မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ပေါ်ရှိ ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ရုံးကို ကိုးကန့်တပ် (MNDAA) က ပြီးခဲ့သည့် အင်္ဂါနေ့ (ဧပြီ ၂၃) တွင် ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများက ပြောကြသည်။
MNDAA က” ၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၃ အောက်တိုဘာ ၂၉ ရက်မှ စတင်၍ မုံးကိုးမြို့နယ်အတွင်းရှိ မန်းယန်၊ ကွမ်ထန်၊ ပိုက်ဖိန်ပေါက်ပေါက် တောင်ကုန်း၊ ဖောင်းဆိုင်၊ ကွမ်းလွန် စသည့် နေရာများရှိ စစ်ကောင်စီ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် နယ်စပ်မြို့ မုံးကိုးမြို့ကို သိမ်းပိုက်ကာ မြို့ပေါ်အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။
ဧပြီ ၂၃ ရက် ညပိုင်းတွင် မုံးကိုးမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိနေသည့် ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ရုံးကို MNDAA က အထက်အမိန့်အရ ဆိုကာ တားမြစ်စာနှင့်အတူ ချိပ်ပိတ်ခဲ့ကြောင်း မုံးကိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“KIA ကို အဲဒီမှာ မနေနဲ့ ..ထွက်ဆိုပြီးတော့ ပြောတာမျိုးတော့ မရှိဘူး။ ရုံးတံခါးအရှေ့မှာ တားမြစ်တယ်ဆိုပြီး စာတွေပဲ လိုက်ကပ်လိုက်တာပေါ့။ ကိုးကန့်နဲ့ပဲ ဆိုင်တယ်ဆိုတဲ့ သဘောမျိုးလုပ်နေတာ”
လက်ရှိတွင် KIA က ထိုရုံးအတွင်းမှ ထွက်ခွာပေးခြင်းမရှိဘဲ ဆက်လက်နေထိုင်နေပြီး MNDAA နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု သတင်းများထွက်နေကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။
ယခုနှစ် နှစ်ဆန်းပိုင်းကတည်း KIA က မုံးကိုးမြို့အတွင်း သွားလာလှုပ်ရှားမှုများ ပြုလုပ်လာပြီး တပ်ဖွဲ့ဝင်တချို့က ဧပြီလ ပထမပတ်တွင် အဆိုပါ ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ရုံးတွင် ဝင်ရောက်နေထိုင်နေခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာ-တရုတ်နယ်စပ် မုံးကိုးမြို့ကို သိမ်းပိုက်ထားသည့် MNDAA နှင့် ထိုဒေသအတွင်း ယခင်ကတည်းက စစ်ရေးလှုပ်ရှားခဲ့သည့် KIA နှင့် ပွတ်တိုက်မှု စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။
KIA သည် ကချင်ပြည်နယ်ပြင်ပရှိ နယ်စပ်တစ်လျှောက်မှ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုံးကိုးဒေသများနှင့် နမ့်ဖတ်ကာ၊ ကွတ်ခိုင်တစ်ဝိုက် ယခင်ကတည်းက လှုပ်ရှားမှုများရှိခဲ့သည်။
ဧပြီ ၂၃ နံနက်တွင်လည်း မုံးကိုးမြို့ ကချင်ရိုးရာမနောကွင်းအတွင်း ခန်းမဆောင်တည်ဆောက်နေမှုကို MNDAA ဘက်က လာရောက်တားဆီးခဲ့ပြီး ခန်းမဆောင်တည်ဆောက်မှုတွင် အသုံးပြုသည့် သဲ၊ ကျောက်များကို ၃ ရက်အတွင်း ဖယ်ရှားရန် သတိပေးခဲ့သည်ဟု ဒေသခံ ကချင်လူငယ်တစ်ဦးက ပြောသည်။
အဆိုပါတည်ဆောက်မှုအတွက် မုံးကိုးမြို့ ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ရုံးက MNDAA ထံ စာတင်ထားခဲ့ကြောင်း၊ တည်ဆောက်မည့်နေရာသည် ကချင်ဘိုးဘွားပိုင်မြေဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုမနောကွင်း၌ တရုတ်နှစ်သစ်ကူးကာလအတွင်းက လောင်းကစားဝိုင်းများပါဝင်သည့် ပွဲတစ်ခုကို MNDAA က ဖွင့်လှစ်ခဲ့သလို မြေနေရာအငြင်းပွားမှုများရှိနေသောကြောင့် လက်ရှိတွင် မနောခန်းမဆောင်တည်ဆောက်မှုကို ရပ်နားထားကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင်လည်း မုံးကိုးမြို့နယ် မုန်ယာနှင့် နောင်ခမ်းကျေးရွာခံများ အဓိကအသုံးပြုနေသည့် နမ့်ဆေချောင်းအတွင်း MNDAA က ရွှေတူးဖော်မှုများ ပြုလုပ်နေသောကြောင့် ရွာခံများစုပေါင်းပြီး ဆန္ဒပြမှု ဖြစ်ပွားထားသည်။
မုံးကိုးမြို့ပေါ်တွင် MNDAA က ၎င်းတို့ အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ထားသလို ကချင်၊ တအာင်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင်လည်း အုပ်ချုပ်ရေးမှူးနေရာကို MNDAA တပ်ဖွဲ့ဝင်များက ရယူထားသောကြောင့် ပြောဆိုဆွေးနွေးရာတွင် ဘာသာစကားကအစ အခက်အခဲဖြစ်နေကြောင်း ဒေသခံတချို့က ဆိုသည်။
လတ်တလောတွင် MNDAA က မြို့ပေါ်၌ ဖုန်းလိုင်းနှင့် လမ်းပန်းဆက်သွယ်ရေးများ ဖွင့်လှစ်ပေးထားပြီး မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးချုပ်နှောင်ထားခြင်းလည်း ရှိနေကြောင်း သိရသည်။
မုံးကိုးမြို့နှင့် တရုတ်ပြည်နယ်စပ် မန်ဟိုင်းဂိတ်ပေါက်ကို ယခုနှစ် မတ်လအတွင်း ပြန်ဖွင့်လှစ်ခဲ့ပြီး မြန်မာဘက်က ကြံကားများကိုသာ တရုတ်ဘက်က ဝင်ခွင့်ပေးထားသလို စက်သုံးဓာတ်ဆီအပါအဝင် တရုတ်ကုန်ပစ္စည်းအမျိုးမျိုးကို မုံးကိုးမြို့ထဲ တင်သွင်းခွင့်ရနေကြောင်း မြို့ခံများကို ကိုးကား၍ သိရသည်။
မုံးကိုးမြို့အနောက်တောင်ဘက်မှ အဖြောင့်တိုင်းပါက ၁၅ မိုင်ကျော်ခန့်အကွာတွင် ပန်ဆိုင်း (ကြူကုတ်)၊ ထိုမှ ၁၁ မိုင်ကျော်ခန့်အကွာတွင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် မူဆယ်မြို့တို့ရှိကြသည်။
လက်နက်ကိုင်များ ပေါင်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် အချင်းချင်းဖြစ်သော KIA နှင့် MNDAA တို့ ပွတ်တိုက်မှုဖြစ်နေသလို ကွတ်ခိုင်မြို့တွင်လည်း မြို့ကို သိမ်းပိုက်ထားသည့် တအာင်းတပ် (TNLA) နှင့် KIA တို့ ဆက်ဆံရေး တင်းမာနေကာ MNDAA ကလည်း ရပ်ကွက်တချို့တွင် နေရာဝင်ယူထား၍ မြောက်ပိုင်းအဖွဲ့ဝင် TNLA နှင့် MNDAA တို့ ဆွေးနွေးမှုများ ပြုလုပ်နေသည်။
အဆိုပါ မုံးကိုးမြို့ ကချင်ရုံးချိပ်ပိတ်မှုကိစ္စရပ်များနှင့်ပတ်သက်ပြီး KIA, MNDAA တို့ထံမှ တုံ့ပြန်ချက် မရသေးပေ။