှင့်အရှေ့တောင်ဘက်မှ တန့်ယန်းမြို့များသာ လားရှိုးကိုအဝင်အထွက်လုပ်နိုင်သည်။ 

လားရှိုးမြို့ခံတွေ ဘာဆက်ဖြစ်နိုင်သလဲ

“…စပ်ကူးမတ်ကူးဆိုတော့ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိဖြစ်နေတယ်” ဟု အသက်(၆၀)ကျော်အရွယ် မြို့ခံအမျိုးသားက ပြောသည်။

အမှန်တကယ်တွင်လည်း လားရှိုးဒေသခံတို့၏ အနာဂတ်ကထိုအမျိုးသားပြောသည့်အတိုင်းဖြစ်နေသည်။ 

စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်၏အကူအညီဖြင့်  “MNDAA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်တယ််” ဟု နေပြည်တော်တွင် မတ်လ ၂၇ ရက်နေ့ကပြုလုပ်သည့် တပ်မတော်နေ့အပြီး သတင်းထောက်အချို့ကို ထုတ်ပြောသည်။

သို့သော် လက်နက်ကိုင်နှစ်ဖွဲ့အကြား သဘောတူညီမှုက မည်သည့်အချက်များဖြစ်သည်ကိုတော့ စစ်ကောင်စီ၊ ကိုးကန့်တပ်နှင့် တရုတ်တို့က လျှို့ဝှက်ထားဆဲဖြစ်သည်။ လျှို့ဝှက်ချက်များကို မသိနိုင်သည့်တိုင် သေချာသည်က မြို့ခံအချို့သည် အနာဂတ်တွင် အန္တရာယ်များသည့်အခြေအနေနှင့်ရင်ဆိုင်ရနိုင်သည်။

စစ်ကောင်စီသည် ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်များဖြစ်သည့် တအာင်းတပ် TNLA၊ ရခိုင်တပ် AA တို့ကို ၂၀၂၄ စက်တင်ဘာ ၂ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့စာရင်းသွင်းထားသည်။ ထိုသတ်မှတ်ချက်အရ ကိုးကန့်တပ်နှင့် လက်တွဲခဲ့ကြသည့် လားရှိုးမြို့ခံများကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေသုံးကာ နှစ်ရှည်ထောင်ဒဏ်များချမှတ်နိုင်သည်။ကိုးကန့်တပ်ကိုထောက်ပံ့သည်ဟု စွပ်စွဲခံရသူများ၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက သိမ်းဆည်းနိုင်သည်။

ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့အုပ်ချုပ်ခွင့်ရသည့် မြို့လူဦးရေ၏ ထက်ဝက်ထဲမှ အသက်ပြည့်သူများကို စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်အဖြစ် စုဆောင်းနိုင်ခွင့်လည်းရှိနေသည်။ ဌာနချုပ်မရှိတော့သော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပုံမှန်လည်ပတ်နေရန်စစ်တပ်ကပြင်ဆင်နေပြီး ထိုတိုင်းစစ်ဌာနချုပ်ဦးဆောင်ပြီး အရပ်သားများကိုစစ်သင်တန်းပေးသည့် စစ်မှုထမ်းသင်တန်းများ ဆက်လက်ဖွင့်လှစ်နေသည်။ 

တရုတ်ထောက်ခံတဲ့ စစ်ကောင်စီရွေးကောက်ပွဲနှင့် လားရှိုးအနာဂတ်

လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရန် တရုတ်ကMNDAA ကို ဖိအားပေးခဲ့ခြင်းက စစ်ကောင်စီက ယခုနှစ်ပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို အထောက်အကူဖြစ်ရန်ဆိုသည့် တွက်ဆမှုများလည်း ရှိနေသည်။ တရုတ်အစိုးရသည် စစ်ကောင်စီ၏ရွေးကောက်ပွဲကို ထောက်ခံပြီး အကူအညီပေးမည်ဟု အတိအလင်းကြေညာထားသည်။

စစ်တပ်သည် လားရှိုးတွင်ရွေးကောက်ပွဲလုပ်မည်ဆိုပါက သန်းကောင်စာရင်းကောက်ရန် လိုအပ်သည်။ မဲစာရင်းအတွက် ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီကောက်ယူခဲ့သည့် သန်းကောင်စာရင်းတွင် လားရှိုးခရိုင်တစ်ခုလုံးကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ချန်လှပ်ခဲ့ရသည်။ ၈ လခန့်သာကျန်တော့သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအချိန်ဇယားအရ စစ်တပ်သည်လားရှိုးတွင် သန်းကောင်စာရင်းပြန်ကောက်ရန် အတွက်အပစ်ရပ် ကတိကဝတ်လိုနေသည်။

ကိုးကန့်အတွက်လည်း ၁၀၂၇ စစ်ဆင်ရေးဖြင့် ၎င်းတို့သိမ်းပိုက်ထားသည့်နယ်မြေများကို စစ်ကောင်စီက တရားဝင်အသိအမှတ်ပြုရန်အတွက် ရွေးကောက်ပွဲကို ဖြတ်သန်းရန်လိုအပ်နေသည်။ 

စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကိုင်စွဲထားပြီး ထိုဥပဒေအရ ကိုးကန့်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပိုင်နက်မှာ တရုတ်နယ်စပ်မှ ကုန်းကြမ်းနှင့်လောက်ကိုင်မြို့သာပါဝင်သည်။ ကိုးကန့်တပ်များသည် လောက်ကိုင်မှ မိုင် ၈၀ ကျော်ဝေးသည့် လားရှိုးအထိခြေချထားနိုင်ပြီး တရုတ်နယ်စပ်နှင့် လားရှိုးကြား၊ မုံးကိုး၊ ကြူကုတ်၊ ကွမ်းလုံနှင့် သိန္နီ စသည့်မြို့များကို သိမ်းပိုက်ထားသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်တပ်များ၏ပိုင်နက်ကို ချဲ့ထွင်မှုကို သေချာစေရန် ရွေးကောက်ပွဲမှ တက်လာသည့် လွှတ်တော်၏ အတည်ပြုချက်တစ်ခုလိုအပ်နေသည်။ ထို့အပြင်လောက်ကိုင်တွင်ရုံးထိုင်သည့် ကိုးကန့်အုပ်ချုပ်ရေးမှူးက မည်သူမည်ဝါဖြစ်မည်ဆိုသည်ကိုလည်း ရွေးကောက်ပွဲမှ တက်လာသည့် သမ္မတကသာ အဆုံးအဖြတ်ပေးနိုင်သည်။

ကိုးကန့်ဒေသတွင်အုပ်ချုပ်သူသစ်ကို ရွေးချယ်ရန်အတွက် လူများများစားစားမရှိတော့။ ဗိုလ်ချုပ်သန်းရွှေလက်ထက်မှ စစ်ကောင်စီလက်ထက်အထိ ကိုးကန့်ဒေသကို အုပ်စိုးသည့် မိသားစုများကို ကျားဖြန့်အမှုများဖြင့် စစ်ကောင်စီကတရုတ်လက်ထဲ လွှဲပြောင်းပေးထားသည်။

၂၀၀၉ မှ ၂၀၂၃ အထိ ကိုးကန့်ဒေသကို အုပ်စိုးခဲ့သည့် စစ်ကောင်စီသြဇာခံ ကိုးကန့်ခေါင်းဆောင်များကို ကျားဖြန့်သံသယဖြင့် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်ဘက်သို့ ဖမ်းပြီးပို့ခဲ့သည် (ဓာတ်ပုံ - ဆင်ဟွာ)
၂၀၀၉ မှ ၂၀၂၃ အထိ ကိုးကန့်ဒေသကို အုပ်စိုးခဲ့သည့် စစ်ကောင်စီသြဇာခံ ကိုးကန့်ခေါင်းဆောင်များကို ကျားဖြန့်သံသယဖြင့် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်ဘက်သို့ ဖမ်းပြီးပို့ခဲ့သည် (ဓာတ်ပုံ – ဆင်ဟွာ)

စစ်ကောင်စီ၏ရွေးကောက်ပွဲမှတက်လာသည့် အစိုးရက ကိုးကန့်တပ် MNDAA ကို ဒေသဆိုင်ရာအုပ်ချုပ်သူအဖြစ် အသိအမှတ်ပြုလိုက်ပါက MNDAA သည်လည်း တရားဝင်ကိုးကန့်အစိုးရအဖြစ်စာရင်းပေါက်မည်ဖြစ်ပြီး လောက်ကိုင်နှင့်တဖက်ခြမ်းမှ တရုတ်အစိုးရနှင့်လည်း တရားဝင်ဆက်ဆံရေးထူထောင်နိုင်မည်ဖြစ်သည်။

တရုတ်ဝေခြမ်းပေးသည့် လားရှိုးအုပ်ချုပ်ရေးအကြောင်းက စစ်ကောင်စီကိုရော MNDAA ကိုပါ အကျိုးရှိလာနိုင်သည်။ 

လားရှိုးမြို့ဝေခြမ်းရေးအတွက် စစ်ကောင်စီနှင့်ကိုးကန့်တပ်များသည် တရုတ်အစိုးရကိုကျေးဇူးတင်ကြသည်ဟု တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၂ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

Related Articles

Back to top button