အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ကမ္ဘာကျော်သွေးစွန်းလက်ပိုင်ရှင် တပ်မ (၃၃) တပ်မမှူး၏ မအောင်မြင်သောရွေးကောက်ပွဲအိပ်မက်

စစ်ရာဇဝတ်မှုများကြောင့် နိုင်ငံအများအပြားက ပိတ်ဆို့အရေးယူထားသည့် စစ်ဗိုလ်ချုပ်ဟောင်းက တောင်ကြီးမြို့တွင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ ရောက်ရန် ကြိုးစားခဲ့သည်။

မောင့်ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံအဖြူရောင်တို့ဖြင့် ဂုဏ်သိက္ခာရှိ လူကြီးလူကောင်းကဲ့သို့ ဝတ်စားထားသည့် ဦးအောင်အောင်၏ ဓာတ်ပုံ ပါဝင်သော မဲဆွယ်လက်ကမ်းကြော်ငြာများကို ရွေးကောက်ပွဲမတိုင်မီရက်ပိုင်းအတွင်း ရှမ်းပြည်မြို့တော် တောင်ကြီးမြို့၏နေရာအနှံ့တွင်တွေ့နိုင်သည်။

ဇေယျကျော်ထင်၊စည်သူဘွဲ့ခံ ဦးအောင်အောင်က “တရားဥပဒေစိုးမိုးမှုအတွက် စိတ်ချစေရမည်” ဆိုသည့်   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကတိကဝတ်ကို သူ၏ လက်ကမ်း မဲဆွယ် ကြော်ငြာတွင် ထည့်သွင်းရိုက်နှိပ်ထားသည်။

မြို့ခံအများစုက ဦးအောင်အောင်ကို စစ်တပ်ကခန့်သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီအမတ်လောင်းဟု သိထားကြသည်။

နိုင်ငံတကာအမြင်တွင်မူ ဦးအောင်အောင်သည် ရိုဟင်ဂျာအရပ်သားများကို စစ်တပ်က မုဒိမ်းကျင့်၊  သတ်ဖြတ်မှုများ ကျူးလွန်ရာတွင် ဦးဆောင်သူ၊ ရက်စက်သောစစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသူ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။

ကြံ့ခိုင်ရေးအမတ်တဖြစ်လည်း ကမ္ဘာကျော်သွေးစွန်းလက်ပိုင်ရှင် တပ်မ ၃၃ တပ်မမှူးဟောင်း ဦးအောင်အောင်။

ကမ္ဘာကျော်သွေးစွန်းလက်ပိုင်ရှင် တပ်မ ၃၃ တပ်မမှူး ဦးအောင်အောင်

ဒုဗိုလ်ချုပ်ကြီးအောင်အောင်သည်  ၂၀၁၇ ခုနှစ်တွင်  စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ယူနေစဉ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

“ဒုဗိုလ်ချုပ်ကြီးအောင်အောင်သည် ၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက် (ဇူလိုင်လမှ ဒီဇင်ဘာလ)အတွင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအပေါ်  တပ်မ(၃၃)က ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသည်။ ၎င်းတို့ကျူးလွန်ခဲ့ကြသည်က တရားမဲ့သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ရိုဟင်ဂျာများ၏ အိမ်နှင့်အဆောက်အအုံများကို စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ခြင်းတို့ ဖြစ်သည်ဟု” ဆွစ်ဇာလန်နိုင်ငံက ၂၀၂၃ ခုနှစ် တွင် တိုးမြှင့်ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုတွင် ဖော်ပြထားသည်။

အသက် ၅၂ နှစ်အရွယ် ဦးအောင်အောင်သည် သူ၏အတိတ်က အထက်ပါလုပ်ရပ်များအတွက် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ဩစတြေးလျ၊ ယူကေ၊ ပြင်သစ်၊ မိုနာကို တို့၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲတွင် ရှိနေသည်။

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ရိုဟင်ဂျာများကို တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

ဦးအောင်အောင်သည် တပ်မ(၃၃) ကို ဦးဆောင်ရစဉ်က ဗိုလ်မှူးချုပ်ရာထူးသာရှိသေးသည်။ ထို့နောက်သူသည် အချိန်တိုအတွင်း ဒုဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတက်ခဲ့ပြီး စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ အနောက်တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ကစထ-၂ ဟုခေါ်သည့် အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂) ရာထူး၊ တာဝန်များရခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ တွင် စစ်ခေါင်းဆောင်က သူ့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ခန့်ခဲ့သည်။ ထိုမှတဆင့် စစ်ဗိုလ်ချုပ်ဟောင်းများအတွက် တည်ထောင်ထားသည့် ကြံ့ခိုင်ရေးပါတီမှတဆင့် လွှတ်တော်ထဲဝင်ရန် ကြိုးစားလာသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်တဖြစ်လည်း တပ်မ ၃၃ တပ်မမှူး ဦးအောင်အောင်။ (ဓာတ်ပုံ – စစ်ကော်မရှင်)

ဦးအောင်အောင်၏ မဲဆွယ်ကြော်ငြာတွင် ဒဏ်ခတ်ပိတ်ဆို့ခံနေရမှုများ၊ သူ့အပေါ်စွပ်စွဲထားသည့် ရက်စက်သော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း မဖော်ပြဘဲချန်လှပ်ထားသည်။

၃၃ တပ်မှူးဟောင်းအတွက် မဲရလဒ်

စစ်တပ်ဦးဆောင်ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၁) မဲရလဒ်များ ထွက်ပေါ်လာချိန်တွင် သူက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ပါတီမှ ဒေါ်နန်းကျင် (ခ) ဒေါ်နန်းစိန်ကို မဲရလဒ် တစ်သောင်းကျော်ဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။

သူဝင်ပြိုင်သည့်တောင်ကြီးသည် စစ်ကော်မရှင်၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ရုံးစိုက်သည့်မြို့ဖြစ်သော်လည်း ပြိုင်ဘက်ကိုမကျော်နိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တိုင်းရုံးစိုက်တော့ နိုင်မယ်အပိုင်တွက်ထားပုံရတယ်။ ပအိုဝ်းပါတီက နိုင်သွားတာ မဲရလဒ်တွေက တော်တော် ပြတ်တယ်။ ကြိုတင်မဲလည်း မကယ်နိုင်ဘူး ဖြစ်သွားတယ်” ဟုလုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ တောင်ကြီးမြို့ခံက ပြောသည်။

အနိုင်ရသွားသည့် ပြိုင်ဘက်၏  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)သည် စစ်တပ်သြဇာခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် PNA ၏ နိုင်ငံရေးပါတီဖြစ်သည်။

PNA သည် ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်၊ မိုးဗြဲ၊ ဖယ်ခုံမြို့များအတွင်း စစ်တပ်နှင့်တွဲကာ ဒေသတွင်းတော်လှန်ရေးတပ်များကို တိုက်ခိုက်နေသည်။

ထို့ကြောင့် ဦးအောင်အောင် အရှုံးပြခြင်းသည် ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲ ထူးထူးခြားခြားရှိမည်မဟုတ်ဟု ဟိုပုံးဒေသခံတစ်ဦးကပြောသည်။

“ဒီဒေသမှာက ပအိုဝ်းတွေပဲများတာပေါ့နော်။ နောက်တစ်ခုက ပအိုဝ်းပြည်သူ့စစ်က နေရာတိုင်းမှာ ထိန်းထားတာ။ ပအိုဝ်းပါတီ နိုင်တာက သိပ်တော့ မဆန်းပါဘူး။ ဒေသခံတွေကတော့ ဖိအားကြားက မဲပေးခဲ့ရတာပဲ”ဟု ၎င်းက ပြောသည်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီး ငါးနှစ်အကြာတွင် ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲပြီး ပြုလုပ်နေခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ဆင်တူသော အချက်သည်  နိုင်ငံအနှံ့အာဏာသိမ်းမှုဆန့်ကျင်သူ အများအပြားကို ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူ ထိပ်တန်းဗိုလ်ချုပ်အများအပြားကို စစ်တပ်က  အရပ်ဝတ်လဲစေကာ  ၎င်းတို့တည်ထောင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ခိုင်းခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ထိုပါတီမှ အမတ်လောင်း အများအပြားသည် အငြင်းပွားဖွယ် ကြိုတင်မဲများကြောင့် ရွေးကောက်ပွဲနိုင်ပြီး လွှတ်တော်ထဲ ရောက်ခဲ့ကြသည်။

စစ်တပ် စိတ်ကြိုက် ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် စစ်တပ်က ရွေးကောက်ပွဲမဝင်ဘဲ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရဦးမည် ဖြစ်သည်။

လွှတ်တော်တွင် စစ်တပ်ဘက်တော်သား အမတ်ဦးရေ များပြားသဖြင့် ၂၀၁၀ နောက်ပိုင်း လွှတ်တော်များတွင် အခြေခံဥပဒေပါ ဒီမိုကရေစီနှင့် ဆန့်ကျင်သည့် အချက်များကို ပြင်ဆင်နိုင်ခွင့် မရခဲ့ပေ။ 

ယခု ပြလုပ်နေသည့် ရွေးကောက်ပွဲများအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်တွင် ပြင်ဆင်ခွင့်ရမည့် အခြေအနေ မရှိသော်လည်း ဒီမိုကရေစီအရေးလှုပ်ရှားသူအချို့က လွှတ်တော်ထဲရောက်ရန် ကြိုးစားလျက်ရှိသည်။

Related Articles

Back to top button