သတင်း

ကိုးကန့်အုပ်ချုပ်ရေးအရာရှိ ကြံ့ခိုင်ရေးအမတ်ကို ဖယ်ရှား၊ ဗိုလ်ချုပ်တစ်ဦးဖြင့် အစားထိုး

ကြံ့ခိုင်ရေးအမတ်များ အစဉ်အဆက်ကြီးစိုးခဲ့သည့် လောက်ကိုင်ကို ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြု လိမ်လည်သည့် ဂိုဏ်းများ၏ အချက်အချာနေရာအဖြစ် တရုတ်အစိုးရက သတ်မှတ်ပြီး ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းရန် ဖိအားပေးထားသည်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်အမိန့်ဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနေရာရလာသည့် ကြံ့ခိုင်ရေးအမတ် ဦးမြင့်ဆွေကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ဆိုသူကို ယာယီအစားထိုးခန့်ထားလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၁၅) တွင် ကြေညာသည်။

ဖြုတ်ချခံလိုက်ရသည့် ဦးမြင့်ဆွေ (ခ) လီကျိန်းဖူသည် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်အမတ်ဖြစ်ကာ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် လောက်ကိုင်ဒေသကိုယ်စားပြု ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။

တရုတ်-မြန်မာနယ်စပ်ရှိ လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကို ဦးဆောင်ရန် ဦးမြင့်ဆွေ၏ နေရာတွင် စစ်ကောင်စီက အစားထိုးခန့်အပ်ခဲ့သူမှာ ကိုးကန့်အပါအဝင် ရှမ်းမြောက်ရှိ စစ်တပ်များကို ကွပ်ကဲနေသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ခဲ့သည့် ကိုးကန့်ဒေသကို မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးအမတ်များ အစဉ်အဆက် အုပ်ချုပ်ခဲ့ကြသည်။ ၎င်းတို့သည် ပြည်သူ့စစ်နှင့် နယ်ခြားစောင့် လက်နက်ကိုင်တပ်များအပေါ် သြဇာညောင်းကြသူများဖြစ်ကြသည်။

ကိုးကန့်မြို့တော် လောက်ကိုင် (ဓာတ်ပုံ – Fully Light)

ကြံ့ခိုင်ရေးအမတ်များအုပ်ချုပ်သည့် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်သည် ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြုလိမ်လည်သည့် ဂိုဏ်းများ၏ အချက်အချာနေရာအဖြစ် တရုတ်အစိုးရက သတ်မှတ်ပြီး ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းရန် ဖိအားပေးထားသည်။

လက်ရှိအချိန်အထိ ထိုဒေသမှ ကြံ့ခိုင်ရေးအမတ်နှစ်ဦးဖြစ်သည့် ဦးမြီရှောက်ချန်းနှင့် ဦးမောင်မောင်တို့ကို ကျားဖြန့်ခေါင်းဆောင်များအဖြစ် တရုတ်က စွပ်စွဲထားသည်။

ကိုးကန့်စစ်ကောင်စီသည် ရခိုင်တပ် AA၊ တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးဒဏ်ကိုလည်း အလူးအလဲခံနေရပြီး မြို့တော်လောက်ကိုင်တစ်ခုကိုသာ ထိန်းချုပ်နိုင်တော့သည်။ လောက်ကိုင်ကိုလည်း မကြာခင် ဝင်တိုက်တော့မည်ဟု ကိုးကန့်တပ် MNDAA က နိုဝင်ဘာ ၁၅ ရက်နေ့က ကြေညာထားသည်။

စစ်ရေးခြိမ်းခြောက်မှုများခံလာရပြီးနောက် ကိုးကန့်ဒေသဦးစီးအဖွဲ့ခေါင်းဆောင် ဦးမြင့်ဆွေနှင့် မိသားစုသည် စစ်ကောင်စီ၏အကူအညီဖြင့် နေပြည်တော်သို့ ရွှေ့ပြောင်းသွားသည်ဟု ဒေသခံများထံမှ သိရသည်။ ကိုးကန့်အုပ်ချုပ်ရေးပိုင်းနှင့် ငွေကြေးချမ်းသာသူများသည်လည်း ဦးမြင့်ဆွေနည်းတူ စစ်ကောင်စီ၏အကူအညီဖြင့် လောက်ကိုင်ကို စွန့်ခွာသွားကြသည်ဟုလည်း စုံစမ်းသိရှိရသည်။

လက်ရှိအချိန်တွင် လောက်ကိုင်တွင် စစ်ကောင်စီဘက်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ – လောက်ကိုင်) တပ်နှင့် ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်များ ကျန်ရှိသည်။

ဒကစ – လောက်ကိုင် လက်အောက်ခံ ခြေမြန်တပ်ရင်း အမှတ် (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် အပါအဝင် စစ်သား ၁၂၇ ဦးသည် ၎င်းတို့၏ မိသားစုဝင် ၁၃၄ ဦးကိုပါ ခေါ်ဆောင်ကာ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းတွင် MNDAA ထံတွင် လက်နက်ချခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button