ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးတွင် ရှိသည့် ဖောင်းဆိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၃၀) တွင် တိုက်ခိုက်ခဲ့ပြီး မြို့ကို ဆက်လက်ထိန်းချုပ်ထားသည်ဟု MNDAA ကိုးကန့်အဖွဲ့ ပြောခွင့်ရက ပြောသည်။
ဖောင်းဆိုင်စခန်းကို သိမ်းပိုက်ပြီးနောက် မဟာမိတ်အဖွဲ့များက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေသည်၊ ဖောင်းဆိုင်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များက မုံးကိုးမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းတွင် သွားရောက်ပူးပေါင်းပြီး စစ်ရေးပြင်ဆင်နေသည်ဟု MNDAA ပြောခွင့်ရသူ လီကျားဝေက ပြောသည်။
“မနေ့က ညနေအထိတော့ ဖောင်းဆိုင်မှာရှိတဲ့ စစ်ကောင်စီတပ်အားလုံးကို တိုက်ထုတ် ရှင်းလင်းလိုက်နိုင်ပြီဗျ။ အခု ဖောင်းဆိုင်ဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ် လုံးဝမရှိတော့ဘူး၊ ပြီးတော့ တိုက်ပွဲလည်း မရှိတော့ဘူး။ နယ်မြေရှင်းလင်းရေးပဲ အဓိက လုပ်နေတယ်” ဟု MNDAA ပြောခွင့်ရသူ လီကျားဝေက ပြောသည်။
အောက်တိုဘာ ၂၉ ရက်မှစတင်ကာ တိုက်ခိုက်နေသည့် ဖောင်းဆိုင်စခန်းကုန်းကို ယမန်နေ့ ည ၆ နာရီခွဲခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ သံချပ်ကာကား ၃ စီးနှင့် စစ်လက်နက်ပစ္စည်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့သည်ဟု MNDAA အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝေက ပြောသည်။
“(သံချပ်ကာယာဉ်) သုံးစီးပါ၊ နှစ်စီးကတော့ ဖြိုခွဲနိုင်ခဲ့ပြီးတော့ တစ်စီးကတော့ အကောင်းအတိုင်း သိမ်းဆည်းနိုင်ခဲ့တယ်” ဟု လီကျားဝေက Myanmar Now ကို ပြောသည်။
MNDAA အဖွဲ့က ထုတ်ပြန်သည့် ရုပ်သံဖိုင်များအရ ၎င်းတို့ သိမ်းဆည်းရမိသည့် သံချပ်ကာယာဉ်များထဲမှ တစ်စီးမှာ တရုတ်နိုင်ငံထုတ် တင့်ဖျက်ယာဉ်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲဖြစ်ပွားစဉ်က စစ်ကောင်စီတပ် သုံးစွဲခဲ့သည့် ယာဉ်များဖြစ်သည်။
အောက်တိုဘာ ၂၇ ရက်နေ့က စတင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ဦးဆောင်သည့် တပ်များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ မူဆယ်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို စသည့် မြို့နယ်များရှိ စစ်ကောင်စီတပ်များကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။
တိုက်ပွဲ ၄ ရက်မြောက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးရှိ စစ်ရေးဗျူဟာအရ အရးပါသည့် ဖောင်းဆိုင်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မူဆယ်မြို့နယ် တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးတွင် ရှိသည့် ဖောင်းဆိုင်းမြို့တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၀၀၀ ကျော် နေထိုင်သည်။ ထိုဒေသတွင် နေထိုင်သည့် ဒေသခံများ ယခုတိုက်ပွဲကြောင့် မည်သည့်အခြေအနေ ဖြစ်နေသည်ကို မသိရသေးပါ။
၅ ရက်အတွင်း ဖြစ်ပွားသည့် ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများ
အောက်တိုဘာ ၂၉ ရက်မှစတင်ကာ မုံးကိုးမြို့နယ်အတွင်းရှိ မန်းယန်၊ ကွမ်ထန်၊ ပိုက်ဖိန်ပေါက်ပေါက် တောင်ကုန်း၊ ဖောင်းဆိုင်၊ ကွမ်းလွန် စသည့် နေရာများရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ မုံးကိုးဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAA အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် အောက်တိုဘာ ၂၉ ရက်နေ့က မုံးကိုးမြို့နယ် နန်ကျွမ်းဒေသရှိ စစ်ကောင်စီတပ်နှင့် “ချိန်ရှောက်လူ” ပြည်သူ့စစ်အဖွဲ့တို့ကို တိုက်ခိုက်ခဲ့သည်။
မုံးကိုး ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီတပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ စစ်တပ်နှင့် MNDAA တပ်တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
အောက်တိုဘာ ၂၇ ရက်က စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ရာနှင့်ချီကို ချေမှုန်းနိုင်ခဲ့ပြီး စခန်းပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ထားနိုင်သည်ဟု ကိုးကန့်အဖွဲ့က ပြောသည်။
“၅ ရက်တာ Operation မှာ ကျွန်တော်တို့ လုံးဝ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တာကတော့ ချင်းရွှေဟော်မြို့ပဲ။ မုံးကိုး ဖောင်းဆိုင်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်တွေအားလုံးကို တိုက်ထုတ်နိုင်ခဲ့တယ်။ သိန္နီမြို့မှာလည်း စခန်းသိမ်း Operation တွေကို ဆက်လက်ဖော်ဆောင်နေပါတယ်” ဟု လီကျားဝေက ပြောသည်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ပေါ်ပေါက်လာသည့် ခုခံတော်လှန်သူများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နည်းလမ်းပေါင်းစုံဖြင့် ကူညီခဲ့ကြသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟု ကျော်ကြားပြီး ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တွင် လှုပ်ရှားသည့် MNDAA, TNLA နှင့် AA အဖွဲ့တို့က စစ်သင်တန်းနှင့် လက်နက်များ ထောက်ပံ့ကူညီခဲ့ကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)