သတင်း

မဟာမိတ်ဖွဲ့ထားသည့် TNLA နှင့် SSPP/SSA တို့ ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်

မဟာမိတ်ဖွဲ့ထားသည့် ရှမ်းမြောက်အခြေစိုက် တအာင်းတပ် TNLA နှင့် ရှမ်းတပ် SSPP/SSA တို့သည် ယမန်နေ့ (စက်တင်ဘာ ၂၃) နေ့လယ်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

တိုက်ပွဲသည် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှ ငါးမိုင်ခန့် ကွာဝေးသည့် မန်ပလန်ရွာအနီး နေ့လယ် ၃ နာရီခန့်မှ စတင်ကာ နာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဒေသတွင် လက်နက်အကိုင်တပ်ဖွဲ့အများအပြား ရှိနေပြီး လတ်တလောတွင် စစ်ကောင်စီနှင့် TNLA၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် စစ်ရေးမဟာမိတ်များဖြစ်ကြသလို လက်နက်ကိုင်များ ပေါင်းထားသည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။ FPNCC တပ်ပေါင်းစုတွင် ‘ဝ’ တပ် UWSA၊ ကချင်တပ် KIA၊ ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA၊ မိုင်းလားအခြေစိုက်တပ် NDAA တို့လည်း ပါဝင်ပြီး နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းမှုများ ရှိကြသည်။

မဟာမိတ်နှစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း TNLA ပြောခွင့်ရအရာရှိ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က အတည်ပြုသည်။

တိုက်ပွဲဖြစ်ရာ နေရာကို ဖြတ်သန်းသွားမည့် SSPP/SSA နှင့် ထိုနေရာတွင် တပ်စွဲထားသည့် TNLA တပ်များအကြား လမ်းအသုံးပြုခွင့်နှင့် ပတ်သက်ပြီး အောက်ခြေတပ်များအကြား နားလည်မှုလွဲမှားရာမှ ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ နှစ်ဖက်တပ်များ အထိအခိုက် အကျအဆုံး မရှိဟုလည်း ဆိုသည်။

“အဓိကတော့ ဘာသာစကားမပေါက်ကြတော့ နားလည်မှု လွဲမှားသွားတာဖြစ်တယ်။ နှစ်ဖက်မဟာမိတ်တွေလည်း ဖြစ်ပါတယ်။ ကြီးမားတဲ့ ပြသာနာတော့ မဟုတ်ပါဘူး“ ဟု TNLA အရာရှိက ယနေ့နံနက်တွင် Myanmar Now ကို ပြောသည်။

SSPP/SSA ဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ တပ်ဖွဲ့ပြောခွင့်ရ အရာရှိများထံ Myanmar Now က ဆက်သွယ်နေဆဲဖြစ်သည်။

ယခုနှစ် အခမ်းအနားတစ်ခုတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ – မြတ်ပန်း/ Myanmar Now)

လက်ရှိအချိန်တွင် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ရာ နေရာတွင် တပ်စွဲထားပြီး နောက်တစ်ကြိမ်ပစ်ခတ်မှုများ ထပ်ဖြစ်မည်ကို စိုးရိမ်ကြသဖြင့် ဒေသခံများ နီးစပ်ရာသို့ ထွက်ပြေးနေကြသည်။

“သက်ကြီးရွယ်အိုနဲ့ ကလေးမိခင်တွေ မနေ့ညနေကတည်းက ပြေးလာတာ။ ရွာအနီးမှာ SSPP ဘက်က ရှိနေသေးတော့ တိုက်ပွဲထပ်ဖြစ်လာမှာ စိုးရိမ်တယ်လေ။ မပြန်ရဲကြသေးဘူး” ဟု တိုက်ပွဲဖြစ်ရာ မန်ပလန်ရွာမှ အနီးအနားရှိ မိုင်းယုလေးရွာသို့ ထွက်ပြေးလာသည့် ရွာသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ အထက်ပါ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် လမ်းကြောင်းသို့ SSPP/SSA တပ်ဖွဲ့ဘက်က သွားလာနိုင်ခြင်းမရှိသေးဘဲ နှစ်ဖက်တပ်ဖွဲ့အကြား စစ်ရေးတင်းမာနေသည်ဟု မိုင်းယုလေးကျေးရွာခံ အမျိုသားတစ်ဦးက ပြောသည်။

မိုင်းယုလေးကျေးရွာနှင့် အနီးတစ်ဝိုက်ကို TNLA က တပ်မဟာ (၁) စစ်ဒေသအဖြစ် သတ်မှတ်ထားသလို SSPP/SSA ဘက်ကလည်း ရံဖန်ရံခါ လှုပ်ရှားသွားလာလေ့ရှိသည်။

စစ်ကောင်စီတပ်ကလည်း ထိုဒေသကို စိုးမိုးနိုင်ရန် ကြိုးစားနေပြီး ပြီးခဲ့သည့် စက်တာဘာလ ၅ ရက်နေ့က မိုင်းယုလေးကျေးရွာထဲသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်သုံးလုံး ပျက်စီးခဲ့သည်။

စစ်ကောင်စီနှင့် TNLA တို့သည် ယခုနှစ် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ကွတ်ခိုင် မူဆယ် အပါအဝင် ရှမ်းမြောက်ဒေသနှင့် မိုးကုတ်တို့တွင် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားနေသည်။ TNLA သည် ရှမ်းမြောက် မန်တုံနှင့် နမ့်ဆန်တို့တွင် အခြေစိုက်ပြီး ကျောက်မဲ၊​ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် မိုးကုတ် စသည့် မြို့နယ်များတွင် စစ်ရေးလှုပ်ရှားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် SSPP/SSA နှင့် စစ်ကောင်စီအကြားတွင်မူ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ရေးတင်းမာမှုနှင့် တိုက်ပွဲအချို့ ရှိခဲ့သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများလည်း ရှိနေသည်။

TNLA နှင့် SSPP/SSA တို့က မဟာမိတ်စစ်ဆင်ရေးအဖြစ် နောက်ထပ်ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ကို ၂၀၂၁ နှစ်လည်ပိုင်းက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့ဝင်များကို ၂၀၂၂ မေ ၂၁ ရက်က ပြုလုပ်သည့် ရှမ်းပြည်တော်လှန်ရေးနေ့အခမ်းအနားတွင် တွေ့ရစဉ်။ ဓာတ်ပုံ- SSPP/SSA

အမြဲတမ်းစစ်သည်အင်အား ၈၀၀၀ ခန့်ရှိသည်ဟု အကဲခတ်များက ခန့်မှန်းကြသည့် RCSS/SSA သည် ရှမ်းပြည်နယ်တောင်ပိုင်း လွယ်တိုင်းလျှန်းဒေသတွင် အခြေစိုက်ပြီး ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဦးဆောင်သည်။ လတ်တလောတွင် RCSS/SSA သည် နေပြည်တော်တွင် စစ်ကောင်စီနှင့် ရွေးကောက်ပွဲကျင်းပရေးအပါအဝင် စစ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button