သတင်း

SSA နှစ်ဖွဲ့၏ တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ အကြိမ်ကြိမ်ထွက်ပြေးနေရ

ရှမ်းပြည်နယ်အတွင်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့၏ နယ်မြေလုတိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့် အရပ်သားပြည်သူတို့ အကြိမ်ကြိမ်ထွက်ပြေးနေရသဖြင့် တိုက်ပွဲများရပ်တန့်ပေးရန် ဒေသခံများနှင့် ထင်ရှားသည့် နိုင်ငံရေးသမားများက တောင်းဆိုနေသည်။

စက်တင်ဘာ ၁၄ မှစ၍ မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့ အကြား တိုက်ပွဲများဖြစ်ပွားနေသည်။

တိုက်ပွဲနယ်မြေအတွင်းရှိနေသည့် ဟိုခဲကျေးရွာအုပ်စုမှ စစ်ရှောင် ၃၀၀၀ ခန့်မှာ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေရပြီး မိုးတွင်းကာလ အရေးပေါ်တိမ်းရှောင်ရသည့်အတွက် လိုအပ်ချက်ပိုများနေသည်ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

“စစ်ပွဲဖြစ်ကတည်းက ထွက်ပြေးကြတာ ရွာတိုင်းနီးပါးက ရွာလုံးကျွတ်ပဲ ” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၂၀ အထိ ဆက်လက်တိုက်ခိုက်နေသည့်အတွက် စစ်ဘေးဒုက္ခသည်အရေအတွက် ထပ်မံ တိုးမြင့်လာဖွယ်ရှိနေသည်ဟု ၎င်းက ခန့်မှန်းသည်။

ဟိုခဲကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း ၁၇ ရွာတွင် ၁၀ ရွာခန့် စစ်ရှောင်နေကြရပြီး နောက်ဆုံးရရှိထားသည့် စာရင်းများအရ မိုင်းကိုင်မြို့နယ်အတွင်းရှိ နောင်လျှော်၊ နောင်တောင်း၊ မချီနုပ်၊ ကုန်းလိုင်း စသည့် ရွာများက ဘုန်းတော်ကြီးကျောင်းများတွင် စစ်ဘေးဒုက္ခသည် ၃၀၀၀ ခန့်အထိ ခိုလှုံရောက်ရှိနေသည်။ 

နယ်မြေလုတိုက်ပွဲများ

ရှမ်း/မြောက်ဒေသ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းနောင် စသည့် ကျေးရွာများအနီးတွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေရာ ဇူလိုင်အတွင်း SSPP/SSA ဌာနချုပ်အနီး လွယ်ဟွန်းတောင်ကြောတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

မိုင်းနောင်နှင့် ကျေးသီးမြို့နယ်အကြား အဆိုပါတောင်ကြောမှာ SSPP/SSA အဖွဲ့၏ ဌာနချုပ် ဝမ်ဟိုင်းဒေသနှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည့်အတွက် ယင်းတောင်ကြောအနီး လာရောက်တပ်စွဲခဲ့သည့် RCSS/SSA ကို SSPP/SSA က အင်အားထောင်ချီ အသုံးပြုပြီး ပြန်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲများကြောင့် ကျေးသီးမြို့နယ်မှ ဒေသခံ ၃၀၀၀ ခန့်သည် နီးစပ်ရာ မိုင်းကိုင်နှင့် ကျေးသီး မြို့နယ်များတွင် တစ်လခန့် စစ်ရှောင်ခဲ့ကြရပြီး ယခုတစ်ဖန်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ်မှ ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

RCSS/SSA ၏ ပြောခွင့်ရအရာရှိ ဗိုလ်မှူးခမ်းစံက စက်တင်ဘာ ၁၄ တွင် ဟိုခဲကျေးရွာအုပ်စုအတွင်းရှိနေသည့် ၎င်းတို့၏ တပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခံရသောကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်သည်ဟု ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ်နှင့် ကျောက်မဲမြို့နယ်များအတွင်းရှိ နေရာ ၅ ခုတွင်လည်း မကြာခဏ တိုက်ပွဲဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ရှမ်းမြောက်တိုက်ပွဲများအတွင်း SSPP/SSA ဘက်မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပါဝင်တိုက်ခိုက်သည်ဟု ဗိုလ်မှူးခမ်းစံက ဆိုသည်။

“ရှမ်းနှစ်ဖွဲ့တိုက်တယ်လို့တော့ မမြင်စေချင်ဘူးလေ။ သူတို့ဘက်က TNLA လည်း ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ စုထားတယ်ဆိုတော့ ဒါက ကွန်မြူနစ်ရဲ့လုပ်ထုံးလုပ်နည်း။ သူတို့စုပြီးမှ တိုက်တဲ့ပုံစံလိုဖြစ်မှာလည်း စိုးရိမ်တယ်ပေါ့နော်” ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

လွယ်ဟွန်းတောင်ကြောတိုက်ပွဲများအတွင်း SSPP/SSA ဘက်မှ အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်သော ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) တပ်များ ပါဝင်တိုက်ခိုက်ပေးသည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါသတင်းများနှင့် ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း ဗိုလ်မှူးခမ်းစံက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး SSPP/SSA အဖွဲ့က ထုတ်ပြန်ထားသည့် ပြောရေးဆိုခွင့်ရှိသူတို့၏ တယ်လီဖုန်း နံပါတ်များကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

၂၀၁၆ ခုနှစ်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းကို RCSS/SSA တပ်များရောက်လာပြီးနောက် SSPP/SSA၊ TNLA တို့နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

စစ်ရှောင်များဒုက္ခရောက်

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့က အပြန်အလှန်အပုပ်ချသည့် သတင်းများ၊ ရှမ်းဒေသခံတို့ကို ကူညီပေးသည့်သတင်းများကို ၎င်းတို့ပိုင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အပြိုင်အဆိုင်ဖော်ပြလေ့ရှိသည်။ 

ဒေသခံများက SSPP/SSA အဖွဲ့ကို အစိမ်းရောင်ယူနီဖောင်းဝတ်ဆင်သည့်အတွက် အစိမ်းအဖွဲ့ဟု ခေါ်ဆိုပြီး ပြောက်ကျားယူနီဖောင်းဝတ်ဆင်ထားသည့် RCSS/SSA အဖွဲ့ကို ပြောက်ကျားအဖွဲ့ဟု ခေါ်ကြသည်။

တိုက်ပွဲဖြစ်ပွားသည့် ဟိုခဲကျေးရွာအုပ်စုသည် မိုင်းကိုင်မြို့၏ မြောက်ဘက် မိုင် ၂၀ ကျော်အကွာ မိုင်းကိုင်-ကျေးသီးလမ်းမကြီး၏ ဘေးတွင်ရှိသည်။ 

စက်တင်ဘာ ၁၉ ၌ ဟိုခဲကျေးရွာအုပ်စုတွင်းရှိ ပျဉ်ဆာကျေးရွာအုပ်စုအတွင်း တပ်စွဲထားသည့် RCSS/SSA အဖွဲ့က လက်နက်ငယ်ဖြင့် စတင်ပစ်ခတ်သောကြောင့် SSPP/SSA အဖွဲ့က လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်ရာ ဟိုခဲကျေးရွာ အတွင်းရှိ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးသွားခဲ့သည်။

“သူတို့ (RCSS/SSA) က ရွာထဲမှာရှိရင် အစိမ်းက ရွာအပြင်ဘက်မှာဆိုရင် မပစ်လောက်ဘူးဆိုပြီး ယူဆပြီးတော့၊ သူတို့ယူဆတဲ့အတိုင်း မဟုတ်ဘဲနဲ့ အစိမ်းကလည်း လက်နက်ကြီးနဲ့ ပစ်ချပြီးတော့ ဘယ်နှလုံးလဲတောင် မသိဘူး။ အိမ်နှစ်လုံးကတော့ ပျက်စီးသွားပြီ” ဟု အထက်ပါ စစ်ရှောင်အရေးကူညီသူတစ်ဦးက ဆက်ပြောသည်။ 

ဟိုခဲကျေးရွာအုပ်စုအတွင်းရှိ ပျဉ်ဝင်ရွာတွင် ယမန်နေ့ စက်တင်ဘာ ၂၁၊ မနက် ၅ နာရီခန့်မှစ၍ မွန်းတည့် ၁၂ နာရီခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ထိုကျေးရွာအတွင်းရှိ ဒေသခံတို့ကို ကိုးကားပြီး ၎င်းက ပြောသည်။

စစ်ရှောင်များကို သယ်ဆောင်လာစဉ် တိမ်းမှောက်သွားသည့်အတွက် အမျိုးသမီးအချို့ဒဏ်ရာရခဲ့ကြပြီး ဒဏ်ရာရသွားသည့် အမျိုးသမီးတစ်ဦးကို မိုင်းကိုင်ဆေးရုံတွင် စက်တင်ဘာ ၂၀ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

စက်တင်ဘာ ၂၀ ကလည်း ဘေးလွတ်ရာတိမ်းရှောင်ဖို့ ကြိုးစားနေသည့် ဒေသခံများ တင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်မှုကြောင့် စစ်ရှောင်ဒေသခံတချို့ ဒဏ်ရာရကြသည်ဟု သိရသည်။

“ ၄ ယောက်ကတော့ ဒဏ်ရာနည်းနည်းပြင်းတော့ မိုင်းကိုင်ဆေးရုံကို တင်လာတယ်။ တင်လာပြီးမှ နည်းနည်းအဖြစ်ဆိုးလို့ လွိုင်လင်ဆေးရုံကို ပို့လိုက်တယ်” အထက်ပါအမျိုးသားက ပြောသည်။

ဒဏ်ရာရသူများမှာ ရှမ်းတိုင်းရင်းသူအမျိုးသမီးများဖြစ်ပြီး တစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု သိရသည်။

ဒေသတွင်းတိုက်ပွဲများရပ်ရန် တောင်းဆို

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးတွင် ရရာလက်နက်စွဲကိုင်ပြီး စစ်ကောင်စီတပ်များကို ခုခံတော်လှန်နေချိန်တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားတိုက်ပွဲကြောင့် ဒေသခံများဒုက္ခရောက်နေခြင်းအပေါ် စိတ်ပျက်မိကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးစိုင်းလုံက ပြောသည်။

“နိုင်ငံရေးအခြေအနေမကောင်းတဲ့ကြားထဲက ရှမ်းအချင်းချင်းဖြစ်တာကတော့ ရှက်တော့ ရှက်စရာကောင်းတာပေါ့ဗျာ။ ပြည်သူတွေလည်း တောင်းပန်တယ်၊ သံဃာတွေလည်း တောင်းပန်တယ်။ ပြည်သူတွေရဲ့အသံကို နားထောင်ပေးကြပါလို့ ပြောချင်တယ်” ဟု ဦးစိုင်းလုံက ဆိုသည်။

မိုင်းကိုင်မြို့နယ် သံဃာ့ဩဝါဒခံနာရေးကူညီမှုအသင်းကလည်း RCSS နှင့် SSPP တို့ကြား တိုက်ပွဲများလျှော့ချပေးရန် စက်တင်ဘာ ၂၂ တွင် စာထုတ်တောင်းဆိုထားသည်။ 

ရှမ်းပြည်နယ်၏ အင်အားကြီးပါတီတစ်ခုဖြစ်သည့် SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က တိုက်ပွဲဖြစ်ပွားမှုများကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ရန် ပြီးခဲ့သည့်လများအတွင်း အတန်တန်တိုက်တွန်းခဲ့သော်လည်း ယနေ့အချိန်အထိ တောင်းဆိုချက်များ အရာမရောက်သေးကြောင်း ပြောသည်။

“ပြည်သူလူထုအနေနဲ့ အခုလိုရာသီမျိုးမှာ စိုက်ပျိုးရေးရာသီ၊ ရိတ်သိမ်းရာသီပေါ့နော်။ ဒီလိုဒုက္ခမျိုးစုံ ကြုံနေရတဲ့အချိန်မှာ ကိုဗစ်နိုင်တင်းကလည်း တစ်မှောင့်ပေါ့။ အခြားသော တိုင်းရေးပြည်ရေးကိစ္စတွေ ရှုပ်ထွေးနေချိန်မှာ ကိုယ့်ရှမ်းအချင်းချင်းဖြစ်နေတဲ့ကိစ္စကတော့ လုံးဝ ရပ်တန်းက ရပ်သင့်တယ်လို့ပဲ မှတ်ချက်ပြုချင်တယ်၊ တောင်းလည်းတောင်းဆိုပါတယ်” ဟု ဦးစိုင်းလိတ်က ဆိုသည်။ 

လက်နက်ကိုင်နှစ်ဖွဲ့လုံးကို အတူဆုံတွေ့ပြီး မဆွေးနွေးနိုင်သေးသော်လည်း တစ်ဖွဲ့ချင်းစီကို ဆက်သွယ်ပြီး တိုက်ပွဲများရပ်ရန် မေတ္တာရပ်ခံတောင်းဆိုနေကြောင်း၊ စစ်ဘေးရှောင်သူတို့ မော်တော်ယာဉ်တိမ်းမှောက်သွားပြီး ဒဏ်ရာရသွားသည့်ဖြစ်ရပ်အတွက် ဝမ်းနည်းမိကြောင်း ၎င်းက ဆက်ပြောသည်။ 

“အဲဒီလိုမျိုးကိစ္စတွေကို ကြားသိရတဲ့အခါ စိတ်မကောင်းတာထက် ပိုပြီးတော့မှ ဝမ်းနည်းကြေကွဲရတယ်။ အဲဒီလို အလားတူကိစ္စရပ်မျိုးကို ဘယ်ဒေသမှာပဲဖြစ်ဖြစ် ထပ်ပြီးမကြုံစေချင်တော့ဘူးဗျာ” ဟု ဦးစိုင်းလိတ်က မှတ်ချက်ပြုသည်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို RCSS/SSA အဖွဲ့ကသာ လက်မှတ်ထိုးထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင်လည်း အဆိုပါအဖွဲ့နှစ်ဖွဲ့မှာ အာဏာသိမ်းမှုအပေါ် ကန့်ကွက်ကြသော်လည်း ၎င်းတို့နှစ်ဖွဲ့ကြား နယ်မြေလုတိုက်ပွဲများကိုသာ ပိုမိုဂရုစိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်လများအတွင်း၌ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား စခန်းသိမ်းတိုက်ပွဲများကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပြီး ယနေ့အထိ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button