ရှမ်းပြည်နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဝင်ရောက် တပ်စွဲထားပြီး နှစ်ဖက် ဆက်ဆံရေးတင်းမာလာကြောင်း ဒေသခံများထံမှ သိရသည်။
ထိုမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA က ဇန်နဝါရီလဆန်းပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် မြို့ကို အလုံးစုံထိန်းချုပ်ထားခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အင်အား ၅၀ ခန့်ရှိ KIA တပ်ဖွဲ့က မြို့ပေါ် ရပ်ကွက်တချို့တွင် နေရာယူတပ်စွဲခဲ့ကာ ကချင်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနား ကျင်းပရန် ပြင်ဆင်ခဲ့သည်၊ နောက်တစ်နေ့ နံနက်တွင် KIA တပ်ဖွဲ့နှင့် မြို့ခံကချင်ဒေသခံတချို့က ရပ်ကွက်တချို့နှင့် ပြည်ထောင်စုလမ်းမကြီးတွင် ကချင်အလံများကို လွှင့်ထူထားရာ နံနက် ၁၀ နာရီခန့်တွင် TNLA က ထိုအလံများ လိုက်လံဖြုတ်ယူခဲ့ကြောင်း မြို့ခံများက ပြောကြသည်။
“အလံတွေလိုက်ဖြုတ်လိုက်တော့ ဒီဘက်ကလည်း သိပ်မကျေနပ်ဘူးပေါ့၊ နှစ်ဖက်လုံးကလည်း နည်းနည်းတော့ တင်းမာမှုတွေဖြစ်လာတော့ ပြည်သူတွေကလည်း တိုက်ပွဲတွေဖြစ်လာမှာလည်း စိုးရိမ်ကြတာပေါ့” ဟု အသက် ၄၀ ကျော်အရွယ် ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
TNLA ကလည်း အလံများကို ဖယ်ရှားခဲ့ကြောင်း အတည်ပြုသည်။
KIA တပ်က အသိပေးမှုမရှိဘဲ မြို့တွင်းသို့ ဝင်ရောက်ခဲ့ပြီး အခမ်းအနားပြုလုပ်ခဲ့သည်၊ မြို့ခံများ စိုးရိမ်နေသောကြောင့် အလံများ ဖြုတ်ယူခဲ့ခြင်း ဖြစ်သည်ဟု ကွတ်ခိုင်မြို့အခြေစိုက် TNLA တာဝန်ရှိသူတစ်ဦးက ပြောသည်။
KIA တပ်ဖွဲ့က အမှတ် (၁) ရပ်ကွက်တွင် ၂၀၀၅ ခုနှစ်က ဖွင့်လှစ်ထားသည့် KIA ဆက်ဆံရေးရုံး၊ အမှတ် (၆) ရပ်ကွက်နှင့် (၇) ရပ်ကွက်တို့ရှိ စာသင်ကျောင်းများတွင် တပ်စွဲထားသည်ဟု သိရသည်။
ကွတ်ခိုင်မြို့၌ ဖြစ်ပွားနေသည့် တင်းမာမှုများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာတွင် နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ပြောသည်။
“ကျွန်တော်တို့ရဲ့ အလံတွေကို ဖြုတ်ချတယ်ဆိုတဲ့ သတင်းတော့ ကျွန်တော်တို့ ကြားပါတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ ဘယ်လို ဖြေရှင်းကြတယ်၊ ဘယ်လိုပြန်ပြောကြတယ်ဆိုတာကတော့ ကျွန်တော်တို့ အဆက်အသွယ်မရဘူးဖြစ်နေတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အလံဖြုတ်ချခြင်းနှင့်ပတ်သက်ပြီး TNLA ၏ လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း မကြာသေးမီက ဖွဲ့စည်းထားသည့် ကွတ်ခိုင်ကချင်တမန်အဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကာလကြာရှည် လှုပ်ရှားကာ အခွန်/ဆက်ကြေး ကောက်ခံနေသည့်မြို့ ဖြစ်သည်။
KIA က မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ နမ့်ဖတ်ကာရွာရှိ အမှတ် ၁၂၃ ခြေလျင်တပ်ရင်းစခန်းကို တစ်လနီးပါးကြာ ထိုးစစ်ဆင်ပြီးနောက် ထိုရွာကို ထိန်းချုပ်ခဲ့သည်။ ထိုရွာမှ KIA တပ်ဖွဲ့ဝင်အများအပြား ကွတ်ခိုင်သို့ ဝင်လာမည်ဟု သတင်းထွက်နေကြောင်း ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ကွတ်ခိုင်မြို့ထဲမှာ ကချင်တပ်ဖွဲ့ကို ဝင်ခွင့်မပေးဘူးလို့ ကြားတယ်။ သူတို့ ဝင်လာရင်တော့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတာပေါ့” ဟု သူက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းမှာလည်း ကွတ်ခိုင်-နမ့်ဖက်ကာရွာအကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်တပ်၏ နမ့်ခိုင်တံတားတပ်စခန်းကို TNLA က အင်အား ၁၀ ဦးခန့်ဖြင့် စီးနင်းတိုက်ခိုက်ခဲ့ရာ KIA ကလည်း အင်အား ၂၀၀ ဝန်းကျင်ဖြင့် ထိုနေရာသို့ ရောက်ရှိလာသောကြောင့် တပ်ဖွဲ့နှစ်ခုအကြား ပွတ်တိုက်မှု ရှိခဲ့သည်ဟု သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်း KIA တပ်များ ဝင်ရောက်တပ်စွဲသည့် ကိစ္စကိုလည်း တိုက်ရိုက်ညွန်ကြားထားခြင်း မရှိသလို မြေပြင်တပ်များ၏ လှုပ်ရှားမှုအခြေအနေလည်း သတင်းရောက်လာခြင်းမရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကွတ်ခိုင်မြို့နယ်သည် KIA တပ်ဟာ (၄) လှုပ်ရှားသည့် ဒေသဖြစ်ပြီး တပ်မဟာ (၄) နှင့် အဆက်အသွယ်မရသေး သည့်အတွက် မြေပြင်အခြေအနေများကို မသိရသေးကြောင်း ဆိုသည်။
လတ်တလောတွင် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များက တင်းမာမှုများ ဆက်မဖြစ်အောင် ကြိုးစားသင့်ကြောင်းနှင့် မြို့ခံလူထု ဒုက္ခထပ်မရောက်ဖို့လည်း တိုက်ပွဲများ မဖြစ်အောင် ရှောင်ရှားသင့်ကြောင်း အထက်ပါ ကွတ်ခိုင်မြို့ခံ အမျိုးသမီးက ပြောသည်။
“လူထုအနေနဲ့ကတော့ အေးအေးချမ်းချမ်းနေချင်တာပေါ့၊ လူမျိုးရေးပြဿနာလည်း မဖြစ်ချင်ကြဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဖိနှိပ်တာတို့ နားလည်မှုမရှိမှာကိုတော့ လူထုကလည်း စိတ်ပူကြတယ်”
တရုတ်နယ်စပ်မြို့ဖြစ်သော မူဆယ်ဒေသသည် ညီနောင်မဟာမိတ်သုံးဖွဲ့ဟု ခေါ်သည့် ကိုးကန့်တပ် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် TNLA တို့ လှုပ်ရှားသည့်နယ်မြေဖြစ်ပြီး ကွတ်ခိုင်မြို့အနီးတစ်ဝိုက် KIA တပ်ဖွဲ့များ အများဆုံးလှုပ်ရှားကာ ၂၀၂၃ နှစ်စမှ နှစ်လယ်အထိ KIA က တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။
ကွတ်ခိုင်မြို့ရှိ စစ်ဗျူဟာအဖွဲ့၊ ခြေလျင်တပ်ရင်း (ခလရ) များဖြစ်သော အမှတ် (၂၄၁၊ ၂၄၂၊ ၄၅) ၊ အမှတ်(၂၄၇) အမြောက်တပ်ရင်းများကို ဇန်နဝါရီ ၁ မှ ၈ ရက်အထိ TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးစတင်နေပြီဖြစ်သည်။
TNLA က ဖေဖော်ဝါရီလ ၈ ရက်နောက်ပိုင်းမှ စတင်၍ ဖုန်းလိုင်းဖွင့်လှစ်ခဲ့ပြီး လျှပ်စစ်မီးရရှိရေးအတွက် တရုတ်- မြန်မာနယ်စပ် နမ့်ခမ်းမြို့ရှိ ရွှေလီမဟာဓာတ်အားပေးလျှပ်စစ်စက်ရုံမှ ရယူရန် ကြိုးစားနေသည်။
လက်နက်ကိုင်များ ပေါင်းထားသည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) တပ်ပေါင်းစုတွင် KIA နှင့် ညီနောင် ၃ ဖွဲ့အပြင် ဝ တပ် UWSA, ရှမ်းတပ် SSPP, မိုင်းလားအခြေစိုက် NDAA တို့ ပါဝင်ကြသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တွင်မူ MNDAA,AA, TNLA တို့ ပါဝင်ကြကာ “၁၀၂၇” စစ်ဆင်ရေးကို ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။
၁၀ ၂၇ စစ်ဆင်ရေး မစမီ ယမန်နှစ် စက်တင်ဘာ ၂၃ ရက်ကလည်း မဟာမိတ်များဖြစ်သည့် TNLA နှင့် ရှမ်းတပ် SSPP/SSA တို့သည် ကွတ်ခိုင်မြို့နယ်အတွင်း နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အောက်ခြေတပ်များအကြား နားလည်မှုလွဲမှားရာမှ ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း TNLA က ပြောထားသည်။
မကြာသေးမီက KIA ပါဝင်သည့် ပူးပေါင်းတပ်က ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ကို ထိုးစစ်ဆင်နေစဉ် TNLA ၏ ဟန့်တားမှုကြောင့် ထိုးစစ် ရုတ်တရက် နောက်ပြန်ဆုတ်သွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက Myanmar Now ကို ပြောသည်။
ထိုးစစ်ဆင်သည့်တပ် ထူးထူးခြားခြား ပြန်ရုပ်သိမ်းသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး သက်ဆိုင်သည့်အဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ပြောခွင့်ရအရာရှိများကလည်း မိုးမိတ်မြို့တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိကြပေ။
၂၀၂၃ မေလလယ်ပိုင်းတွင် KIA နှင့် TNLA တို့ ကချင်ပြည်နယ်၊ မိုင်ဂျာယာန်ဒေသတွင် ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးပြီး ထာဝရမဟာမိတ်သဘောတူစာချုပ်ကို ဆက်လက် အသိအမှတ်ပြု ထိန်းသိမ်းသွားရန်၊ “မမျှော်လင့်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက် ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်းဖြေရှင်းသွားကြရန်” သဘောတူညီခဲ့ကြသည်ဟု ထိုလ လကုန်ပိုင်း ထွက်ပေါ်လာသည့် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။