တော်လှန်ရေးနယ်မြေများအတွက် အဓိက အားကိုးစရာ Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို မိခင် အမေရိကန်ကုမ္ပဏီဘက်က လိုင်းပိတ်မှုများ ဆောင်ရွက်လာခြင်းကြောင့် အဆိုပါနယ်မြေများတွင် ဆက်သွယ်ရေး ပြတ်တောက်ကာ လူမှုစီးပွားဘဝများကို ကြီးကြီးမားမားရိုက်ခတ်လာခဲ့သည်။
အမေရိကန်အခြေစိုက် အာကာသလေ့လာရေးနည်းပညာကုမ္ပဏီကြီး SpaceX ၏ Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုမှာ ကမ္ဘာတဝန်း နိုင်ငံအများအပြားတွင် အသုံးပြုကြသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဒေသအချို့တွင် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည့် အစားထိုးနည်းလမ်းလည်း ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ခုခံတော်လှန်မှုပြင်းထန်လာသော ကချင်၊ ရှမ်းမြောက်နှင့်အရှေ့၊ ကရင်နီ (ကယား)၊ စစ်ကိုင်း၊ မကွေး၊ ရခိုင် စသည့်ဒေသများတွင် စစ်တပ်က ပြည်တွင်း တယ်လီဖုန်းလိုင်းများနှင့် အင်တာနက်ကွန်ရက်များကို ယနေ့အထိ အကြီးအကျယ် ဖြတ်တောက်၊ ကန့်သတ်၊ ပိတ်ဆို့ထားသည်။
ထို့ကြောင့် လက်ရှိတွင် Starlink အင်တာနက် အသုံးပြုနိုင်သောဝန်ဆောင်မှုသည် တော်လှန်ရေးနယ်မြေများတွင် မြေပြင်ဆက်သွယ်ရေး၏ အဓိက အသက်သွေးကြောဖြစ်သည်။ သို့သော် ပြီးခဲ့သည့်နှစ်များအတွင် ကမ္ဘာကိုခြိမ်းခြောက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှင့် ဒုစရိုက်မှုများတွင် Starlink အင်တာနက်ကို အသုံးပြုနေကြောင်း သတင်းများထွက်လာပြီးနောက် ကုမ္ပဏီဘက်က အင်တာနက်ဝန်ဆောင်မှုများကို စတင်ကန့်သတ်လာခဲ့သည်။
ယခုနှစ်လယ်မှစတင်၍ ရခိုင်၊ ကရင်နီ၊ ကချင်၊ စစ်ကိုင်း၊ မန္တလေးတိုင်း စသည့်ဒေသများရှိ Starlink ဝန်ဆောင်မှုများ ပိတ်ပင်ဖြတ်တောက် ခံလာရသည်။ “တရားဝင်ဝန်ဆောင်မှုပေးရန် လိုင်စင်မရရှိထားခြင်း” သို့မဟုတ် “ဝန်ဆောင်မှုမရနိုင်သောဒေသဖြစ်နေ” သဖြင့် အသုံးပြု၍မရနိုင်ကြောင်း သုံးစွဲသူထံ Starlink က အီးမေးလ်ဖြင့် အကြောင်းကြားသည်ဟု ဆိုသည်။
သို့သော် စက်အားလုံးမဟုတ်ဘဲ အသုံးပြု၍ရနေဆဲ စက်များရှိသေးကြောင်း Starlink စက်ဖြန့်ဖြူးရောင်းချပေးနေသူများ၊ တော်လှန်ရေးအင်အားစုများနှင့် အသုံးပြုသူများကပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်အလုံးရေမည်မျှပိတ်ပင်ခံရသည်ကို အတိအကျမသိသော်လည်း လစဉ် ကျသင့်ငွေ (ဘီလ်) ပေးဆောင်နေသည့် စက်အလုံးရေ ၁၀၀ အနက် ၈၀ ကျော်ကို ပိတ်ပင်ခံလိုက်ရကြောင်း တော်လှန်ရေးနှင့်ဆက်နွှယ်သူများထံ Starlink စက်ဖြန့်ဖြူးပေးနေပြီး လစဉ်ဘီလ်ဆောင်ပေးနေသူတစ်ဦးဖြစ်သည့် ကိုချိန်သတ္တိစံက Myanmar Now ကို ပြောသည်။
“အများစုပြောတာကတော့ ကျွန်တော်တို့နိုင်ငံက Permission (ဝန်ဆောင်မှုပေးရန်ခွင့်ပြုချက်) ရထားတဲ့နိုင်ငံမဟုတ်ဘူးပေါ့။ ဒါက Restrict (ကန့်သတ်) ဖြစ်နေတဲ့ နေရာဒေသဖြစ်တော့ သုံးလို့မရဘူးဆိုပြီးတော့ ပြန်ပိတ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့” ဟု ၎င်းက ပြောသည်။
Starlink အင်တာနက်ဝန်ဆောင်မှုများတွင် ကမ္ဘာလှည့်သုံး (Global)၊ အိမ်သုံး(Residential) နှင့် ခရီးဆောင်သုံး(Roam) စသည်ဖြင့် အမျိုးအစားကွဲများရှိသည်။ ၎င်းအနေဖြင့် ခရီးဆောင်သုံးကို ရောင်းချပေးခဲ့ပြီး မြန်မာတွင် တရားဝင်အသုံးပြုခွင့်မရသေးသဖြင့် စက်မှတ်ပုံတင်ရာတွင် ဂျပန်၊ ဖိလစ်ပိုင်နှင့် အခြားဒေသ တည်နေရာများကို လွှဲပြောင်းအသုံးပြုကြောင်း ကိုချိန်သတ္တိစံက ဆိုသည်။

Starlink အင်တာနက် စတင်အပိတ်ခံလာရသည်မှာ ယမန်နှစ်ကတည်းက ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်လည်စင်တာများနှင့် ဆက်စပ်နေသည့် Starlink စက် ၂,၅၀၀ ကျော်၏ ဝန်ဆောင်မှုများ ဖြတ်တောက်ခံလိုက်ရကြောင်း ယမန်နှစ် အောက်တိုဘာလတွင် AFP သတင်းဌာနက ရေးသားသည်။ ထိုစဉ်က ကရင်နှင့် ရခိုင်ပြည်နယ်အပါအဝင် တော်လှန်ရေးနယ်မြေများ၌ အသုံးပြုနေသည့် စက်အချို့လည်း ပိတ်ပင်ခံခဲ့ရသည်။
ရခိုင်
တစ်ပြည်လုံးနီးပါး အာရက္ခတပ်တော်လက်အောက် ရောက်နေသည့် ရခိုင်ပြည်နယ်တွင်မူ တယ်လီကွန်းနှင့် အင်တာနက် ပိတ်ဆို့ဖြတ်တောက်မှုကို ၂၀၂၁ အာဏာမသိမ်းခင်ကတည်းက ခံစားခဲ့ရသည့် ဒေသဖြစ်သည်။ AA လက်အောက်သို့ မြို့နယ်အားလုံးနီးပါး ရောက်ရှိသွားပြီး နောက်တွင် စစ်တပ်က ထိုမြို့နယ်များကိုပါ ဖုန်းလိုင်းနှင့် အင်တာနက်များ ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့် ရခိုင်တွင်လည်း Starlink ကို အားကိုးနေကြရရာ စက်အားလုံးပိတ်ပင်ခံရမည်ကို စိုးရိမ်နေကြသည်။
တစ်ကိုယ်ရေအသုံးပြုခြင်း၊ စီးပွားဖြစ်ဝန်ဆောင်မှုပေးခြင်းတို့အတွက် AA ထံကို နှစ်စဉ်ကြေး၊ လစဉ်ကြေးအခွန်ပေးဆောင်၍ အသုံးပြုကြရသဖြင့် Starlink ကိုသာ လုံးဝမရနိုင်လျှင် ပြည်ပရောက် ရခိုင်ဒေသခံများ၏ ငွေလွှဲပြောင်းမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများကို ထိခိုက်နိုင်ကြောင်း နေအိမ်တွင် Starlink စက်တပ်ဆင်ထားသူ ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“အခုက နိုင်ငံခြားက ပိုက်ဆံကို အားကိုးနေရတဲ့သူများပါတယ်။ လိုင်းအခြေအနေကြောင့် ကျွန်တော်တို့ ပိုက်ဆံ ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်နေတာကို စောင့်ကြည့်နေရပါတယ်။ လိုင်းမရရင် ဘာမှလုပ်လို့ မရပါဘူး။ ကုန်သွယ်ရေးပိုင်းမှာလည်း အဲဒီလိုပါပဲ။ လိုင်းမရရင် ပိုက်ဆံလွှဲအဆင်မပြေ၊ ပိုက်ဆံမလွှဲရရင် ကုန်သည်တွေလည်း ခက်ခဲမယ်။ ဆိုတော့ ကုန်စျေးနှုန်းတွေလည်းမြင့်လာမယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် မိသားစုဝင်တိုင်းသည် ပြည်ပရောက် မိသားစုဝင်များ၏ ပြန်လည်လွှဲပို့ငွေများကို အလေးထားနေရသည်။ စစ်အုပ်စုက ၎င်းတို့ စစ်ရှုံးခဲ့သော ရခိုင်ပြည်နယ်ကို ဆက်သွယ်ရေးအပါအဝင် စက်သုံးဆီ၊ ဆေးဝါး၊ ကုန်စည်၊ ငွေကြေး၊ လူအဝင်အထွက်ကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားသည်။
အညာ
လက်နက်ကိုင်ခုခံမှုအားကောင်းသော နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ထဲတွင်လည်း အလားတူပိတ်ပင်ခံရမှုများရှိနေသော်လည်း အချို့စက်များမှာ အသုံးပြု၍ရနေဆဲဖြစ်ကြောင်း ပုလဲမြို့နယ်မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အင်တာနက်ပြတ်တောက်ပါက ဒေသခံများ၏ လူမှုစီးပွားဘဝ၊ သတင်းအချက်အလက်စီးဆင်းမှု၊ တော်လှန်ရေးအင်အားစုများ၏ ထောက်ပို့လုပ်ငန်းနှင့် လေကြောင်းအန္တရာယ်သတိပေးမှုများအထိ ထိခိုက်မှုဖြစ်စေနိုင်ကြောင်း ၎င်းက ဆိုသည်။
“လေကြောင်းရန်ကို စောင့်ကြည့်တဲ့ သူတွေက အင်တာနက်ကို မှီခိုရတယ်။ လေဆိပ်နားမှာရှိလို့ ရဟတ်ယာဉ်တော့ တက်သွားပြီဆိုတာ ဒါက မျက်မြင်အတွေ့ပေါ့။ သူတို့ချင်းချိတ်ဆက်ပြီးတော့ တခြားသော နည်းပညာတွေနဲ့ ကြည့်ပြီးလုပ်တာတွေရှိတယ်။ တော်လှန်ရေးနယ်မြေမှာ အင်တာနက် မရှိရင်တော့ ပြဿနာတော်တော်ကြီးတာပေါ့” ဟု သူက ဆိုသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ စစ်ကိုင်းတိုင်းထဲတွင် အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ခံခဲ့ရပြီး နှစ်နှစ်ကြာသောအခါ Starlink စက်များကို တစထက်တစ အသုံးပြုလာခဲ့ကြရာ လက်ရှိတွင် စစ်ကိုင်းတိုင်းတွင် ရွာတိုင်းနီးပါး ထိုဝန်ဆောင်မှုကို သုံးစွဲနေကြောင်း သိရသည်။
ကရင်နီ (ကယား)
ကရင်နီ(ကယား) ပြည်နယ် တော်လှန်ရေးတပ်များထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့်သီတင်းပတ်မှစ၍ Starlink စက်အလုံးရေ ၃၀ ထက်မနည်းပိတ်ပင်ခဲ့ရပြီး စာရင်းမသိရသေးသည့် စက်များလည်းရှိကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး (၂) ကိုဗညားက ဆိုသည်။
ကရင်နီပြည်နယ်တွင် မြို့တော်လွိုင်ကော်မြို့ပေါ်မှလွဲ၍ ကျန် နယ်ဘက်တွင် ပြည်တွင်းကုမ္ပဏီများ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများမရတော့ဘဲ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝနှင့် အပြန်အလှန်ဆက်သွယ်မှုအတွက် Starlink အင်တာနက်ကို အားထားနေရကြောင်း ၎င်းက ဆိုသည်။
“Starlink ပိတ်သွားမယ်ဆိုလို့ရှိရင် အခုဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲမှုတွေ၊ နောက်ပြီးတော့မှ လူထုတွေကို အချိန်မီ အသိပေးနိုင်ဖို့အတွက်က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။
“ဗုံးတို့၊ လက်နက်ကြီးတို့ စစ်ကြောင်းတို့က အင်တာနက်က တဆင့်အသိပေးကြတာလေ။ မြို့နယ်ကနေ ကျေးရွာအုပ်စုတွေကို အသိပေးကြတယ်။ လူထုတွေကို အချိန်နဲ့တပြေးညီအသိပေးနိုင်တဲ့ ယန္တရားတွေ ပျောက်ဆုံးသွာရင် အဲ့ဒီ ချန်နယ် တစ်ခုပျက်သွားရင်တော့ အရပ်ဘက်အပေါ်မှာ ထိခိုက်မှုက အင်မတန်မှပဲ ဆိုးဆိုးရွားရွားဖြစ်နိုင်ပါတယ်” ဟု ကိုဗညားက ပြောသည်။
ထို့အပြင် အဝေးရောက်နိုင်ငံသားများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ထိတွေ့ဆက်သွယ်၍ စာနာမှုအကူအညီများအတွက် ဆွေးနွေးပြောဆိုရာတွင် အခက်အခဲရှိလာနိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံအတွက် Starlink အင်တာနက်ဝန်ဆောင်မှု လုံးဝ ရပ်ဆိုင်းသွားမည်ဆိုပါက လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို ကြီးမားသော သက်ရောက်မှုရှိနိုင်ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ ဒီဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ် ကပြောသည်။
ယခုပိတ်ပင်မှုသည် မြန်မာနိုင်ငံတွင် သုံးစွဲခွင့်လိုင်စင်ရမထားခြင်းကြောင့် ပိတ်ပင်ခြင်းဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားဝင်ကူညီမှုကို မြေပြင်သုံးစွဲသူများက မျှော်လင့်နေကြသည်။ NUG အစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကမူ ယခုအခက်အခဲကို ကျော်လွှားနိုင်ရန် နည်းလမ်းရှာနေဆဲဖြစ်ပြီး အသေးစိတ်ကို မပြောနိုင်သေးကြောင်း Myanmar Now ကို ပြောသည်။
မြန်မာတွင် ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းနှင့် အင်တာနက်ဝန်ဆောင်မှုကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုလျှင် အရေးယူမည်ဟု ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်တပ်လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ဖူးသည်။
သို့သော် စစ်တပ်ကိုယ်တိုင် ၎င်း၏တပ်များ ဆက်သွယ်ရေး အဆင်ပြေနိုင်ရန်အတွက် Starlink ဂြိုဟ်တုအင်တာနက် သုံးနေကြောင်း အထောက်အထားများရှိနေသည်။ စစ်တပ်ဘက်က သုံးသည့် Starlink စက်များ ပိတ်ပင်ခံရမှုရှိမရှိ အတိအကျ မသိရသော်လည်း GPS စနစ်မှ ခြေရာခံပြီး မြန်မာနိုင်ငံတည်နေရာဖြစ်ပါက ပိတ်ပင်နေခြင်း ဖြစ်သဖြင့် ပိတ်ပင်ခံရသည့်စာရင်းမှာပါနိုင်သည်ဟု စက်ပိုင်းဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။



