
မေလ ၁၄ ရက်နေ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှတဆင့် ပိုမိုလွတ်လပ်ပွင့်လင်းသော နိုင်ငံရေးပတ်ဝန်းကျင်ကို ဖန်တီးရန် ထိုင်းပြည်သူများအကြား စိတ်အားထက်သန်လျက်ရှိပါ သည်။
၂၀၁၄ တွင် ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာသည် စစ်တပ်ကြီးစိုး ချုပ်ကိုင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်၊ ဤသို့ဖြင့် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးဘဝမှ ၂၀၁၉ မတ် ၂၄ တွင် အထွေထွေရွေးကောက်ပွဲမှတဆင့် ဝန်ကြီးချုပ်ဖြစ်လာပါသည်။
ထိုင်းအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ အထက်လွှတ်တော်တွင် အမတ်နေရာ (၂၅၀) ရှိရာ ထိုအမတ်အားလုံးကို စစ်တပ်က တိုက်ရိုက်ခန့်အပ်သည်။ ထို့ကြောင့် ထိုင်းရွေးကောက်ပွဲ ဆိုသည်မှာ အောက်လွှတ်တော် ကိုယ်စားလှယ် (၅၀၀) အတွက်သာဖြစ်ပြီး၊ ထိုင်းပြည်သူများ မဲဆန္ဒပေးပိုင်ခွင့်မှာ အောက်လွှတ်တော်အတွက်သာ ဖြစ်သည်။
ထို့ကြောင့် ထိုင်းနိုင်ငံသည် ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီ အပြည့်အဝကျင့်သုံး သော နိုင်ငံအဖြစ်မှ နောက်ဆုံးအာဏာသိမ်းမှုအပြီးတွင် စစ်တပ်ချုပ်ကိုင်သော ဒီမိုကရေစီတစ်ပိုင်း နိုင်ငံအဖြစ်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီး၊ နိုင်ငံတကာဆက်ဆံရေးတွင်လည်း ၂၀၁၄ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံ၏ အဆင့်အတန်းလျော့ကျလာခြင်းကို တွေ့မြင်ခဲ့ရသည်။
၂၀၁၄ ခုနှစ် ခြေ/ဥအရ နိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ်ကို လွှတ်တော်တွင် ရွေးချယ်တင်မြှောက်သည့် အခါ လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် (၇၅၀) ၏ ၅၀ ရာခိုင်နှုန်းကျော်မဲဖြင့် ရွေးချယ်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးပါတီ တစ်ခုခုက ဝန်ကြီးချုပ် တင်မြှောက်နိုင်ရန်နှင့် အစိုးရဖွဲ့နိုင်ရန် လွှတ်တော်တွင် မဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော်၊ အနည်းဆုံး (၃၇၆) မဲ ရရှိရန် လိုအပ်ပါသည်။
ဤနေရာတွင် ထိုင်းစစ်တပ်သည် အထက်လွှတ်တော်တစ်ခုလုံးကို ချုပ်ကိုင်ထားသည်ဖြစ်ရာ စစ်တပ် သည် ဝန်ကြီးချုပ်တင်မြှောက်ခြင်းနှင့် အစိုးရဖွဲ့ခြင်းတွင် မဲအရေအတွက် သုံးပုံတစ်ပုံ သို့မဟုတ် (၂၅၀ မဲ) ကို ထိန်းချုပ်ထားသည်။
ထို့ကြောင့် စစ်တပ်ထိန်းချုပ်ထားသော အထက်လွှတ်တော် ၂၅၀ နေရာ၏ ထောက်ခံမှုရရှိထားသော နိုင်ငံရေးပါတီသည် အောက်လွှတ်တော် ရွေးကောက်ပွဲ တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂၆ နေရာ (၂၅.၂%) အနိုင်ရရုံဖြင့် ဝန်ကြီးချုပ်တင်မြှောက်နိုင်၊ အစိုးရ ဖွဲ့နိုင်ပြီး၊ စစ်တပ်ထောက်ခံမှုမပါပဲ အစိုးရ ဖွဲ့နိုင်ရန်မှာ အောက်လွှတ်တော်တစ်ခုတည်းတွင် ၃၇၆ နေရာ (၇၅.၂%) ရရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
လက်ရှိထိုင်းနိုင်ငံရေးတွင် အာဏာရနှင့် အတိုက်အခံ အဓိကပါတီ (၇) ပါတီ
၂၀၁၉ ခုနှစ် အောက်လွှတ်တော် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ ပါတီပေါင်း (၂၆) ပါတီရှိခဲ့သည်။ ၎င်းတို့အထဲမှ လွှတ်တော်နေရာ (၁) နေရာ အနိုင်ရရှိခဲ့သော (၁၂) ပါတီ၊ ၁၀ နေရာအောက် အနိုင်ရရှိခဲ့သော (၇) ပါတီ၊ စုစုပေါင်း (၁၉) ပါတီမှာ ပါတီငယ်များဖြစ်သည်။ ထိုပါတီငယ်များက ညွန့်ပေါင်းအစိုးရဖွဲ့စည်းမှု အာဏာအပေးအယူကစားပွဲတွင် အိမ်ဖြည့်အဆင့်သာ ရှိခဲ့သည်။
ရွေးကောက်ပွဲအလွန် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး အာဏာကစားပွဲတွင် အဓိက ပါဝင်ကစားနိုင်သော ပါတီများမှာ အောက်လွှတ်တော်နေရာ အနည်းဆုံး (၁၀) နေရာနှင့်အထက် ရရှိခဲ့သော (၇) ပါတီ ဖြစ်ပါ သည်။ ထိုပါတီများ၏ အောက်လွှတ်တော်ရွေးကောက်ပွဲ ရလဒ်များကို အောက်ပါဇယားတွင် လေ့လာ နိုင်ပါသည်။
၂၀၁၉ ခုနှစ် အောက်လွှတ်တော်ရွေးကောက်ပွဲတွင် ၇ ပါတီ၏ လွှတ်တော်နေရာရရှိမှုအခြေအနေ
ပါတီအမည် | ဝန်ကြီးချုပ်လောင်းအမည် | လွှတ်တော်နေရာ စုစုပေါင်း |
Pheu Thai | Sudarat Keyurapha | 136 |
Phlang Pracharat | Prayut Chan-o-cha (Independent) | 116 |
Future Forward | Thanathorn Juangroongruangkit | 81 |
Democrat | Abhisit Vejjajiva | 53 |
Bhumjaithai | Anutin Charnvirakul | 51 |
Thai Liberal | Sereepisuth Temeeyaves | 10 |
Chartthaipattana | Kanchana Silpa-archa | 10 |
အထက်ပါ အောက်လွှတ်တော် အနိုင်ရရှိမှုရလဒ်များအရ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထူထောင်ခဲ့သော Pheu Thai ပါတီသည် လွှတ်တော်နေရာ အများဆုံး အနိုင်ရရှိခဲ့သော်လည်း၊ စစ်တပ် ထောက်ခံမှုမရှိခြင်းနှင့် အစိုးရဖွဲ့နိုင်သော (၃၇၆ မဲ) ရရှိရန် အခြားပါတီများနှင့် ညွန့်ပေါင်းမဖွဲ့နိုင်ခြင်း တို့ကြောင့် အောက်လွှတ်တော်အတွင်း အတိုက်အခံပါတီအဖြစ်သာ ရပ်တည်ခဲ့ရသည်။
အောက်လွှတ်တော်တွင် ဒုတိယ နေရာအများဆုံး အနိုင်ရရှိခဲ့သော Phlang Pracharat ကို တည် ထောင်သူ Prawit Wongsuwan သည် စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦး၊ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှု ဖြစ်စဥ်တွင် ပါဝင်ခဲ့သူ နှင့် စစ်တပ်ထဲတွင် လက်ရှိ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာနှင့် ဆရာတပည့် ဖြစ်ကြသည်။ ထို့ကြောင့် Phlang Pracharat ပါတီသည် စစ်တပ်ထောင်ခံမှုရရှိပြီး၊ ပရာရွတ်ကို ၎င်း ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းခဲ့ပြီး၊ အခြား အဓိကပါတီကြီး နှစ်ခုဖြစ်သော Democrat ပါတီ (၅၃ နေရာ) ၊ Bhumjaithai ပါတီ (၅၁ နေရာ) တို့ကို အဓိကထားပြီး၊ အခြားပါတီငယ်များနှင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သည်။
မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲရလဒ် ခန့်မှန်းခြေ
မေလ ၁၄ ရက်နေ့တွင် ကျင်းပမည့် အောက်လွှတ်တော် ရွေးကောင်ပွဲတွင် ဝန်ကြီးချုပ် ပရာရွတ်သည် ၎င်း၏ ဒု-ဝန်ကြီးချုပ် ပရာဝပ်၏ Phlang Prachart မှ ဝင်ရောက်ယှဥ်ပြိုင်ခြင်းမပြုတော့ဘဲ ကိုယ်ပိုင် ပါတီသစ်ဖြစ်သော United Thai Nation (UTN) ပါတီကို တည်ထောင်ခဲ့သည်။
ရွေးကောက်ပွဲအကြို လူထုစစ်တမ်းကောက်ခံမှုများအရ ယခင်ရွေးကောက်ပွဲတိုင်းတွင် လူထုထောက် ခံမှု အများဆုံး ရရှိခဲ့သော Pheu Thai ပါတီက ထိပ်ဆုံးကရှိနေပြီး၊ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် တတိယ နေရာတွင် ရှိခဲ့သော Future Forward ပါတီ ဖျက်သိမ်းခံရသဖြင့်၊ ပြောင်းလဲဖွဲ့စည်းခဲ့သော Move Forward Party (MFP) က ဒုတိယလူကြိုက်အများဆုံးပါတီ ဖြစ်ပါသည်။ ဝန်ကြီးချုပ် ပရာရွတ် ၏ UTN ပါတီမှာ လူကြိုက်များမှုအဆင့်တွင် Phlang Pracharat ၊ Democrat နှင့် Bhumjaithai တို့ ထက်ပင် နည်းသည်ဟု သိရပါသည်။
ထို့ကြောင့် ပါတီပေါင်း ၆၀ ကျော် ဝင်ရောက်ယှဥ်ပြိုင်မည့် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲရလဒ် အပေါ် ခန့်မှန်းချက်များနှင့် ရွေးကောက်ပွဲအလွန် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေး အာဏာကစားပွဲ တွင် မည်သည့်ပါတီများ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မည့် အခြေအနေကို ထိုင်းနိုင်ငံရေးအသိုင်းအဝန်း အတွင်း ခန့်မှန်းတွက်ဆမှုအမျိုးမျိုး ရှိနေပါသည်။
ထိုင်းနိုင်ငံ၏ အထင်ကရ ချူလာလောင်ကွန်တက္ကသိုလ်၏ လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ လေ့လာ ရေးဌာန၏ ဒါရိုက်တာဟောင်း ဖြစ်ပြီး၊ ထိုဌာန၏ လက်ရှိအကြီးတန်းပညာရှင်ဖြစ်သော ပါမောက္ခ Thitinan Pongsudhirak ၏ လူထုစစ်တမ်းအပေါ် အခြေခံ၍ ခန့်မှန်းချက်များက စိတ်ဝင်စားစရာ ကောင်းပါသည်။
ပါမောက္ခ Thitinan က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် ပါတီ (၆) ပါတီသည် လွှတ်တော်နေရာ အများစုကို မျှဝေရရှိနိုင်မည်ဟု ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲရလဒ်များနှင့် ချိန်ထိုးပြီး၊ ခန့်မှန်းထားပါ သည်။ ထိုပါတီများမှာ အဓိက အတိုက်အခံပါတီများဖြစ်သော Pheu Thai နှင့် Move Forward ပါတီ တို့က ထိပ်ဆုံးက လူကြိုက်အများဆုံးဖြစ်ပြီး၊ အာဏာရ ညွန့်ပေါင်းအစိုးရထဲက Phlang Pracharat, Bhumjaithai, Democrat နှင့် ဝန်ကြီးချုပ် ပရာရွတ် အသစ်ဖွဲ့စည်းထူထောင်ခဲ့သော UTN ပါတီတို့ ဖြစ်သည်။
လူထုစစ်တမ်းအရ ပြည်သူလူထုအကြား ထောက်ခံမှုအများဆုံးရရှိထားသည့် Pheu Thai ပါတီက ယခင်ရရှိထားသော ၁၃၆ နေရာထက် ပိုမိုကျော်လွန်ပြီး ၂၀၀ နေရာကျော် အနိုင်ရရှိနိုင်သလို၊ ဒုတိယ လူကြိုက်အများဆုံး Move Forward ကလည်း လက်ရှိရရှိထားသော ၈၁ နေရာထက် ပိုမိုကျော်လွန်ပြီး အနိုင်ရရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။
ဗိုလ်ချုပ်ကြီးဟောင်း ပရာဝပ်ဦးဆောင်သည့် Phlang Pracharat ပါတီက လက်ရှိ ၁၁၆ နေရာမှ ၄၀ – ၅၀ နေရာအကြားသာ အနိုင်ရနိုင်ပြီး၊ ဝန်ကြီးချုပ် ပရာရွတ်၏ UTN ပါတီလည်း အလားတူ ပမာဏ ခန့်သာ အနိုင်ရနိုင်မည်ဟု ခန့်မှန်းသည်။
အာဏာရ ညွန့်ပေါင်းအစိုးရထဲတွင် ပါဝင်ပြီး၊ ၂၀၁၉ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်တွင် ၅၁ နေရာဖြင့် အဆင့် ၅ သာရှိခဲ့သော Bhumjaithai ပါတီသည် ယခုအခါ အဆင့် ၃ နေရာအထိ လူကြိုက် များလာပြီး၊ ၆၀ – ၈၀ နေရာအထိ အနိုင်ရရှိနိုင်သည်ဟု ခန့်မှန်းပါသည်။ ညွန့်ပေါင်းအစိုးအဖွဲ့ထဲ ပါဝင် ခဲ့ပြီး၊ အောက်လွှတ်တော် ဥက္ကဋ္ဌရာထူးကို ရရှိခဲ့သော Democrat ပါတီသည် ၅၃ နေရာမှ ထိုအရေ အတွက်၏ ထက်ဝက်ခန့်သာ အနိုင်ရရှိနိုင်မည်ဟု ခန့်မှန်းသည်။
ရွေးကောက်ပွဲအလွန် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခြေ
Pheu Thai နှင့် Move Forward ပါတီနှစ်ခု၏ ထိပ်တန်းမူဝါဒများတွင် စစ်တပ်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ စစ်တပ်ပြုပြင်ပြောင်းလဲရေးနှင့် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး တို့သည် တူညီကြ သဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြေ ပထမ အလားအလာ ရှိနိုင်ပါသည်။
သို့သော် ထိုပါတီနှစ်ခုပေါင်းလျှင် အောက်လွှတ်တော် ၅၀၀ နေရာ၏ ထက်ဝက်ကျော် အနိုင်ရရှိနိုင် သော်လည်း၊ စစ်တပ်၏ထောက်ခံမှု ရရှိရန် မလွယ်ကူသဖြင့် စစ်တပ်ထိန်းချုပ်ထားသော အထက် လွှတ်တော်ထောက်ခံမှုမပါဘဲ အစိုးရဖွဲ့နိုင်ရန်မှာ အောက်လွှတ်တော်တွင် ၇၅% ကျော် အနိုင်ရမှသာ ဖြစ်နိုင်ပြီး၊ ထို့အတွက် မသေချာပါ။
လက်ရှိ ဝန်ကြီးချုပ် ပရာရွတ်သည် ရွေးကောက်ပွဲအလွန် တိုင်းပြည်ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် ဦးဆောင်သွားရန် ရည်မှန်းထားသဖြင့်၊ ၎င်း၏ပါတီက ၎င်းကို ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော် တွင် တင်သွင်းနိုင်ရန် အနည်းဆုံး ၂၅ နေရာ အနိုင်ရရှိရန် လိုအပ်ပါသည်။
လူထုစစ်တမ်း ခန့်မှန်းချက်များအရ ပရာရွတ်၏ UTN သည် ၄၀ – ၅၀ အကြား အနိုင်ရနိုင်သည် ဖြစ်၍ ရွေးကောက်ပွဲအလွန် ပရာရွတ်သည် စစ်တပ်၏ အထက်လွှတ်တော် ၂၅၀ မဲဖြင့် ဆက်လက်ပြီး ဝန်ကြီး ချုပ် ဖြစ်လာပါက ထိုင်းအစိုးရသစ်သည် လူကြိုက်အနည်းဆုံးပါတီ ဦးဆောင်သော အစိုးရဖြစ်လာနိုင် ဖွယ်က ဒုတိယ အလားအလာ ဖြစ်ပြီး၊ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု ပိုမိုဖြစ်လာဖွယ် ရှိသည်။
ပရာရွတ်သည် ၎င်းကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြု တင်သွင်းခဲ့သော Phlang Pracharat ပါတီခေါင်းဆောင် ပရဝပ်နှင့် အဆင်မပြေဟု သတင်းများကာလကြာရှည်ထွက်ပေါ်နေပြီး၊ ယခုရွေးကောက်ပွဲတွင် ကိုယ် ပိုင်ပါတီသစ် ထူထောင်ခဲ့ခြင်းကြောင့်၊ ရွေးကောက်ပွဲအလွန် Phlang Pracharat ပါတီနှင့် ညွန့်ပေါင်း ဖွဲ့နိုင်ရန်မှာ မသေချာပါ။
တတိယမြောက် ဖြစ်နိုင်ခြေရှိသော ညွှန်ပေါင်းအစိုးရမှာ စစ်ဗိုလ်ချုပ်ဟောင်း ပရာဝပ်ဦးဆောင်သော Phlang Pracharat ပါတီနှင့် သက်ဆင်၏သမီး Paetongtarn Shinawatra ကို ဝန်ကြီးချုပ်လောင်း လျာထားသော Pheu Thai ပါတီတို့ ပူးပေါင်းခဲ့လျှင် စစ်တပ်၏ထောက်ခံမှုဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခြေ ရှိလာနိုင်ပါသည်။ သို့သော် Pheu Thai က ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်ခဲ့သော စစ်ဗိုလ်ချုပ်များပါတီနှင့် ညွန့်ပေါင်းဖွဲ့မည်မဟုတ်ဟု ကြေညာထားပါသည်။
ထိုင်းရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်းနိုင်ငံ၏ မြန်မာမူဝါဒ အပြောင်းအလဲ ဖြစ်နိုင်ခြေ
အကယ်၍ Pheu Thai နှင့် Move Forward ပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလာပါက ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအပေါ် စစ်တပ်၏လွှမ်းမိုးမှု ကင်းလွတ်လာပြီး အပြောင်းအလဲများ ဖြစ်လာနိုင်ခြေ များပါသည်။
အိမ်နီးချင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအစိုးရသစ် မူဝါဒ အပြောင်းအလဲရှိနိုင်ခြေကိုလည်း မြန်မာ့ တော်လှန်ရေးအင်အားစုများဖက်က မျှော်လင့်လျက်ရှိသည်။
အထူးသဖြင့် Pheu Thai သည် ၂၀၀၆ တွင် တစ်ကြိမ်၊ ၂၀၁၄ တွင် တစ်ကြိမ် ၎င်းတို့ပါတီ အာဏာရရှိနေ စဥ် ထိုင်းစစ်တပ်၏ အာဏာသိမ်းခြင်းကို ခံခဲ့ရသဖြင့် ကိုယ်ချင်းစာစိတ်ဖြင့် မြန်မာပြည်သူများ ခံစား နေရသော ဒုက္ခကို ပိုမိုစာနာနားလည်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
ထို့အပြင် Move Forward ပါတီသည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချခဲ့ဖူးပြီး၊ ထိုင်း နိုင်ငံရေးတွင် စစ်တပ်ကြီးစိုးနေမှုကို ပြုပြင်ပြောင်းလဲရန် ဦးတည်ချက်ထားသဖြင့် ၎င်းပါတီသာ အာဏာရ ညွန့်ပေါင်းအစိုးရထဲ ပါဝင်လာပါက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အပြောင်းအလဲရှိနိုင်မည်ဟု မျှော်လင့်ရသည်။
သို့သော် လုံခြုံရေးနှင့် နိုင်ငံရေးသိပ္ပံပညာရှင် ပါမောက္ခ Thitinan က လွန်ခဲ့သော လပိုင်းအတွင်း Myanmar Now နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဘန်ကောက်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒတွင် မြန်မာဆိုင်ရာ မူဝါဒသည် ကြီးကြီး မားမား ပြောင်းလဲနိုင်မည်မဟုတ်ဘဲ၊ မြန်မာနှင့် နယ်စပ်ထိစပ်နေသော ပြည်နယ်များတွင် မြေပြင်ကိုင်တွယ်မှုအပိုင်း၌ ပိုမိုပျော့ပြောင်းသော မူဝါဒများ ရှိလာနိုင်ပါသည်ဟု သုံးသပ်ပြောကြားခဲ့ဖူးပါသည်။
လက်ရှိကာလတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၏ အစိုးရသည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နီးနီးကပ်ကပ် ဆက်ဆံလျက်ရှိသည်။ အကယ်၍ ၎င်းသာ ဝန်ကြီးချုပ် ဆက်လက်ဖြစ်လာပါက ထိုင်း၏ မြန်မာ့မူဝါဒသည် အပြောင်းအလဲမရှိရုံမျှမက စစ်ကောင် စီနှင့် ပို၍နီးကပ်သွားနိုင်ပါသည်။
ထို့ကြောင့် ထိုင်းပြည်သူများ လိုလားမျှော်လင့်နေသော ရွေးကောက်ပွဲအလွန် အစိုးရအပြောင်းအလဲ ကို မြန်မာပြည်သူများကလည်း မျှော်လင့်လျက်ရှိသဖြင့် ထိုင်းရွေးကောက်ပွဲသည် အိမ်နီးချင်း မြန်မာ အပေါ် သက်ရောက်မှုများ ရှိနေသည်ကတော့ အမှန်ပင် ဖြစ်သည်။