သတင်း

လားရှိုးတိုက်ပွဲပြင်းနေချိန် လောက်ကိုင်မြို့ကို စစ်ကောင်စီဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို သိမ်းယူနိုင်ရန် ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက အပြင်းအထန်ထိုးစစ်ဆင်နေချိန်တွင် ကိုးကန့်ဒေသ၏မြို့တော် လောက်ကိုင်မြို့ကို ယနေ့နံနက် အစောပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဇူလိုင် ၃ ရက်မှ စတင်ကာ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေရာ လားရှိုးမြို့ ရပ်ကွက် (၅) အနီးတွင် ရှိသည့် စစ်ကောင်စီ၏ ခမရ (၅၀၇) တပ်ရင်းနှင့် လားရှိုးမြို့မှ မိုင်းယော်ရွာသို့ သွားသည့် မြို့အထွက်တွင်ရှိသည့် ခလရ (၆၈) တပ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

ယနေ့နံနက် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် MNDAA တပ်များ သိမ်းပိုက်ထားသည့် တရုတ်မြန်မာနယ်စပ် လောက်ကိုင်မြို့ ရှိ တုံချိန်ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဖူလီလိုက် ဟိုတယ်အနီးတစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု MNDAA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“ဟုတ်တယ်ဗျ၊ အဲဒါလောက်ကိုင်မှာ ချတာ။ ဖူလီလိုက်ရှေ့မှာ ဖြစ်သွားတာ အဲဒီမှာ ပြည်သူ့အိမ်ပေါင်း သုံးလေးအိမ်လောက် ထိသွားတယ်ဗျ၊ အဲဒီမှာပဲ ထိသွားတာ” ဟု ရန် ဦးစီးဌာနမှူးက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် ဖူလီလိုက်ဟိုတယ်နှင့် အရပ်သားနေအိမ်အချို့ ပျက်စီးသွားသည်ဟု သိရသော်လည်း ပျက်စီးဆုံးရှုံးမှုနှင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပေ။

လားရှိုးမြို့တွင် တိုက်ပွဲစတင်သည့် ဇူလိုင် ၃ ရက်မှစတင်ကာ လောက်ကိုင်မြို့ ဗုံးကြဲခံရမည်ကို စိုးရိမ်သည့်အတွက် တရုတ်နိုင်ငံသားအချို့ တရုတ်နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်သွားသလို မြို့ပေါ်ရှိ ဒေသခံအချို့လည်း နပ်စပ်မျဉ်းအနီးရှိ စစ်ရှောင်စခန်းများသို့ ကြိုတင်ရှောင်တိမ်းထားကြသည်။

ဇူလိုင် ၁၂ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တိုက်ပွဲဖြစ်ပွားရာနေရာပြမြေပုံ။

ထို့ပြင် ယနေ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ ထပ်မံတိမ်းရှောင်ကြရသည်ဟု သိရသည်။

ထို့နေ့တွင်ပင် လောက်ကိုင်တစ်မြို့လုံးကို တရုတ်က လျှပ်စစ်မီးနှင့် အင်တာနက်များ ဖြတ်တောက်ကာ တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့သော်လည်း လတ်တလောတွင် တရုတ်က နယ်စပ်ဂိတ်များ ပြန်ဖွင့်ထားသည်ဟု သိရသည်။

လားရှိုးထိုးစစ် စတင်သည့် ဇူလိုင် ၃ ရက်မှ စတင်ကာ စစ်ကောင်စီတပ်က MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တို့ကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အာဏာရပါတီဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ တတိယအကြိမ် အစည်းအဝေးကျင်းပရန် ရှိသည်ဟုဆိုကာ ယနေ့ ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ အပစ်ရပ်မည်ဟု MNDAA အဖွဲ့က ယနေ့ ထုတ်ပြန်လာသည်။

တရုတ်နိုင်ငံ၏ စိုးရိမ်မှုကြောင့် အပစ်ရပ်ရခြင်းဖြစ်သည်ဟု ဆိုကာ တပ်ဖွဲ့ဝင်အားလုံး အပစ်ရပ်အမိန့်ကို လိုက်နာကြရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သို့သော် လားရှိုးတွင် ယနေ့ ညနေအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု လားရှိုးမြို့ခံအချို့က ပြောသည်။

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းအဖြစ် မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်များနှင့် ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲ လားရှိုးတို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး တအာင်းတပ်(TNLA)၊ ကိုးကန့်တပ် (MNDAA) နှင့် MDY-PDF တို့ ဦးဆောင်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button