သတင်း

လောက်ကိုင်ကို ဝင်တိုက်တော့မည်ဟု MNDAA အသိပေး

လောက်ကိုင်အခြေစိုက် ဒစက လက်အောက်ခံ တပ်ရင်းတစ်ခုလုံး လက်နက်ချ အညံ့ခံပြီးနောက် လောက်ကိုင်မြို့ကို ဝင်တိုက်တော့မည်ဟု MNDAA က အသိပေးသည်။

“ကိုးကန့်”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်းတစ်ခုလုံး အစုလိုက်အပြုံလိုက် လက်နက်ချ အညံ့ခံလာသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (နိုဝင်ဘာ ၁၄) တွင် ထုတ်ပြန်လိုက်ပြီးနောက် ဒေသမြို့တော် လောက်ကိုင်ကို ဝင်တိုက်တော့မည်ဟု ပြောလိုက်သည်။

ဒကစလက်အောက်ခံ ခြေမြန်တပ်ရင်း အမှတ် (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် အပါအဝင် စစ်သား ၁၂၇ ဦးသည် ၎င်းတို့၏ မိသားစုဝင် ၁၃၄ ဦးကိုပါ ခေါ်ဆောင်ကာ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းတွင် “ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြပါသည်” ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဒကစလက်အောက်ခံ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီနှင့် မိသားစုဝင်တစ်ဦးလျှင် ကျပ် ၁ သိန်းစီ ထောက်ပံ့ပေးခဲ့သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ပြောခွင့်ရှိသူ ကိုကျော်နိုင်(ခ) လီကျားဝင်းက ဆိုသည်။

“ကျွန်တော်တို့ကတော့ သူတို့ကို နွေးထွေးစွာ ကြိုဆိုခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း အခမဲ့ ဆေးကုသပေးခဲ့တယ်။ သူတို့ဆန္ဒအလျောက် သွားချင်တဲ့နေရာကိုလည်း အန္တရာယ်ကင်းစွာ စီစဉ်ပေးခဲ့တယ်” ဟု ၎င်းက ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA, တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ၁၀၂၇ စစ်ဆင်ရေးကြေညာ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်အခြေစိုက်စခန်းများကို အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ခြေမြန်တပ်ရင်း အမှတ် (၁၂၉) က တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်၍ တပ်ရင်းတစ်ခုလုံး လက်နက်ချအညံံ့ခံစဉ်။ (ဓာတ်ပုံ-The Kokang)

ထိုစစ်ဆင်ရေးကြေညာပြီးနောက်ပိုင်း မြောက်ပိုင်း ၃ ဖွဲ့က စစ်တပ်စခန်းပေါင်း ၁၄၀ ကျော်ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။ ထို့အတူ ချင်းရွှေဟော်မြို့၊ ကွမ်းလုံမြို့၊ မုံးကိုးမြို့၊ ကြူကုတ်(ပန်ဆိုင်း)မြို့၊ နမ့်ခမ်းမြို့နှင့် ဖောင်းဆိုင်မြို့တို့ကို  ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းယူနိုင်ထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်၃ဖွဲ့ထံ ဆက်သွယ်၍ လက်နက်ချလာကြသည်။ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သား အရေအတွက် ၂၀၀ ကျော်သွားပြီ ဖြစ်သည်။

စစ်သားအရေအတွက် အများဆုံး လက်နက်ချလိုက်သည့် ဒကစ တပ်ရင်းတစ်ခုဖြစ်သော ခမရ (၁၂၉) သည် လောက်ကိုင်မြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာ ကိုးကန့်ဒေသ (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာ အခြေချတပ်ရင်းဖြစ်သည်။ 

ဒကစလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက် စုစုပေါင်း လူ ၂၆၂ ဦး၏ အသက်အန္တရာယ်ကို ငဲ့ညှာကာ တပ်ရင်းတစ်ခုလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်ကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကျော်ရဲအောင်၏ လုပ်ရပ်ကို လေးစားကြောင်း အွန်လိုင်းလူမှုကွန်ရက်သုံးသူ အများအပြားက မှတ်ချက်ပေးနေကြပြီး စစ်ကောင်စီကမူ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

‘၁၀၂၇ စစ်ဆင်ရေး’ ဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များက စစ်ကောင်စီလက်အောက်မှ ရဲနှင့် စစ်သားများကိုလည်း လက်နက်ချ အညံ့ခံရန် ဆော်သြထားပြီး အသက်အန္တရာယ်လုံခြုံမှုကို အာမခံသည်၊ လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရစေရန် ဆောင်ရွက်ပေးမည်ဟုလည်း ကတိပေးထားသည်။

လက်နက်ချသူများကို မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးကိုမျှ မပြုလုပ်ဟု မြောက်ပိုင်းမဟာမိတ်များက ဆိုပြီး မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံး ပြည်လည်ပေါင်းစည်းခွင့်ရန် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားပါမည်ဟုလည်း ကြေညာသည်။

ဒေသမြို့တော်ကို ဝင်ရောက်ရေး

လက်ရှိတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် လောက်ကိုင်မြို့ကို ဝိုင်းရံ ပိတ်ဆို့ထားပြီဖြစ်ကာ ဝင်ရောက် တိုက်ခိုက်တော့မည်ဟု MNDAA က အသိပေးထားသည်။

“စစ်ကောင်စီရဲ့ တပ်စခန်းကိုလည်း တော်တော်များများ ရှင်းလင်းပြီးသွားပြီဆိုတော့ လောင်ကိုင်မြို့ကို ဝင်တော့မယ်” ဟု MNDAA ပြောရေးဆိုဆိုခွင့်ရှိသူက ပြောသည်။

လောက်ကိုင်ကို ဝင်ရောက်တော့မည့် တပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင်စည်းမျဉ်းစည်းကမ်းနှင့် မြို့ဝင်စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြပြီး လူထုကို ကာကွယ်ကြရန် MNDAA က သတိပေးထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့နှင့် ၇ မိုင်ခွဲခန့်သာ ကွာဝေးပြီး ပါစင်ကျော်ရွာအနီး စစ်တပ်စခန်းကို နိုဝင်ဘာ ၁၂ ရက် ညနေက MNDAA က သိမ်းနိုင်ခဲ့ပြီးနောက် တပ်များ ထိုနေရာတွင် ရောက်ရှိနေသည်။

ထို့ပြင် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းကို ချေမှုန်းရေး၊ ထိုလုပ်ငန်းများအတွင်း ဖမ်းဆီးခံထားသည့် ဓားစာခံများကို ကယ်ထုတ်ရေး၊ စစ်သုံ့ပန်းမူဝါဒ လိုက်နာရေးတို့အတွက်လည်း MNDAA က နှိုးဆော်ထားသည်။ 

မြောက်ပိုင်း ၃ ဖွဲ့၏ နိုဝင်ဘာ ၁၂ ထုတ်ပြန်ချက်တွင် စစ်ဆင်ရေးပစ်မှတ်များထဲမှ တစ်ခုဖြစ်သော “လောက်ကိုင်ဒေသပြန်လည်ရရှိရေး” အတွက် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်စွာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည် ဟု ဖော်ပြပါရှိသည်။​

မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ထိန်းချုပ်ထားရာပြမြေပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button