ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများရပ်တန့်ရန် ဖိအားပေးနေသည့် တရုတ်အာဏာပိုင်များက ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားသော လောက်ကိုင်ဒေသသို့ ဆေးဝါးနှင့် ကုန်စည် တင်သွင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
တရုတ်အာဏာပိုင်တို့သည် တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသည့် နယ်စပ်ဂိတ်များအနက် ကိုးကန့်ဒေသနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသည့် ရန်လုံးကျိုင်း၊ ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို ပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး ကျန်နယ်စပ်ဂိတ်များကိုမူ အကန့်အသတ်ဖြင့် ကုန်စည်တင်ပို့ခွင့် ပြုထားသည်ဟု သိရသည်။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်စခန်းကို MNDAAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစပြီး ယင်းနယ်စပ်ဂိတ်များကို တရုတ်အစိုးရက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
အခြားတစ်ဖက်တွင် ၁၀၂၇ စစ်ဆင်ရေးစသည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာနောက်ပိုင်း စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဆေးဝါးတင်သွင်းခွင့် ကန့်သတ်လိုက်ပြီး ပြင်ဦးလွင်နှင့် မန္တလေးမြို့အကြား စစ်ဆေးရေးဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးနေရာ ဒေသတွင်း ဆေးဝါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည့်အရေးလည်း ရှိနေသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်စပ်ဂိတ်များအနက်မှ ရန်လုံကျိုင်း၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) တို့ကို ကိုးကန့်တပ် MNDAAက သိမ်းပိုက်ထားပြီး တအာင်းတပ် TNLA က နမ့်ခမ်းဂိတ်ကို သိမ်းပိုက်ထားသည်။
ထို့အတူ MNDAA, TNLA နှင့် AA တို့ပါဝင်သည့် ညီနောင်သုံးဖွဲ့က မူဆယ် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းများကိုပါ ထိန်းချုပ်ထားသည်။
တရုတ်အစိုးရသည် စစ်ကောင်စီနှင့် တိုက်ရိုက်တိုက်ပွဲမရှိသည့် ‘ဝ’ တပ်ဖွဲ့(UWSA)၊ မိုင်းလားတပ် (NDAA) ထိန်းချုပ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကိုမူ ဖွင့်ပေးထားသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
တရုတ်၏ နယ်စပ်ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကြောင့် ကိုးကန့်ဒေသတွင် အစားအသောက်နှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။
“ပြည်သူတွေ ဒုက္ခတော့ တော်တော်ရောက်နေကြတယ်” ဟု ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်ကုန်ပစ္စည်းများ တင်သွင်းရောင်းချနေသော၊ လုံခြုံရေးအရ အမည်မဖော်လိုသော ထိုကုန်သည်က ပြောသည်။
ကိုးကန့်တပ် MNDAA ကလည်း ဒေသခံများကို ၆ လစာရိက္ခာ စုဆောင်းထားသင့်သည်၊ ကုန်စျေးနှုန်းကြီးမြင့်လာနိုင်သည်ဟု သတိပေးမှုများရှိကြောင်း လောက်ကိုင်မြို့၌ ကျန်ခဲ့သူတစ်ဦးက ပြောသည်။
“ချင်းရွှေဂိတ်ကပဲ ဆန်တွေဘာတွေ သွားယူလို့ရတယ်။ ရန်လုံကျိုင်းကတော့ ကုန်သိပ်မဝင်ဘူး။ ရန်လုံကျိုင်း အဝင်အထွက်ကတော့ တရုတ်လူမျိုးပဲ ရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
လောက်ကိုင်မြို့တွင် လျှပ်စစ်ဓာတ်အားပြန်ရနေပြီဖြစ်သော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံနေရဆဲဖြစ်သည်၊ အင်တာနက်အသုံးပြုလိုပါက ရန်လုံကျိုင်းဂိတ်အနီးသို့ သွားရောက်အသုံးပြုရသည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ အင်တာနက်အသုံးပြုနေသူတို့၏ ဖုန်းများကို ကိုးကန့်တပ်က ရံဖန်ရံခါ ယူစစ်လေ့ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
တရုတ်အစိုးရ၏ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်မှုကြောင့် ကုန်စျေးနှုန်းတက်နေသည်ဟု သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းများအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
ကိုးကန့်နယ်ထဲမှတစ်ဆင့် ဆေးဝါးတင်သွင်းခွင့်ကို ပိတ်ပင်ထားသော်လည်း မူဆယ်၊ နမ့်ခမ်း စသည့် နယ်စပ်ဒေသများတွင်မူ ဆေးဝါးပြတ်လပ်မှု ကြီးကြီးမားမား မကြုံရသေးဟု ၎င်းက ဆိုသည်။
သိန္နီမြို့ခံတစ်ဦးက နယ်စပ်ဂိတ်များပိတ်ထားသဖြင့် သိုလှောင်ထားသည့် အစားအသောက်များကို အားပြုနေရသည်၊ ကုန်စျေးနှုန်းမြင့်တက်မှုကို ကြုံတွေနေရသည်ဟု ပြောသည်။
ရံဖန်ရံခါ တရုတ်ဘက်မှ ကုန်ပစ္စည်းများဝင်လာလျှင်လည်း မြန်မာငွေတန်ဖိုးကျဆင်းနေသဖြင့် တရုတ်ငွေဖြင့်သာ ဝယ်ယူနေကြရသည်ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်ဘက်က နယ်စပ်ဂိတ်များကန့်သတ်ထားမှုကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းမြင့်တက်နေမှုအပြင် ဆေးဝါးပြတ်လပ်မှုကိုပါ ကြုံတွေ့နေရသည်ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
“ကုန်စည်စီးဆင်းမှုကတော့ မရှိဘူးဆိုတော့ ဒုက္ခတော့ရောက်တာပေါ့။ ဒါပေမဲ့လဲ ဝဘက်မှာတော့ ဖွင့်ထားတာရှိတယ်။ အဲဒီကနေ နည်းနည်းစိမ့်ဝင်တာတော့ရှိတာပေါ့။ လူတွေက စစ်ရှောင်နေရတော့ အရင်တုန်းကလိုမျိုး အများကြီးရှိမနေတဲ့အတွက်ကြောင့် ကုန်စည်ပြတ်လပ်တယ်ဆိုပေမဲ့လဲ အရမ်းကြီးထိခိုက်တာတော့မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ထို့အတူ တရုတ်နှင့် နယ်မြေချင်းထိစပ်နေသည့် ကချင်ပြည်နယ် လိုင်ဇာတွင်လည်း နယ်စပ်အဝင်အထွက်များကို တရုတ်အာဏာပိုင်များက တင်းကျပ်ထားသဖြင့် လောင်စာဆီ ရှားပါးလာသလို ကုန်စျေးနှုန်းတက်နေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ လိုင်ဇာတွင် အခြေခံစားသောက်ကုန်စျေးနှုန်းမြင့်တက်မှုကို ကြုံတွေ့နေရခြင်းဖြစ်သော်လည်း ဇူလိုင်မှစ၍ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဆီက တစ်ပိသာတစ်ဘူးကို အရင်က တစ်သောင်းခွဲ၊ အခုက သုံးသောင်းခွဲ။ ဟင်းရွက်တွေကလည်း တစ်စီး ၅၀၀ တန်တွေကလည်း အခုမရတော့ဘူး။ ၂ ထောင်၊ ၃ ထောင်တွေ တက်သွားတယ်။ ဓာတ်ဆီကတော့ အရမ်းရှားပါးတယ်။ ဆီပန့်တွေကလည်း ကုန်နေတာများတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ်နှင့် ထိစပ်နေသော တရုတ်နယ်စပ်ဂိတ်များသည် အကန့်အသတ်ဖြင့်သာ လည်ပတ်နိုင်သေးသလို စစ်ကောင်စီကလည်း ကချင်ဒေသကို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားသောကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုအပြင် ပြတ်လပ်မှုကို ကြုံတွေ့နေရသည်ဟု Kachin Human Rights Watch (KHRW) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဂျက်ကော့ပ်က ပြောသည်။
“လမ်းပန်းဆက်သွယ်ရေးရော အင်တာနက်ရော ဖြတ်တောက်လိုက်လို့ တောထဲမှာ တိမ်းရှောင်နေသူတွေရော စစ်ရှောင်စခန်းတွေမှာပါ ဆေးဝါးတွေ အစားအသောက်တွေ ပြတ်တောက်နေတဲ့ အခြေအနေရှိပါတယ်” ဟု ၎င်းက ပြောသည်။