အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

နိုင်ငံရေးပါတီအများအပြား ပျောက်ကွယ်သွားအောင် ဦးမင်းအောင်လှိုင် ကြိုးစားလာ

အာဏာသိမ်းခေါင်းဆောင် သမ္မတဖြစ်လာပြီးနောက် တင်းကျပ်သည့် ကန့်သတ်ချက်များဖြင့် နိုင်ငံရေးပါတီအရေအတွက်ကို လျှော့ချရန် ကြိုးစားလာရာ လွှတ်တော်အမတ်လုပ်လိုသူသည် ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့ရရမည်ဟု ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို စစ်တပ်လွှမ်းမိုးသည့် လွှတ်တော်သို့ တင်သွင်းလိုက်ခြင်းမှာ နောက်ဆုံးခြေလှမ်း ဖြစ်သည်။

အတုအယောင် ရွေးကောက်ပွဲအပြီးတွင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်စိတ်ကြိုက်ဖွဲ့ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီများကို ရှင်သန်ရပ်တည်ရေးခက်ခဲအောင် နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်၊ ထိန်းချုပ်လာကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

နိုင်ငံရေးပါတီများ များပြားနေသဖြင့် ယခုထက် “ကျစ်လျစ်ရန်” လိုကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်က ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတစ်ခုတွင် အာဏာသိမ်းခေါင်းဆောင်က ပြောဆိုခဲ့ဖူးသည်။

“မိမိတို့နိုင်ငံ၌ နိုင်ငံရေးပါတီ များပြားနေပြီး ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေသည်ကို တွေ့နိုင်ကြောင်း၊ ဖြစ်သင့်သည်မှာ နိုင်ငံရေးပါတီများသည် မိမိကိုထောက်ခံသည့် ပြည်သူများကို စုစုစည်းစည်း အင်အားရှိရှိဖြင့် ကိုယ်စားပြုနိုင်ရန် လိုကြောင်း” အာဏာသိမ်းခေါင်းဆောင်က ထိုစဉ်က ပြောထားသည်။

ယခု အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ်ခန့်ပြီးနောက် ရက် ၁၀၀ အတွင်းမှာပင် အဆိုပါကိစ္စကို အကောင်အထည်ဖော်ရန် ၎င်း၏ခါးပိုက်ဆောင် ရွေးကောက်ပွဲကော်မရှင်မှ တဆင့် ကြိုးပမ်းလာသည်။ 

နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများကို နိုင်ငံခြားသံတမန်များ၊ နိုင်ငံခြားသားများနှင့် တွေ့ဆုံခွင့် ကန့်သတ်ထားသလို၊ ပါတီရုံးခန်းဖွင့်လှစ်ထားမှုအခြေအနေနှင့် ပါတီဝင်စာရင်းများကို UEC က ပါတီများအားလုံးထံ တောင်းခံထားသည်။ 

နိုင်ငံခြားသားများ၊ သံတမန်များနှင့် တွေ့ဆုံလိုပါက ကြိုတင်အကြောင်းကြားရန် UEC က ၂၀၂၅ နှစ်ကုန်နှင့် ၂၀၂၆ နှစ်ဆန်းပိုင်း စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်ကာလကတည်းက နိုင်ငံရေးပါတီများကို စတင်ကန့်သတ်ခဲ့သည်။

ရွေးကောက်ပွဲပြီးနောက် ဧပြီလ အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးရယူပြီးနောက်တွင်လည်း ထိုကန့်သတ်ချက်ကို ဆက်လက်သက်တမ်းတိုးထားသည်ဟု ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု က Myanmar Now ကို ပြောသည်။

“ပါတီဥက္ကဋ္ဌတွေနဲ့တကွ ပါတီဝင်တွေထဲကနေပြီးတော့ နိုင်ငံခြားသံရုံးတွေနဲ့ နိုင်ငံခြားသားတွေနဲ့ မတွေ့ဆုံရဘူးတို့၊ တွေ့ဆုံမယ်ဆိုရင် သူတို့ကို အကြောင်းကြားရမယ်တို့၊ အဲဒီလိုမျိုးတွေပေါ့လေ။ အခုလည်း အဲဒါမျိုးတွေ (ညွှန်ကြားစာ)ထပ်လာပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကလည်း ပို့တယ်” ဟု ၎င်းက ပြောသည်။

၎င်းအနေဖြင့် ရန်ကုန်အခြေစိုက် တရုတ်၊ အိန္ဒိယ၊ အစ္စရေး သံရုံးတို့နှင့် အဆက်အသွယ်ရှိကြောင်း UEC ထံ စာရေးပြီး အကြောင်းကြားထားရသည်ဟု ဆိုသည်။

“ဘာကြောင့်လဲဆိုတော့ ဒီသုံးနိုင်ငံနဲ့က ကျွန်မအဖေနဲ့က အထူးရင်းနှီးတဲ့နိုင်ငံတွေလို့ ပြောနိုင်ပါတယ်။ အဲ့ဒီအားဖြင့် ကျွန်မအဖေရဲ့ သမီးဖြစ်တဲ့အတွက်ကြောင့် သူတို့က တခါတလေ တွေ့ချင်တယ်၊  တခါတလေ ပွဲလုပ်တဲ့အခါဖိတ်တယ်။ အဲ့ဒါမျိုးတွေရှိတဲ့အခါ ကျွန်မက ငြင်းပယ်လို့မရဘူးလို့ စာတင်ထားပါတယ်” ဟု လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏ သမီး၊ အသက် ၇၉ နှစ်အရွယ်ရှိ ဒေါ်သန်းသန်းနုက ပြောသည်။

ယခုနှစ်ဆန်းကပင် ပီသုံးလုံး(PPP)ပါတီဟု လူသိများသည့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ‘ရွှေနန်းတော်’ စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဒေါ်သက်သက်ခိုင်ကို စစ်ထောက်လှမ်းရေးက ခေတ္တခေါ်ယူ၊ မေးမြန်းခဲ့ဖူးသည်။

ဒေါ်သက်သက်ခိုင်သည် ခွင့်ပြုချက်မရဘဲ သံတမန်အချို့နှင့် တွေ့ဆုံခဲ့ခြင်းကြောင့်ဟုဆိုကာ ပါတီကိုဖျက်သိမ်းနိုင်သော ပုဒ်မဖြင့် အရေးယူမည်ဟု UEC က ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

နောက်ဆက်တွဲ တင်းကျပ်မှုအနေဖြင့် အာဏာသိမ်းခေါင်းဆောင် သမ္မတအဖြစ် ဦးဆောင်သည့် အရပ်သားအရေခြုံ စစ်အစိုးရဖွဲ့စည်းပြီး တစ်လခန့်အကြာ မေလ ၁၂ ရက်တွင် UEC အဖွဲ့ဝင် ဗိုလ်မှူးကြီးဟောင်း ခင်မောင်ဦး လက်မှတ်ရေးထိုး၍ ‘နိုင်ငံရေးပါတီအားလုံး’ ထံ ပေးပို့သည့် အကြောင်းကြားစာကိုလည်း Myanmar Now က ရရှိထားသည်။

မေလအတွင်းက နိုင်ငံရေးပါတီအားလုံးထံ ပေးပို့ထားသော UEC အကြောင်းကြားစာ။ (ဓာတ်ပုံ – ပေးပို့) 

စာအမှတ် ၅/ နငခ – ကြီးကြပ် (၅၃) / ကမရ ဖြင့် ပေးပို့ထားသည့် အထက်ပါ အကြောင်းကြားစာထဲတွင် “ပါတီဝင်အင်အား စည်းရုံးခြင်းနှင့် ပါတီရုံးခန်းဖွင့်လှစ်ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ အချို့အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ကော်မတီများ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်မှု မရှိခြင်းတို့ကို တွေ့ရှိရပါသည်” ဟု ပါရှိသည်။

ထို့အပြင် ဗဟိုနှင့် တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းရန်လည်း UEC ၏ စာထဲတွင် ညွှန်ကြားထားသည်။

စစ်အာဏာသိမ်းခေါင်းဆောင် ခန့်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်မည့် ပါတီများသည် အနည်းဆုံး ပါတီဝင်ဦးရေ ၅၀,၀၀၀ ရှိရမည် ဖြစ်ပြီး၊ မြို့နယ်ပေါင်း ၁၁၀ တွင် ပါတီရုံးခန်းဖွင့်လှစ်ရမည် ဖြစ်သည်။

တိုင်း သို့မဟုတ် ပြည်နယ် တစ်ခုတွင်သာ ယှဉ်ပြိုင်မည့် ပါတီဖြစ်ပါက အနည်းဆုံး ပါတီဝင်ဦးရေ ၁,၀၀၀ နှင့် ငါးမြို့နယ်တွင် ပါတီရုံး ဖွင့်ထားရမည်ဖြစ်သည်။

ကျောက်ဖြူမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးဘရှိန်က ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် သုံးမြို့နယ်ကိုသာ စစ်တပ်က ထိန်းချုပ်ထားသဖြင့် ထိုမြို့နယ်များတွင်သာ တရားဝင်ရုံးဖွင့်ထားနိုင်သည်ဟု ဆိုသည်။ ကျန် ၁၄ မြို့နယ်ကိုမူ ရခိုင်တိုင်းရင်းသားအများစု ထောက်ခံသည့် အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားခြင်း ဖြစ်သည်။

“တင်းကျပ်မှုတွေအစား ဖြေလျှော့မှုတွေက ပိုလိုအပ်မယ်။ အခုက ဖြေလျှော့မှုတွေကို မကူညီနိုင်ဘဲနဲ့ တင်းကျပ်မှုတွေပဲ လုပ်လာတယ်ဆိုတဲ့အခါကျတော့ … နည်းနည်း အားမရကြဘူးပေါ့ဗျာ။ ကျွန်တော်တို့တွေ မျှော်လင့်ချက်က နည်းနည်းလုပ်ရကိုင်ရ ပိုလွယ်လာမယ်၊ ပိုအဆင်ပြေလာမယ်လို့ ထင်ခဲ့ကြပေမယ့် လုပ်ကြကိုင်ကြတဲ့အခါ ပိုပြီးတော့ ကျပ်ကျပ်တည်းတည်း ရှိလာတာပေါ့” ဟု UEC ၏ ကန့်သတ်၊ တင်းကျပ်မှုများကို ဦးဘရှိန်က ဝေဖန်သည်။  

ယမန်နှစ် စက်တင်ဘာလကလည်း ပါတီဝင်ဦးရေ သတ်မှတ်ချက် မပြည့်မီသည့် အကြောင်းပြချက်ဖြင့် ခမောက်ပါတီဟု လူသိများသည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF အပါအဝင် ပါတီလေးခုကို ဖျက်သိမ်းကြောင်း အာဏာသိမ်းခေါင်းဆောင်ခန့်ထားသည့် UEC က ကြေညာခဲ့သည်။

လက်ရှိတွင်လည်း ရွေးကောက်ပွဲကော်မရှင်က ကွင်းဆင်းစစ်ဆေးနေပြီး ပါတီဝင်စာရင်းများကို လာမည့် ဩဂုတ်လ ၁၅ ရက် နောက်ဆုံးထား၍ ၎င်းတို့ထံ ပြန်လည်ပေးပို့ရမည်ဟု နိုင်ငံရေးပါတီများကပြောသည်။

“ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကို ပြန်ပြီးတော့ reform (ပြုပြင်ပြောင်းလဲရေး) ပြန်လုပ်ခိုင်းတယ်” ဟု ‘လယ်သမားပါတီ’ ဟု အတိုကောက်ခေါ်သော မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောသည်။

“ရွေးကောက်ပွဲကာလ ပြီးသွားတဲ့နောက်ပိုင်း ရုံးတွေရဲ့ လက်ကျန်တွေက တကယ် ရှိ၊ မရှိ။ ပြီးတော့ အဲ့ဒီရုံးတွေအပြင် မြို့နယ်၊ ခရိုင်၊ တိုင်း အလုပ်အမှုဆောင်ကော်မတီတွေ ပြည့်မီ၏၊ မပြည့်မီ၏ပေါ့။ တကယ်လက်တွေ့ ရှိ၊ မရှိ တောင်းထားပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပါတီများကို နောက်ဆုံးတင်းကျပ်မှုမှာ လွှတ်တော်ကိုယ်စားလှယ်၏ ပညာအရည်အချင်း သတ်မှတ်ချက်ကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ UEC က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအသီးသီးကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်ကြောင်း ယခုလ ၁၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြင်ဆင်မည့်ဥပဒေကြမ်းများတွင် လွှတ်တော်အမတ်အသီးသီး၏ ပညာအရည်အချင်းကို မူလ ‘အခြေခံပညာအထက်တန်း’ အစား ‘နိုင်ငံတော်က အသိအမှတ်ပြုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ’ ဟု တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့ရထားသူမှသာလျှင် လွှတ်တော်အမတ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် ရမည် ဖြစ်သည်။

ထို့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင်လည်း ပါတီနာယကနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် လွှတ်တော်အမတ်များ၏ ပညာအရည်အချင်းနှင့် ကိုက်ညီရမည်ဆိုသည့် ပြင်ဆင်ချက်ဥပဒေကြမ်းကို UEC က လွှတ်တော်ထံ ပေးပို့ထားသည်။

ပြင်ဆင်ချက်ဥပဒေကြမ်းအရ ပါတီနာယက၊ ပါတီထိပ်သီးများသည်လည်း ‘နိုင်ငံတော်က အသိအမှတ်ပြုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ’ ဟု သတ်မှတ်ထားသည်။

ထိုပြင်ဆင်ချက်အရဆိုလျှင် ယခု ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရသူမဟုတ်ဘဲ အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ်နှင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်တို့မှ ဘွဲ့ရခဲ့သောကြောင့် လွှတ်တော်ကိုယ်စားလှယ်ရော ပါတီခေါင်းဆောင်ရော မဖြစ်နိုင်တော့ပေ။ 

အဆိုပါ ပညာအရည်အချင်းကန့်သတ်ချက်ကို စစ်တပ်ရွေးကောက်ပွဲဖြင့် လွှတ်တော်တက်လာသည့် တိုင်းရင်းသားပါတီများမှ လွှတ်တော်အမတ်များကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။

လွှတ်တော်ထဲတွင် စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကြီးစိုးထားသည်။ (ဓာတ်ပုံ – AFP) 

“ဘွဲ့မရပေမယ့် နိုင်ငံရေးကို စိတ်ဝင်စားပြီးတော့ တိုင်းကျိုးပြည်ပြု လုပ်ချင်တဲ့သူတွေအတွက် နိုင်ငံရေးအရ အခွင့်အရေးဆုံးရှုံးတယ်လို့ ခံစားရတယ်” ဟု နာဂအမျိုးသားပါတီမှ စစ်ကိုင်းတိုင်း လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမဇိုးလောင်ဝီး က Myanmar Now ကို ပြောသည်။

ပညာအရည်အချင်း ကန့်သတ်ချက်ကို လယ်သမားပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးကလည်း ဝေဖန်သည်။

“နိုင်ငံ့အရေးကိုလုပ်တဲ့အခါမှာ မင်းက ဘယ်နှတန်းအောင်မှလုပ်၊ ဘယ်နှတန်းဖြစ်မှလုပ် ဆိုတဲ့ဟာမျိုးတွေကတော့ တိုင်းသူပြည်သားတွေကို အခွင့်အရေးဆုံးရှုံးစေတဲ့ဟာပေါ့ဗျာ။ ကျွန်တော်ပြောမယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတောင်မှ ဘွဲ့ရသွားတာမှမဟုတ်တာ” ဟု ၎င်းက ပြောသည်။

ကျားဖြူပါတီဟု လူသိများသည့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကမူ မြို့နယ်အသီးသီးတွင် ဗဟိုအလုပ်အမှုဆောင်များကို ဘွဲ့ရများဖြင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းနေသည်ဟု ဆိုသည်။  

“UEC ကို မပြောချင်ပါဘူး။ ပြောလို့လည်း မရပါဘူးဗျာ။ ကျွန်တော် သုံးကြိမ်၊ သုံးခါ လက်မှတ်သွားထိုးရတော့ မပြောချင်တော့ဘူး။ ကြိုတင်မဲတွေကိစ္စပြောလိုက်လို့ လက်မှတ်သွားထိုးရတယ်။ အဲ့ဒါကြောင့် UEC နဲ့ ပတ်သက်ပြီး မပြောချင်တော့ပါဘူး။ ပြောလို့လည်း မရပါဘူး” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

လက်ရှိ UEC ၏ အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်သည့် ဦးခင်မောင်ဦးကို Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

အာဏာသိမ်းခေါင်းဆောင် စိတ်ကြိုက်ခန့်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးသန်းစိုးသည် NLD ကြီးစိုးသည့် ၂၀၁၅-၂၀၂၀ လွှတ်တော်အတွင်း NLD ၏ အဆိုနှင့် ဥပဒေကြမ်းအများစုကို တပ်မတော်သားကိုယ်စားလှယ်များ၏ မတ်တတ်ရပ်ကန့်ကွက်မှုများတွင် ဦးဆောင်ခဲ့သူ ဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လက်ရှိ UEC တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၅၇ ပါတီ ရှိသည့်အနက် ၅၁ ပါတီမှာ တိုင်းနှင့်ပြည်နယ် တစ်ခုတည်းမှာသာ စည်းရုံးမည့် ပါတီများဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်းရုံးမည့်ပါတီမှာ ခြောက်ပါတီသာ ရှိသည်။

ထိုပါတီများမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ(PP)၊ ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကျားဖြူပါတီနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူထုထောက်ခံမှုအများဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကိုမူ ၎င်းတို့လက်အောက်တွင် ပြန်လည်၍ မှတ်ပုံမတင်သည့် အကြောင်းပြချက်ဖြင့် စစ်တပ်လက်အောက်ခံ UEC က ပါတီဖျက်သိမ်းကြောင်း ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button