စုံစမ်းဖော်ထုတ်ရေးသားမှု

ကိုရီးယားသွားလိုသည့် လူငယ်များကို ပစ်မှတ်ထားပြီး ကြံ့ခိုင်ရေးပါတီငွေရှာနေ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ဆိုးရွားလာသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့် နိုင်ငံခြားထွက်ခွာ၍ အလုပ်လုပ်ကိုင်လိုသူတချို့ကို ကိုရီးယားနိုင်ငံသို့ စေလွှတ်မည်ဆိုကာ ငွေကြေးကောက်ခံပြီး လုပ်သားများ ကြိုတင်စုဆောင်းခြင်းဖြင့် ကြံ့ခိုင်ရေးပါတီက ငွေရှာခဲ့သည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ဆိုးရွားလာသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကြောင့် ပြည်ပထွက်ခွာပြီး အလုပ်လုပ်ကိုင်လိုသူတချို့ကို ကိုရီးယားနိုင်ငံသို့ ပို့ပေးမည်ဟုဆိုကာ ငွေကြေးကောက်ခံပြီး လုပ်သားများ ကြိုတင်စုဆောင်းရာတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းတာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည်ကို Myanmar Now က စုံစမ်းသိရှိရသည်။

ကြံ့ခိုင်ရေးပါတီနှင့် အလုပ်သမားအေဂျင်စီတချို့က ကိုရီးယားသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူ တစ်ဦးလျှင် ငွေကျပ်သိန်း ဆယ်ဂဏန်းအထိ တောင်းခံ၍ ပြီးခဲ့သည့်နှစ် ဩဂုတ်လကစတင်ကာ လုပ်သားများ ကြိုတင်စုဆောင်းခဲ့ကြသည်။ သို့သော် ကိုရီးယားနိုင်ငံက ခေါ်ယူသည့် ရာသီချိန်လုပ်သားများတွင် မြန်မာနိုင်ငံသားများမပါဝင်ခြင်းကြောင့် ငွေကြေးဆုံးရှုံးမည့် အခြေဆိုက်နေသည်။

ကြံ့ခိုင်ရေးပါတီက ဦးဆောင်ကာ လျှောက်လွှာများ ရောင်းချခြင်း၊ ဆေးစစ်ပေးခြင်း၊ ကိုရီးယားဘာသာစကား အခြေခံနှင့် လုပ်ငန်းကျွမ်းကျင်သင်တန်းများ ပို့ချပေးခြင်းတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၅ သိန်းမှ ကျပ်သိန်း ၂၀ အထိ ကုန်ကျကြောင်း အလုပ်လျှောက်ထားခဲ့ကြသည့် ကာယကံရှင်များက ပြောသည်။

နေပြည်တော်နှင့် ရန်ကုန်တွင် ပို့ချခဲ့သော ကိုရီးယားနိုင်ငံ ရာသီချိန်အလုပ်သမားသင်တန်း တက်ရောက်ပြီးစီးသူ ဦးရေ သောင်းနှင့်ချီ ရှိသလို လက်ရှိအချိန်ထိလည်း ငွေကုန်ကြေးကျခံကာ သင်တန်းတက်ရောက်နေသူ ရာနှင့်ချီ ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အလုပ်လုပ်ကိုင်လိုသူများကို တောင်ကိုရီးယားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ရာသီချိန်လုပ်သား (Seasonal Workers) များအဖြစ် စေလွှတ်ရန် တောင်ကိုရီးယားနှင့် မြန်မာ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးရန် ညှိနှိုင်းနေသည်၊ ၂၀၂၄ နှစ်ဆန်းပိုင်းတွင် စေလွှတ်ဖွယ်ရှိကြောင်း စစ်တပ်ထိန်းချုပ်ထားသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ၂၀၂၃ နှစ်လယ်ပိုင်းက ထုတ်လွှင့်ခဲ့သည်။

ထိုအခြေအနေကို အခွင့်ကောင်းယူလျက် ကြံ့ခိုင်ရေးပါတီနှင့် အလုပ်သမားအေဂျင်စီတချို့က အလုပ်သမားစေလွှတ်မည်ဆိုကာ ငွေကြေးကောက်ခံ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ သို့သော် ပြီးခဲ့သည့်လအတွင်း ကိုရီးယားအစိုးရက ‘ရာသီချိန်လုပ်သား’ ခေါ်ယူသည့် နိုင်ငံများတွင် မြန်မာ ပါဝင်လာခြင်း မရှိ၍ စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားများအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်။

ရာသီချိန်လုပ်သားအဖြစ် ကိုရီးယားသို့ စေလွှတ်မည့် အစီအစဉ်ကို ကြံ့ခိုင်ရေးပါတီရုံးတွင် ဘူးလက်လှဆွေ ရှင်းပြနေစဉ်။

မြန်မာနိုင်ငံသားများကို ကိုရီးယားအစိုးရက ရာသီချိန်လုပ်သားအဖြစ် ခေါ်ယူရေးမှာ ယခုချိန်ထိ တိတိပပ အဖြေမရှိသေးကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now ကို အတည်ပြု ပြောသည်။

“Seasonal Workers (ရာသီချိန်လုပ်သား) က ညှိတုန်းပါပဲခင်ဗျ။ သူတို့ (ကြံ့ခိုင်ရေးပါတီနှင့် အလုပ်သမားအေဂျင်စီများ) ဘက်က Demand (တောင်းဆိုမှု) တွေ တင်ပြထားတာ ရှိတယ်။ အဲ့ဒါလေးတွေ ကိုရီးယားဘက်ကို ပေးပို့ပြီးတော့ ညှိနှိုင်းနေတာလေးတွေ ရှိပါတယ်ဗျ။ အဖြေကတော့ သေချာပြောလို့ မရသေးပါဘူး” ဟု အလုပ်သမားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဖေဖော်ဝါရီ ၈ တွင် ပြောသည်။

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား စေလွှတ်ရန် အွန်လိုင်းမှသော်လည်းကောင်း၊ မြေပြင်မှသော်လည်းကောင်း ကြော်ငြာနေမှုများသည် မိမိတို့အစိုးရနှင့် သက်ဆိုင်မှု မရှိဟု ရန်ကုန်ရှိ ကိုရီးယားသံရုံးက ထုတ်ပြန်ထားသည်။

ခိုင်လုံသော သက်သေမရှိဘဲ ကိုရီးယားအစိုးရ၏ ရပ်တည်ချက်ကို ကိုယ်စားပြု ကြေညာသည့် အပြုအမူများကို အထူးသတိပေးကြောင်း သံရုံးက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာနှင့် ဒီဇင်ဘာလအတွင်း ၂ ကြိမ်တိတိ ကြေညာချက် ထုတ်ပြန်ထားသည်။

အေဂျင်စီလိုင်စင် မရှိဘဲ လူစုဆောင်းခြင်း၊ တရားဝင်လုပ်သားခေါ်စာ မရှိသေးချိန်တွင် လူစုဆောင်းခြင်းတို့သည် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့် ငြိစွန်းနေသည်ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ခံအမျိုးသမီးက ပြောသည်။

“လိုင်စင်မရှိဘဲ လူစုဆောင်းဖို့ မပြောနဲ့၊ လိုင်စင်ရှိတဲ့သူတောင် ခေါ်စာမရှိဘဲ လူစုလို့မရဘူး။ ပြီးတော့ ရာသီချိန်လုပ်သားက ကျွန်မတို့နိုင်ငံကို မခေါ်သေးဘူး။ MOU လည်း မထိုးရသေးဘဲ လူစုဆောင်းတာက လိမ်နေတာပဲ” ဟု ထိုအမျိုးသမီးက ဆိုသည်။

ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ ၂၆ တွင် မည်သူမဆို အကျိုးဆောင်လိုင်စင် မရှိဘဲ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၇ နှစ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

တောင်ကိုရီးယားနိုင်ငံရှိ နိုင်ငံသားများသည် မြို့ပြများတွင် အများစုအခြေပြုနေထိုင်လာသောကြောင့် ကျေးလက်ဒေသများရှိ အလုပ်အကိုင်များနှင့် ကာယကို အသုံးပြုရသည့် လုပ်ငန်းခွင်များတွင် ဆင်းရဲသည့် နိုင်ငံများက လုပ်သားများကို အများအပြားသုံးစွဲနေသည်။ တောင်ကိုရီးယားရောက် မြန်မာအများစုသည် ကုန်ထုတ်စက်ရုံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကြရသည်။

မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှနိုင်ငံများမှ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသူ လေးသိန်းနီးပါးခန့်ရှိပြီး ၎င်းတို့သည် ကိုရီးယားအလုပ်ရှင်များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများနှင့် ကိုရီးယားလူ့အဖွဲ့အစည်း၏ ကြဉ်ဖယ်ခြင်းတို့ကို ခံနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများရှိသော်လည်း မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှု၊ စစ်အုပ်ချုပ်ရေးကြောင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတို့ကြောင့် လူငယ်လူရွယ်များသည် ထိုင်း၊ မလေးရှား၊ ကိုရီးယားနိုင်ငံများသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာရန် ကြိုးပမ်းနေကြသည်။

အလုပ်သမားများ စုစည်းထားသည့် လူမှုကွန်ရက်ပါ ဖော်ပြချက်။

ကြံ့ခိုင်ရေးပါတီ၏ ရာသီချိန်လုပ်သား စုဆောင်းပုံ

စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီသည် တောင်ကိုရီးယားသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် ၂၀၂၃ ဩဂုတ်လကစတင်၍ လူစုဆောင်းခဲ့သည်။ ထိုဆောင်ရွက်ချက်များကို ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော်ဥက္ကဋ္ဌဖြစ်သူ ဘူးလက်လှဆွေက ဦးဆောင်ခဲ့သည်။

တစ်လလျှင် လစာ ကျပ်သိန်း ၄၀ ရရှိမည်ဟု ကြံ့ခိုင်ရေးပါတီက မက်လုံးပေးကာ လုပ်သားစုဆောင်းခဲ့ခြင်း ဖြစ်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အဆင့်ဆင့်သော ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူများက စိတ်ပါဝင်စားသူများကို နေပြည်တော်သို့ တာဝန်ခံခေါ်ယူစေပြီး နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုစေခဲ့သည်။ ထို့နောက် ဧည့်ရိပ်သာနှင့် ကပ်လျက်ရှိသော ရွှေကြာပင်ရပ်ကွက်ရှိ ဇဗ္ဗူသီရိမြို့နယ် ပါတီရုံးတွင် လျှောက်လွှာများရောင်းချခြင်း၊ ဆေးစစ်ခြင်းနှင့် ၅ ရက်ကြာ သင်တန်းပေးခြင်းတို့ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။

လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်သောင်းခွဲဖြင့် ရောင်းချပြီး နေပြည်တော် စည်ပင်ဧည့်ရိပ်သာအနီးရှိ ဇဗ္ဗူသီရိမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးတွင် လျှောက်လွှာတင်ရသည်။ ဆေးစစ်ခအဖြစ် ကျပ် ၇၅,၀၀၀ ပေးသွင်းရသည်။

ထို့နောက် ကျပ်ငွေ ၃၂၀၀၀၀ (သုံးသိန်းနှစ်သောင်း) ပေးသွင်းကာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ရွာတွင် ဖွင့်လှစ်ထားသော ‘ရာသီချိန်လုပ်သားများ လေ့ကျင့်ရေး၊ သင်ကြားရေးနှင့် ကွပ်ကဲရေးစင်တာ’ တွင် ၅ ရက်ကြာ သင်တန်းတက်ရောက်ရသည်။

သင်တန်းအပတ်စဉ် တစ်ခုလျှင် လူဦးရေ ၄၀၀ အထိ ပါဝင်ပြီး သင်တန်းပြီးဆုံးပါက အခြေခံဘာသာစကား အသိမှတ်ပြုလက်မှတ်နှင့် ဝန်ထမ်း ID ကတ်တစ်ခု ထုတ်ပေးသည်။

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်လိုကြောင်း ကြံ့ခိုင်ရေးပါတီသို့ လျှောက်ထားသူ ၈၀၀၀ မှ ၁၀၀၀၀ ကြားတွင် ရှိကြောင်း နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီမှ မြို့နယ်အဆင့်တာဝန်ရှိသူတစ်ဦးနှင့် ရာသီချိန်လုပ်သားအဖြစ် လျှောက်ထားသူများထံမှ သိရသည်။

“ဒီဘက်ခြမ်းက ကမ်းလှမ်းထားတယ်၊ မင်းတို့ ပိုက်ဆံပေးထား၊ ဖောင်တွေ လာတင်ထားကြ၊ အကယ်၍ ကမ်းလှမ်းထားတာ အောင်မြင်တယ်ဆိုရင် သွားရမယ်၊ မအောင်မြင်ရင်စောင့်၊ အောင်မြင်တဲ့အထိ စောင့်ဆိုတဲ့သဘော” ဟု ကြံ့ခိုင်ရေးပါတီနှင့် ချိတ်ဆက်ပြီး ကိုရီးယားဘာသာစကား သင်ကြားပေးနေသူတစ်ဦးက ပြောသည်။

ရာသီချိန်လုပ်သား စေလွှတ်ရန် နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ကြံ့ခိုင်ရေးပါတီက လူတွေ့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ပါတီတာဝန်ရှိသူများ၏ ခေါင်းပုံဖြတ်မှု

ရာသီချိန်လုပ်သားအဖြစ် လျှောက်ထားသူများထဲတွင် ရန်ကုန်တိုင်းမှ အများဆုံးဖြစ်ပြီး မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် အခြားသော တိုင်းနှင့်ပြည်နယ်တို့မှလည်း ပါဝင်သည်ဟု သိရသည်။

နိုင်ငံအနှံ့မှ အဆင့်ဆင့်သော ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူများက မြို့နယ်အလိုက် လူစုဆောင်းပြီး အခကြေးငွေ ငါးသိန်းယူ၍ နေပြည်တော်သို့ ပို့ဆောင်ပေးသည်။ နိုင်ငံကူးလက်မှတ်၊ ဆေးစစ်ခနှင့် လျှောက်လွှာကြေးတို့ကို ကျပ်သိန်း ဆယ်ဂဏန်းအထိ တောင်းခံမှုများ ရှိသည်ဟု ကြံ့ခိုင်ရေးပါတီမှ မြို့နယ်အဆင့်တာဝန်ရှိသူနှင့် သင်တန်းတက်ရောက်ခဲ့သူတို့က ဆိုသည်။

“သင်တန်းမှာ စကားပြောတော့ အချို့ဆို သိန်း ၃၀ ကနေ သိန်း ၆၀ ထိ ကုန်တဲ့သူတွေရှိနေပြီ။ ဘာမှ နားမလည်တော့ သူများပြောတိုင်း လိုက်လုပ်တာပေါ့။ အချို့ဆို လင်မယားနှစ်ယောက် အိမ်ပေါင်၊ ခြံရောင်းပြီး လုပ်ကြတဲ့သူတွေလည်း တွေ့တယ်” ဟု ရာသီချိန်လုပ်သားဖြစ်သင်တန်းရောက်ခဲ့သူ အမျိုးသားက ပြောပြသည်။

“လျှောက်တဲ့သူများတာကနေ ပြဿနာက စလာတာပဲ၊ လျှောက်လွှာတွေကို ဈေးတင်ရောင်းတယ်၊ ကြိုတင်ငွေကြေးတွေ ကောက်ခံတယ်၊ နီးစပ်ရာ ပါတီဝင်တွေ လုပ်ကြတာ၊ လူကြီးပိုင်းတချို့လည်း ပါတယ်တော့ ကြားတယ်“ ဟုလည်း မြို့နယ်အဆင့် ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူက ဆိုသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး နေပြည်တော် ၈ မြို့နယ်၏ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်သူ ဘူးလက်လှဆွေကို Myanmar Now က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ကြံ့ခိုင်ရေးပါတီ၏ အလုပ်သမားရေးရာကော်မတီတာဝန်ခံဖြစ်သူ မင်းကင်းမောင်မြင့်ကမူ “ကျွန်တော်က အလုပ်သမားကော်မတီမှာတော့ လုပ်နေတာ။ ဒါပေမဲ့ ကိုရီးယားရာသီချိန်လုပ်သားဟာက ကျွန်တော် မလုပ်ဘူး၊ ကျွန်တော်မလုပ်ဘူး။ အဲ့ဒါတော့ သေချာပါတယ်။ အဲ့ဒီတော့ ကျွန်တော့်မှာ ပြောစရာ တခြားမရှိပါဘူး” ဟု တယ်လီဖုန်းမှတစ်ဆင့် တုံ့ပြန်သည်။

ရာသီချိန်လုပ်သားစုဆောင်းမှု နောက်ဆက်တွဲအဖြစ် ငွေကြေးအရှုပ်အရှင်းများကြောင့် ကြံ့ခိုင်ရေးပါတီအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က ဘူးလက်လှဆွေကို ခေါ်ယူစစ်ဆေးမှုများ ရှိကြောင်း ပါတီနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ကြံ့ခိုင်ရေးပါတီ အမာခံထောက်ခံသူများပင် ငွေလိမ်ခံရ၍ ထိုအခြေအနေနှင့်ပတ်သက်ပြီး အချေအတင် အချင်းများမှုများပင် ရှိကြောင်း ပါတီနှင့် နီးစပ်သူများက ပြောသည်။

ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဘူးလက်လှဆွေ

ရာသီချိန်လုပ်သား ဆိုတာ ဘာလဲ

E8 ဗီဇာဟု အတိုကောက်ခေါ်သည့် ရာသီချိန်လုပ်သားဆိုသည်မှာ ၈ လ အလုပ်လုပ်၊ ၄ လနား စနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်းဖြစ်သည်။ ကိုရီးယားနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက ခေါ်ယူသည်။

ကာလတိုလုပ်ကိုင်ရပြီး လစာငွေ ကျပ်သိန်းဆယ်ဂဏန်း ရရှိနိုင်သည့် ကိုရီးယားနိုင်ငံမှ ခေါ်ယူသော ရာသီချိန်လုပ်သားအတွက် ပညာအရည်အချင်းကန့်သတ်ချက် မရှိသလို ကျား/မ အားလုံး သွားရောက် လုပ်ကိုင်နိုင်သည်။

တောင်ကိုရီးယားနိုင်ငံ၏ ရာသီချိန်လုပ်သားခေါ်ယူမှုသည် သက်ဆိုင်ရာ ပြည်နယ်အစိုးရအချင်းချင်း တိုက်ရိုက်ခွင့်ပြုချက်ဖြင့် ချထားပေးသည်။ ထိုအခြေအနေတွင် ကြံ့ခိုင်ရေးပါတီက အာဏာသိမ်းစစ်ကောင်စီကို အမှီပြု၍ ရာသီချိန်လုပ်သား စေလွှတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

“ရာသီချိန်လုပ်သားက ညှိနေတုန်းပဲ၊ MOU မထိုးရသေးဘူး။ အဲ့ဒါကို အေဂျင်စီနဲ့ ပါတီကြီး (ကြံ့ခိုင်ရေးပါတီ) က ၂၀၂၄ မှာ ခွင့်ပြုမှာဆိုပြီး ကြိုပြီးလုပ်ကြတာ။ အဲ့မှာ လူစိတ်ဝင်စားမှု အရမ်းမြင့်တက်လာတော့ လိမ်တဲ့ အေဂျင်စီတွေ ပေါ်လာတာပဲ။ အေဂျင်စီတွေက ပိုက်ဆံလိုချင်လို့ လိမ်တာ။ ဟိုပါတီကြီးကတော့ ပါတီနာမည်တက်ချင်တာနဲ့ နိုင်ငံရေးနာမည် လိုချင်လို့ လူကြိုစုဆောင်းတာပေါ့” ဟု အလုပ်သမားဝန်ကြီးဌာနမှ လုံခြုံရေးအရ အမည်မဖော်လိုသူ အရာရှိအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ အလုပ်သမားဗီဇာ အမျိုးအစား ၂ ခုဖြင့် စေလွှတ်နေသည်။ ပထမအမျိုးအစားမှာ E9 ဗီဇာဟုခေါ်သော နှစ်နိုင်ငံအစိုးရသဘောတူစာချုပ် လက်မှတ်ရေးထိုးကာ စေလွှတ်ခြင်း ဖြစ်သည်။ အမျိုးသားများသာ သွားခွင့်ရှိသော အဆိုပါ E9 ဗီဇာအတွက် ပုဂ္ဂလိကအလုပ်အကိုင်အေဂျင်စီများ လုပ်ပိုင်ခွင့် မရှိပါ။

နောက်ထပ်တစ်မျိုးမှာ E7 ဗီဇာအမျိုးအစား ဖြစ်သည်။ ကိုရီးယားနိုင်ငံ သင်္ဘောကျင်းများတွင် လိုအပ်သော ဂဟေလုပ်သား၊ လျှပ်စစ်သွယ်တန်းရေးနှင့် ဆေးသုတ် စသဖြင့် အတတ်ပညာကို အခြေခံပြီး စေလွှတ်ခြင်း ဖြစ်သည်။

SWTCC ဘာတွေလုပ်နေသလဲ

ကြံ့ခိုင်ရေးပါတီနှင့် အလုပ်သမားအေဂျင်စီတချို့သည် စုဆောင်းရရှိလာသည့် ရာသီချိန်လုပ်သား ဖြစ်လိုသူများကို ‘ရာသီချိန်လုပ်သားများ လေ့ကျင့်ရေး၊ သင်ကြားရေးနှင့် ကွပ်ကဲရေးစင်တာ’ Seasonal Workers Training & Care Center(SWTCC) တွင် သင်တန်းတက်စေသည်။

SWTCC စင်တာသည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ရွာတွင် တည်ရှိသည်။ အဆိုပါ စင်တာတွင် ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌအဖြစ် ဦးလှဝင်းရွှေတို့က တာဝန်ယူထားကြောင်း SWTCC ၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

SWTCC စင်တာတွင် ပါဝင်ပတ်သက်သူများအကြောင်းနှင့် သင်တန်းပို့ချမှုအခြေအနေများကို သိရှိနိုင်ရန် ဝက်ဆိုက်တွင် ဖော်ပြထားသော တယ်လီဖုန်း ၃ လုံးကို ဆက်သွယ်ရာတွင် တစ်လုံးမျှ အဆက်အသွယ်မရပေ။

ကိုရီးယားနိုင်ငံက ရာသီချိန်လုပ်သား ခေါ်ယူရန် ရေရာသေချာမှု တိတိပပ မရှိသေးသော်လည်း စစ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း အထွေထွေအကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသဖြင့် သောင်းနှင့်ချီသည့် အလုပ်သမားများ ကိုရီးယားသို့ ရာသီချိန်လုပ်သားအဖြစ် သွားရောက်အလုပ်လုပ်ခွင့်ရရန် မျှော်လင့်ချက်ကိုယ်စီဖြင့် စောင့်ဆိုင်းနေကြသည်။

“ခုလျှောက်ထားတဲ့သူတွေက အသံမထွက်ရဲကြသေးဘူး။ ခေါ်စာ မရောက်သေးလို့ စောင့်နေရတာလို့ပဲ နားလည်ထားတာ” ဟု နေပြည်တော်မှ အလုပ်လျှောက်ထားသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ရွာတွင် ဖွင့်လှစ်ထားသော ရာသီချိန်လုပ်သားများ လေ့ကျင့်ရေး၊ သင်ကြားရေးနှင့် ကွပ်ကဲရေးစင်တာတွင် သင်တန်းပို့ချနေစဉ် (ဓာတ်ပုံ- SWTCC)

ကိုရီးယားတွင် ရာသီချိန်လုပ်သားအဖြစ် သွားရောက် အလုပ်လုပ်ရန် ကြိုးစားသူများထဲတွင် ရန်ကုန်မြို့မှ အသက် ၃၄ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးလည်း ပါဝင်သည်။ မိတ်ဆွေတစ်ဦး၏ ချိတ်ဆက်မှုဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း မြောက်ဒဂုံမြို့နယ်ရှိ ပွဲစားတစ်ဦး၏ နေအိမ်တွင် လျှောက်လွှာဖြည့်ကာ စုစုပေါင်း ငွေကျပ်သိန်း ၂၀ ပေးသွင်းခဲ့ရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

အဆိုပါ ပွဲစားမှာ ကြံ့ခိုင်ရေးပါတီ၊ စစ်တပ်နှင့် ပါဝင်ပတ်သက်သူဟု ၎င်းက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

မြေနီကုန်းနှင့် ရွှေပေါက္ကံတို့တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းက သင်တန်းတက်ခဲ့ရသော်လည်း ယခုအခါ ကိုရီးယားနိုင်ငံ၏ ရာသီချိန်လုပ်သားခေါ်ယူမှုတွင် မြန်မာနိုင်ငံ မပါသဖြင့် ၎င်းပေးသွင်းထားသည့် ငွေကို ပြန်တောင်းမည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။

“အခုက သတင်းမှာ ကြားတာ မြန်မာနိုင်ငံ မပါဘူးလို့ ပါတယ်။ မပါဘူးဆိုတော့ ကျွန်တော်တို့လည်း ပိုက်ဆံပြန်တောင်းဖို့ စောင့်နေတာ။ သိန်း ၂၀ သွင်းထားတာ တစ်ဝက်လောက် ပြန်ရရင်တောင် ကံကောင်းပေါ့ဗျာ” ဟု သူက မျှော်လင့်နေသည်။

နောက်ဆုံး သိရှိရသည့် အခြေအနေမှာ တရားဝင်ခေါ်ယူခြင်းမရှိသေးဘဲ ရာသီချိန်လုပ်သား ကြိုတင်စုဆောင်းခြင်း၊ ငွေကြေးကောက်ခံခြင်းတို့အတွက် နစ်နာသူ ကာယကံရှင်များက မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်သို့ ပေးပို့ထားသည့် တိုင်စာများ ထောင်နှင့်ချီ ရောက်ရှိနေသည်၊ ထိုအထဲတွင် ကြံ့ခိုင်ရေးပါတီ၏ အလုပ်သမားလျှောက်လွှာများလည်း ပါဝင်ကြောင်း သိရှိရသည်။

Show More

Related Articles

Back to top button