သတင်း

ကွတ်ခိုင်မြို့တွင် KIA, TNLA အပြင် MNDAA လည်း တပ်စွဲနေရာယူထား

တအာန်းတပ် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် KIA ဆက်ဆံရေးရုံးနှင့် ပတ်သက်ပြီး တင်းမာမှု ရှိနေသလို ကိုးကန့်တပ် MNDAA ကပါ နေရာယူထား၍ တွေ့ဆုံဆွေးနွေးနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် မဟာမိတ်ပြုထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ နေရာယူတပ်စွဲထားပြီး အောက်ခြေအဆင့်တွင် ပွတ်တိုက်မှုတချို့ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဇန်နဝါရီ ၁ မှ ၈ ရက်အထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိုမြို့ရှိ အမှတ် ၂၄၁၊ ၂၄၂၊ ၄၅ ခြေလျင်တပ်ရင်းများနှင့် အမှတ် ၂၄၇ အမြောက်တပ်ရင်းတို့ကို တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ထားခဲ့သည်။

မြို့သိမ်းတိုက်ပွဲအပြီးတွင် ကိုးကန့်တပ် (MNDAA) က မြို့ပေါ်ရှိ ရပ်ကွက်ရုံးနှင့် ဌာနဆိုင်ရာရုံး အနည်းဆုံး ၅ နေရာခန့်တွင် ဝင်ရောက်တပ်စွဲခဲ့သလို ယခုအခါ ကိုးကန့်နှင့် တရုတ်တို့ ရှိသည့် နေရာများတွင် လမ်းပြင်ခြင်း၊ ယာဉ်လမ်းကြောင်း ထိန်းသိမ်းခြင်း၊ မူးယစ်ဆေးအမှုနှင့် ခိုးမှုများကို ကိုင်တွယ်အရေးယူခြင်းများပါ လုပ်ဆောင်နေသည်ဟု မြို့ခံများထံမှ သိရသည်။

ကွတ်ခိုင်မြို့ပေါ်မှ အုပ်ချုပ်ရေးလုပ်ငန်းအရပ်ရပ်အားလုံးကို TNLA တပ်ဖွဲ့တစ်ခုသာ တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကွတ်ခိုင်မြို့ပေါ် တပ်စွဲထားသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA တာဝန်ရှိသူများကို TNLA က ယခုရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးထားကြောင်း အဆိုပါဆွေးနွေးပွဲ ပါဝင်သူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

လတ်တလော ကွတ်ခိုင်မြို့ပေါ်တွင် TNLA က အင်အားရာချီဖြင့် လုံခြုံရေးတာဝန်ယူထားပြီး ဖုန်းလိုင်းနှင့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်ပေးထားသည်၊ တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနအဆောက်အအုံကို အကုန်အကျခံပြီး ပြန်လည် တည်ဆောက်ရန် ကြိုးစားနေသည်ဟု သိရသည်။

ဧပြီ ၁၉ ရက်တွင် ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့အကြားရှိ မော်ဟန်ကျေးရွာအုပ်စုအနီး TNLA နှင့် MNDAA စစ်ကြောင်းတို့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားပြီး သေနတ်ပစ်ဖောက်မှုပင် ရှိခဲ့ကြောင်း ဒေသခံများကို ကိုးကား၍ သျှမ်းသံတော်ဆင့် သတင်းတစ်ပုဒ်တွင် ယနေ့ ဖော်ပြထားသည်။

လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ သိန္နီ၊ နမ္မတူ၊ လားရှိုးမြို့နယ်တို့နှင့် နီးစပ်သည့် ကွတ်ခိုင်မြို့သည် ယခင်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကာလကြာရှည် လှုပ်ရှားကာ အခွန်/ ဆက်ကြေး ကောက်ခံနေသည့်မြို့လည်း ဖြစ်သည်။

သက်တမ်းရင့်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ (၄) နယ်မြေထဲတွင် ကွတ်ခိုင်မြို့နယ်လည်း ပါဝင်သည်။

KIA နှင့် TNLA ဆက်ဆံရေး

အလားတူ ကွတ်ခိုင်မြို့ အမှတ် (၁) ရပ်ကွက်တွင် ၁၉၉၅ မှ၂၀၀၅ ခုနှစ်အထိ KIA ၏ တောင်ပိုင်းတိုင်းဆက်ဆံရေးရုံး ဖွင့်လှစ်ထားသည်၊ နောက်ပိုင်းတွင် ထိုနေရာကို ကချင်စာပေအဖွဲ့ (ကွတ်ခိုင်) က နေရာယူထားသည်၊ TNLA က မြို့ကို သိမ်းပိုက်အပြီး ရက်ပိုင်းအတွင်း KIA က ထိုရုံးတွင် နေရာပြန်ယူခဲ့သည်။

ယခုလ ၁၅ ရက်နေ့တွင် TNLA ၏ အမှတ် (၁) နယ်မြေမှူးနှင့်အဖွဲ့ ထိုရုံးသို့ ဝင်ရောက်ခဲ့ပြီး ရုံးကို သင်္ကြန်ကာလအတွင်း ယာယီပိတ်သိမ်းထားရန်၊ KIA တပ်ဖွဲ့ဝင်များအနေဖြင့် အရပ်ဝတ်ဖြင့်သာ နေထိုင်ရန် ဆွေးနွေးအသိပေးခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကွတ်ခိုင်မြို့ပေါ်မှာလည်း သင်္ကြန်ပွဲ ကျင်းပနေတော့ KIA ရှိနေရင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်လို့ ယာယီပိတ်ခိုင်းတဲ့သဘောပါပဲ” ဟု TNLA နှင့် နီးစပ်သည့် ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

“မြို့ခံတွေ ထိခိုက်လာမှာ စိုးရိမ်တာကြောင့်ရယ်၊ KIA ရှိနေလို့ ဗုံးကြဲတယ်ဆိုတဲ့ ကိစ္စတွေ မဖြစ်လာရအောင်ပေါ့”

အထက်အမိန့်အရ ရုံးကို ပုံမှန်လည်ပတ်မည်ဖြစ်ကြောင်း TNLA ဘက်ကို အကြောင်းပြန်ခဲ့ပြီး ဆက်လက် လည်ပတ်ခဲ့သည်ဟု သိရသည်။

 ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း အမှတ် (၁၂၃) စခန်းကို သိမ်းယူအပြီး လုံခြုံရေးယူထားသည့် KIA တပ်သားတစ်ဦး။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

TNLA က ထိုဆက်ဆံရေးရုံးမှ ဦးဆောင်သူ၊ ဌာနနှင့် တပ်ဖွဲ့ဝင်စာရင်းများကို တောင်းယူသဖြင့် KIA ဘက်ကလည်း ထိုစာရင်းများ ပြန်လည်တင်ပြခဲ့ကြောင်း ထိုတွေ့ဆုံမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဆက်ဆံရေးရုံးကိစ္စ ဆွေးနွေးမှုအတွင်း နှစ်ဖက် အင်အားစုစည်းမှုနှင့် စစ်ရေးပြင်ဆင်မှုရှိသောကြောင့် မြို့ခံများ အထိတ်တလန့်ဖြစ်ခဲ့ကြောင်း ကွတ်ခိုင်မြို့မှ တအာင်းနိုင်ငံရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက ဆိုသည်။

“မြို့ခံတွေက စစ်ပွဲကာလမှာရော အထိတ်တလန့်နဲ့ နေရတယ်။ အခုလည်း စိုးရိမ်ထိတ်လန့်မှုမရှိအောင် အေးအေးချမ်းချမ်း နေလို့ရအောင် လူထုကိုတော့ ငဲ့ညှာပေးဖို့ တောင်းဆိုချင်တယ်” ဟု ထိုသူက ဆိုသည်။

“စစ်ရေးပြန်လာတာတောင် မကြာသေးဘူး၊ နောက်ထပ်ပြန်ဖြစ်မယ်ဆိုရင် လူထုတွေ တအားဒုက္ခရောက်မှာ စိုးရိမ်လို့ စစ်ရေးပြင်ဆင်တာတွေ မလုပ်ဖို့ မေတ္တာရပ်ခံထားတယ်”

ထိုရုံးကို ဆက်ဆံရေးရုံးအဖြစ် နှစ်ဖက် တရားဝင် သဘောတူ သတ်မှတ်ထားခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၄ ရက်နေ့တွင်လည်း အင်အား ၅၀ ခန့်ရှိ KIA တပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်တချို့တွင် နေရာယူ တပ်စွဲခဲ့ကာ နောက်တစ်နေ့နံနက်တွင် မြို့ခံ ကချင်ဒေသခံတချို့နှင့်အတူ ကချင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်ခဲ့ရာ TNLA က ထိုအလံများ လိုက်လံ ဖြုတ်ယူခဲ့သဖြင့် ဆက်ဆံရေး တင်းမာခဲ့ကြသေးသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်အဖွဲ့များက နယ်မြေအများအပြား ထိန်းချုပ်နိုင်ခဲ့ရာ TNLA ကလည်း မြို့တချို့ကို ရရှိခဲ့သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကွတ်ခိုင်ဗျူဟာကို တိုက်ခိုက်သိမ်းပိုက်ပြီး ၇ မြို့မြောက်အဖြစ် ဇန်နဝါရီ ၈ ရက်နေ့တွင် ကွတ်ခိုင်မြို့ကို အပြီးသတ်ရရှိခဲ့သည်။

ကွတ်ခိုင်မြို့နှင့် မူဆယ် ၁၀၅ မိုင်အကြား ကွတ်ခိုင်မြို့ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ နမ့်ဖတ်ကာရွာရှိ အမှတ် (၁၂၃) ခြေလျင်တပ်ရင်းကို KIA က တစ်လအကြာ တိုက်ခိုက်သိမ်းပိုက်ပြီး နမ့်ဖက်ကာရွာကို ထိန်းချုပ်ထားသည်။

ယခုလ ဧပြီလဆန်းက စစ်ယူနီဖောင်း၊ လက်နက်အပြည့်အစုံနှင့် TNLA တပ်ဖွဲ့ဝင် ဆယ်ဂဏန်းခန့်က နမ့်ဖတ်ကာကျေးရွာအတွင်းရှိ စျေးဆိုင်ခန်းတစ်ခုချင်းစီကို ဝင်ရောက်ရှာဖွေကာ စစ်ကောင်စီထုတ်ကုန်များကို ဖျက်ဆီးခဲ့သည်၊ ထိုစဉ်ကလည်း KIA ဘက်က ကျေးရွာအတွင်း အင်အားပြန်လည်စုစည်းခဲ့ကြောင်း ရွာခံတစ်ဦးက ဆိုသည်။

ဧပြီလ ဒုတိယပတ်အတွင်း မူဆယ် ၁၀၅ မိုင် ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်အွမ်ကျေးရွာအနီး ဂိတ်ချ အခွန်ကောက်ခံနေသည့် KIA တပ်ဖွဲ့ဘက်က TNLA နှင့် ဆက်စပ်သည့် ကြံကား ၂ စီးကို ပစ်ခတ်ခဲ့မှုကြောင့် မြေပြင်တင်းမာမှုရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ထို့ပြင် သင်္ကြန်ကာလအတွင်း နမ့်ဖတ်ကာရွာတွင်လည်း ကားရေပြန်ဖြည့်ရန် လာသည့် ဒေသခံလူငယ်တချို့နှင့် TNLA တပ်ဖွဲ့ဝင်တချို့ ပြဿနာဖြစ်ရာမှ KIA တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ထိုးကြိတ်မှု အနည်းငယ်ဖြစ်ပွားခဲ့သဖြင့် နမ့်ဖတ်ကာကျေးရွာရှိ ကချင်နှင့်တအာင်း စာပေယဉ်ကျေးမှုအဖွဲ့များက ကြားဝင်ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့က သေနတ်ဖောက်ခဲ့သည်ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရပ်သားနဲ့ TNLA က နမ့်ဖတ်ကာမှာ ဖြစ်တာ။ ရေသယ်တဲ့ကိစ္စ၊ အဲဒီမှာတော့ TNLA သေနတ်ပစ်ဖောက် ခြောက်လှန့်တာပေါ့ ပြည်သူတွေကို။ လူကိုတော့ မထိဘူးပေါ့နော်။ အဲဒါလည်း ဖြေရှင်းပေးပြီးပြီလို့ သိရပါတယ်” ဟု သူက ဆိုသည်။

“လက်နက်ကိုင်တိုင်းကတော့ အဆိပ်ကိုယ်စီနဲ့ပါပဲ။ သူတို့လက်နက်ကိုင်အချင်းချင်း ပြန်ဖြစ်ရင် ကျွန်မတို့လူထုတွေ ကြားညှပ်မှာကိုပဲ စိုးရိမ်ပါတယ်”

TNLA နှင့်  MNDAA သည် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်များ ဖြစ်ကြသလို MNDAA နှင့် KIA သည်လည်း လက်နက်ကိုင်များ ပေါင်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည်။

FPNCC တပ်ပေါင်းစုတွင် ‘ဝ’ တပ် UWSA၊ ကချင်တပ် KIA၊ ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA၊ မိုင်းလားအခြေစိုက်တပ် NDAA တို့လည်း ပါဝင်ပြီး နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းမှုများ ရှိကြသည်။

Show More

Related Articles

Back to top button