အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

MNDAA က သိန္နီနှင့် ကွတ်ခိုင်တွင် လျှပ်စစ်မီးပေး

MNDAA ထိန်းချုပ်ထားသည့် ဒေသများတွင် ရေအားလျှပ်စစ်စက်ရုံမှ ရသည့်လျှပ်စစ်ဖြင့် ဓာတ်အားပေးနေပြီး သိန္နီမြို့၊ ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်တစ်ခု၊ တာမိုးညဲတို့  လျှပ်စစ်မီးရနေပြီဟု ဒေသခံများက ဆိုကြသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီနှင့်ကွတ်ခိုင်မြို့နယ်တွင် ရေအားလျှပ်စစ်စက်ရုံမှ ထုတ်သည့် လျှပ်စစ်ဓာတ်အားဖြင့် ယခုလ ၁ ရက်မှစတင်၍ လျှပ်စစ်မီးပေးနေသည်ဟု ဒေသခံများက ပြောကြသည်။

“ ၁၀၂၇ စစ်ဆင်ရေး” အပြီး သိန္နီမြို့အနောက်ဘက် ဟိုနားကျေးရွာအနီး တည်ဆောက်ခဲ့သည့် ရေအား လျှပ်စစ်စက်ရုံမှ သိန္နီ၊ ကွတ်ခိုင်နှင့် တာမိုးညဲမြို့နယ်တို့ကို လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း သိရသည်။

“မီးက ၁ ရက်နေ့ကတည်းက စရတယ်။ မြို့ပေါ်ရပ်ကွက်တွေတော့ အကုန် (မီး) ရပြီ။ ရွာတွေဘက်တော့ မီးလိုင်းတွေ လိုက်ဆင်ပြီး ပေးဖို့လုပ်နေတယ်” ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ အလယ်အလတ် အရွယ်အစားရှိသည့် စက်ရုံမှ လျှပ်စစ်ဓာတ်အား ၁၂,၆၀၀ ကီလိုဝပ် (၁၂ ဒသမ ၆ မဂ္ဂါဝပ်) ထွက်ရှိမည်ဖြစ်ပြီး  သိန္နီမြို့သာမက ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကွတ်ခိုင်နှင့် တာမိုးညဲမြို့တို့အပြင် လားရှိုးမြို့အစပ် ကျေးရွာများအထိ  လျှပ်စစ်မီးပေးနိုင်ရန် စီစဉ်ထားသည်ဟု MNDAA နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။

သိန္နီရေအားလျှပ်စစ် စက်ရုံကို အထူးဒေသ (၁) ရေပေးဝေရေးနှင့် လျှပ်စစ်စွမ်းအားကုမ္ပဏီလီမိတက် (Myanmar Federal First Special Region Water and Power Co., Ltd.) က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း MNDAA  သတင်းများဖော်ပြနေသော The Kokang သတင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

“ကွတ်ခိုင်က မြို့ပေါ်ရပ်ကွက် အားလုံးတော့မရသေးဘူး။ ရပ်ကွက် (၅) နဲ့ တာမိုးညဲဘက်ကို ဦးစားပေး လုပ်နေတယ်။ ကျန်တဲ့နေရာတွေလည်း တဖြည်းဖြည်း ရမယ်ပြောတယ်” ဟု ကွတ်ခိုင်မြို့ခံအမျိုးသား တစ်ဦးကလည်း ပြောသည်။

 ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်က စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” မှစတင်၍  သိန္နီအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်မြေအများစုတွင် လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရသည်မှာ သုံးနှစ်နီးပါးရှိခဲ့ပြီ ဖြစ်သည်။ နယ်မြေအများစုကို MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်သည့် ဒေသများကို ကိုယ်ပိုင်လျှပ်စစ်ဓာတ်အား ပေးနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ 

သိန္နီနှင့် ကွတ်ခိုင်မြို့တို့တွင် အိမ်သုံးလျှပ်စစ်အတွက် တစ်ယူနစ်လျှင် ၄၀၀ ကျပ်၊ စီးပွားရေးနှင့် စက်မှု လုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၆၀၀ မှ ၇၀၀ ကျပ်အထိ ကောက်ခံမည်ဟု MNDAA က ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်တွင် ထုတ်ပြန်ထားသည်။

သို့သော် အိမ်သုံးတစ်ယူနစ်လျှင် ၄၀၀ ကျပ်နှုန်းသည် စီးပွားရေးအခက်အခဲကြုံနေရသည့် မိသားစုများအတွက် ဈေးနှုန်းမြင့်မားသည်ဟု ဒေသခံအချို့က ဆိုကြသည်။

“မီး…ရတာတော့ ကောင်းတယ်။ ဒါပေမဲ့ မီတာခက ဈေးများနေတယ်။ ကျွန်တော်တို့က ဆိုလာတွေ တပ်ထားပြီးသားဆိုတော့ မိုးအုံ့ပြီး ဆိုလာမနိုင်တဲ့အချိန်မှပဲ လျှပ်စစ်မီးကို သုံးဖြစ်မှာ” ဟု အထက်ပါ သိန္နီမြို့ခံ အမျိုးသားက ပြောသည်။

စစ်တပ် အုပ်ချုပ်နေသော လားရှိုးမြို့တွင်မူ အိမ်သုံးမီတာ တစ်ယူနစ် ၅၀ ကျပ်၊ ၅၀ ယူနစ် ထက်ပိုပါက  တစ်ယူနစ်လျှင် ၁၀၀ ကျပ် ကောက်ခံကြောင်း သိရသည်။ 

သိန္နီမြို့ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်နေမှုအား ယခုနှစ် မတ်လ ၁၉ ရက်တွင် MNDAA က လာရောက်စစ်ဆေးစဉ်။ (ဓာတ်ပုံ-The Kokang) 

“၁၀၂၇ စစ်ဆင်ရေး” အတွင်း MNDAA သည် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုးနှင့် တာမိုးညဲ စသည့် မြို့များကို သိမ်းပိုက်ခဲ့သည်။ ယခုနှစ် မတ်လတွင်လည်း TNLA ထံက ကွတ်ခိုင်မြို့ကို ထပ်မံတိုက်ခိုက်ရယူခဲ့ကာ လောက်ကိုင်၊ မူပန် (သိန္နီ)၊ ကွတ်ခိုင်နှင့် မုံးကိုးခရိုင်ဟူ၍ ခရိုင်လေးခုခွဲကာ အထူးဒေသသ (၁) အမည်ဖြင့် အုပ်ချုပ်လျက်ရှိသည်။

မြို့ပေါ်ရပ်ကွက် ရှစ်ခု ရှိသည့် ကွတ်ခိုင်မြို့သည် မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိရာ မူဆယ်မြို့နှင့် မိုင် ၆၀ ခန့်အကွာတွင် တည်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကုန်သွယ် ရေးလမ်းကြောင်းပေါ်တွင် ရှိသည့်မြို့ဖြစ်သည်။ ကွတ်ခိုင်မြို့အရှေ့မြောက်အရပ် မိုင် ၅၀ ခန့်အကွာ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နှင့် အနောက်ဘက် မိုင် ၂၀ အကွာ သိန္နီမြို့တည်ရှိသည်။ 

ဒေသအတွင်း စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် တရုတ်လုပ်ငန်းရှင် များအား MNDAA က ဖိတ်ခေါ်ခဲ့ပြီး လုပ်ငန်းတိုးချဲ့မှုကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာနေရာ ရေအားလျှပ်စစ်စီမံကိန်းများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားဖြင့် အစားထိုးရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

သိန္နီမြို့နယ် နမ့်စလတ်ရွာအနီး ရေအားလျှပ်စစ်စီမံကိန်းတစ်ခု ထပ်တည်ဆောက်နေပြီး အဆိုပါစီမံကိန်း မှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင်မြို့များသို့ ဖြန့်ဖြူးမည်ဟု ဒေသခံများက မျှော်မှန်းထားကြသည်။

MNDAA ၊ တအာင်းတပ် (TNLA) ၊ အာရက္ခတပ်တော် (AA) တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး ဆုံးရှုံးခဲ့ရသည့် စစ်တပ်သည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် MNDAA၊ TNLA တို့ဖြင့် အပစ်ရပ်ထားသည်။

TNLA က တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းပေါ်ရှိ မြို့အများစုကို  စစ်တပ်၏ ထိုးစစ်၊ တရုတ်၏ ကြားဝင်မှုဖြင့် လက်လွှတ်ခဲ့ရပြီး MNDAA ကမူ လားရှိုးမြို့ကိုသာ ပြန်ပေးလိုက်ရပြီး နယ်မြေအများစုတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး လည်ပတ်နေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button