
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ဝမ်ဟိုင်းဌာနချုပ်နှင့် မိုင် ၂၀ ဝန်းကျင်အကွာ မိုင်းရှူးမြို့နယ်ရှိ လုံခြုံရေးတပ်စခန်းသုံးခုကို ယနေ့ (ဇွန် ၁၀) နောက်ဆုံးထား စွန့်ခွာရန် စစ်ကောင်စီ၏ ပြောဆိုမှုကို လက်မခံဘဲ စစ်ရေးအသင့်ပြင်ထားသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဆိုသည်။
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက ဇွန် ၄ ရက်တွင် ထိုကိစ္စနှင့် ပတ်သက်သည့် အကြောင်းကြားစာပို့ခဲ့သဖြင့် လက်မခံကြောင်း ဇွန်လ ၆ ရက်က စာဖြင့်အကြောင်းပြန်ထားပြီးဖြစ်ကြောင်း SSPP တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ဖြစ်မဖြစ်က ကျွန်တော်တို့ ကြည့်ရမှာပေါ့။ ဒါပေမဲ့ မြေပြင်အခြေအနေသုံးသပ်ချက်အရတော့ ဗမာ (စစ်တပ်) က ကျွန်တော်တို့ကို ထဲထဲဝင်ဝင်စစ်ဖြစ်မဲ့ သဘောမှာ မရှိဘူး။ သူတို့မှာ စစ်ဖြစ်နိုင်တဲ့ အင်အားလည်းမရှိဘူးလို့ ယူဆတယ်။ ဒါပေမဲ့ မပြောတတ်သေးဘူး။”
စစ်ကောင်စီက ဆုတ်ခိုင်းသည့် SSPP တပ်စခန်းများမှာ မိုင်းရှူးမြို့နယ် လွိုင်နိုင်းလမ်းခွဲအနီး စခန်းတစ်ခုနှင့် မန်ဝိန်းကျေးရွာအနီးမှ စခန်းနှစ်ခုတို့ဖြစ်သည်။
စုစုပေါင်း အင်အား ၈၀ ခန့်ရှိ ထိုစခန်းသုံးခုတွင် SSPP ၏ တပ်မဟာ ၇၀၂ လက်အောက်ခံ တပ်ရင်း ၄၂၄ အခြေစိုက်ကြောင်း၊ ၂၀၁၁ ခုနှစ်ကတည်းက စစ်တပ်ထံမှ ပြန်လည်သိမ်းယူထားခြင်းဖြစ်ကြောင်း အထက်ပါ SSPP တာဝန်ရှိသူက ပြောသည်။
အဆိုပါ စခန်းများအနီးတစ်ဝိုက်တွင် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ မရှိသလို SSPP နှင့် တိုက်ပွဲဖြစ်နေသည့် ရှမ်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်စခန်းများလည်း မရှိကြောင်း ၎င်းက ပြောသည်။
“ဗမာ (စစ်တပ်) နဲ့ စစ်ဖြစ်မယ်ဆိုရင် (ရှမ်းပြည်) တောင်ပိုင်းမှာရှိတဲ့ (SSPP) စခန်းတွေကို ပြန်ရုပ်ပြီးတော့ အခု (စစ်တပ်က ဆုတ်ခိုင်းသည့်) ရှေ့တန်းစခန်းတွေကို အင်အားဖြည့်မယ်လို့ ယူဆထားပုံရတယ်။ အဲဒီလို တပ်ရွှေ့တပ်ပြောင်း လုပ်စေချင်လို့ လုပ်တာလည်း ဖြစ်နိုင်တယ်”
လက်ရှိအချိန်အထိ မိုင်းရှုးရှိ တပ်စခန်းသုံးခု အနီးတစ်ဝိုက်သို့ စစ်ကောင်စီဘက်မှ စစ်ရေးပြင်ဆင်လာမှု မတွေ့ရသေးကြောင်း အထက်ပါ SSPP တာဝန်ရှိသူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံနှင့် ဟိုပုံးမြို့နယ်ကြား လွိုင်ဆနင်းတောင်ကြောရှိ SSPP တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ကို စစ်ကောင်စီက ဆုတ်ခွာခိုင်းသော်လည်း SSPP က မဆုတ်ပေးနိုင်ကြောင်း တုံ့ပြန်ခဲ့ဖူးသည်။
၂၀၂၁ ဇွန်လတွင် ရှမ်းပြည်မြောက်ပိုင်း၌ စစ်ရေးလှုပ်ရှားသည့် RCSS (ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော်) တပ်များကို တောင်ပိုင်းအထိ လိုက်လံတိုက်ထုတ်ပြီးနောက်တွင် ယခုနှစ် ဖေဖော်ဝါရီမှစ၍ လွိုင်ဆနင်းတောင်ကြော၌ စခန်းချထားသည်ဟု SSPP တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကြုံနေရချိန်တွင် RCSS ကလည်း ရှမ်းပြည်တောင်ပိုင်းတပ်စခန်းများကို အင်အား ၂၀၀၀ ကျော်ဖြင့် စစ်ဆင်ရန် အသင့်အနေအထားပြင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများတွင် SSPP ဘက်က USWA (ဝတပ်) နှင့် TNLA (တအောင်းတပ်) များ၏ အကူအညီရယူကြောင်း၊ RCSS ကလည်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေကြောင်း နှစ်ဖက် အပြန်အလှန်စွပ်စွဲထားကြသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် RCSS တာဝန်ရှိသူတို့ထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ရှမ်းပြည်တပ်မတော် (SSA) ကို မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ်နန်းဟိန်းခမ်းက ၁၉၆၄ ဧပြီ ၂၄ တွင် တည်ထောင်ခဲ့ပြီး ၁၉၇၁ တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို ဖွဲ့စည်းခဲ့သည်။
SSPP သည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်မထိုးထားသော်လည်း အာဏာသိမ်းစစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် စာရင်းပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)