အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကြံ့ခိုင်ရေးကိုဗဟိုပြုပြီး ကြီးထွားလာသည့် ဦးခင်ရီ၏စီးပွားရေးအင်ပါယာ

ငလျင်ကြောင့်ပြိုကျပျက်စီးခဲ့သည့် နေပြည်တော်ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ပြန်ပြင်ရန်ဆောက်လုပ်ရေးကုမ္ပဏီ ငှားရမ်းရေးအတွက် ပြီးခဲ့သည့်လများအတွင်းက ကြံ့ခိုင်ရေးခေါင်းဆောင်များအကြား ဆွေးနွေးခဲ့ကြပြီး သိန်းနှစ်သောင်းကျော်ကုန်ကျမည့် အကျိုးအမြတ် မြိုးမြိုးမြက်မြက်ရနိုင်သော အဆိုပါလုပ်ငန်းအတွက် ကန်ထရိုက်ရရန် မျက်စပစ်နေခဲ့ကြသူများလည်းရှိသည်။

လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်‌နေသော ဦးခင်ရီ(ဓာတ်ပုံ - ကြံ့ခိုင်ရေးပါတီ)
လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်‌နေသော ဦးခင်ရီ(ဓာတ်ပုံ – ကြံ့ခိုင်ရေးပါတီ)

ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့သည့်မြေငလျင်ကြောင့်အကြီးအကျယ်ပျက်စီးခဲ့သည့် နေပြည်တော် ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးကို ပြန်လည်ပြင်ဆင်ရေးအတွက် ပြီးခဲ့သည့်လများအတွင်းက ပါတီထိပ်ပိုင်း ခေါင်းဆောင်များအကြား ဆွေးနွေးပွဲများမကြာခဏပြုလုပ်ခဲ့ကြသည်။

စစ်တပ်ကြီးကြပ်မည့်ရွေးကောက်ပွဲကျင်းပရန် လပိုင်းသာလိုတော့သည့်အချိန်တွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ပါတီရုံးချုပ်၏ ညီလာခံခန်းမ၊ ရုံးခန်းနံရံများ၊  မျက်နှာကြက်များ၊ ဆင်ဝင်နှင့် လျှောက်လမ်းများကို အလျင်အမြန် ပြန်လည်ပြုပြင်ရန်အတွက် ကြံ့ခိုင်ရေးထိပ်ပိုင်းခေါင်းဆောင်များက စိတ်အားထက်သန်နေခဲ့ကြသည်။

ကျပ်သိန်းသောင်းချီကုန်ကျနိုင်သည့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် ဆောက်လုပ်ရေးကုမ္ပဏီ ရွေးချယ်ရေးအတွက် ကြံ့ခိုင်ရေးခေါင်းဆောင်များအကြား ဝေခွဲရခက်ခဲ့သလို၊ အကျိုးအမြတ် မြိုးမြိုးမြက်မြက်ရနိုင်သည့် အဆိုပါလုပ်ငန်းအတွက် မျက်စပစ်နေခဲ့ကြသူများလည်းရှိသည်။

နောက်ဆုံးတွင် သောင်မတင်ရေမကျဖြစ်နေသည့်အခြေအနေကို ပါတီဥက္ကဋ္ဌဦးခင်ရီ ကိုယ်တိုင် အဆုံးအဖြတ် ပေးရန် အခြေအနေအထိ ရောက်လာသည်။ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီက အားလုံးအံ့အားသင့်စေသည့် ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။ ထိုဆုံးဖြတ်ချက်က အခြားအဆိုပြုချက်များကို ပယ်ချပြီး သူ၏သားပိုင် ‘Empreo’ ဆောက်လုပ်ရေးကုမ္ပဏီကို ရွေးချယ်ခြင်းပင်ဖြစ်သည်။

အထက်ပါအဖြစ်အပျက်များသည် Myanmar Now ကစကားပြောခွင့်ရခဲ့သည့် ကြံ့ခိုင်ရေးပါတီရုံးချုပ်မှ သတင်းအရင်းအမြစ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်းကပြောပြသည့်  ပါတီတွင်း အားပြိုင်မှုများအကြောင်း ဖြစ်သည်။  

“ဥက္ကဋ္ဌဆိုတော့ သိပ်တော့မပြောကြဘူးပေါ့။ ကျေတော့ ဘယ်ကျေနပ်မလဲ” ဟု ၎င်းက ဆိုသည်။ 

သို့သော်ကန့်ကွက်ရဲသူမှာ ပါတီဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တစ်ဦးသာရှိသည်ဟုလည်း ၎င်းက ဆိုသည်။ ဦးမျိုးဇော်သိန်းသည် ဒုဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ကောင်စီတပ်၏ စစ်ရေးချုပ်အဖြစ်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပါတီကို ကြီးကြပ်ရန် စစ်ခေါင်းဆောင်အမိန့်ဖြင့်  ကြံ့ခိုင်ရေးသို့ ပြောင်းရွှေ့လာသူဖြစ်သည်။

 ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကြံ့ခိုင်ရေးပါတီရုံးအတွင်းရှိ အဆောက်အအုံတစ်ခု (ဓာတ်ပုံ – ဦးသောင်းအေး Facebook) 

မိသားစုစီးပွားရေးအတွက် ဦးခင်ရီ၏လှည့်ကွက်များ

ဦးခင်ရီသည် သူ၏သားပိုင် ဆောက်လုပ်ရေးကုမ္ပဏီကို လုပ်ပိုင်ခွင့်ချပေးရာတွင် မရိုးသားသည့်လှည့်ကွက်ကို သုံးခဲ့သည်ဟု ကြံ့ခိုင်ရေးပါတီရုံးချုပ်မှ Myanmar Now ၏သတင်းအရင်းအမြစ်ကဆိုသည်။

ကြံ့ခိုင်ရေးခေါင်းဆောင်များသည် ငလျင်ကြောင့်ပျက်စီးခဲ့သည့် ဌာနချုပ်အဆောက်အအုံကို ပြန်ပြင်ရန်အတွက် ကုန်ကျစရိတ်ကို ကနဦးတွင် အောင်ချမ်းသာဆောက်လုပ်ရေးကုမ္ပဏီကို တွက်ချက်စေခဲ့သည်ဟု သတင်းအရင်းအမြစ်များကဆိုသည်။ ထိုကုမ္ပဏီသည် ၂၀၁၀ ခုနှစ် စစ်အာဏာရှင်ဟောင်းဗိုလ်သန်းရွှေ တည်ထောင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီဌာနချုပ်ကို ၂၀၁၀ ခုနှစ် အစောပိုင်းကာလများက ဆောက်လုပ်ခဲ့သည့်ကုမ္ပဏီ ဖြစ်သည်။

အောင်ချမ်းသာဆောက်လုပ်ရေးကုမ္ပဏီက အကြမ်းဖျင်း ကျပ်သိန်းပေါင်း ၂၃၀၀၀ ခန့် ကုန်ကျမည်ဟု ပါတီကို တင်ပြခဲ့သည်။ ထို့နောက် ငလျင်ဒဏ်သင့် ပါတီရုံးချုပ်ကို ဦးခင်ရီသားပိုင် ကုမ္ပဏီကလည်း လာရောက်စစ်ဆေးခဲ့ပြီး ကုန်ကျစရိတ်ကို မူလကုမ္ပဏီထက် သိန်း ၁၀၀၀ ခန့်လျော့ကာ ကျပ်သိန်းပေါင်း ၂၂၀၀၀ ကျော်ဖြင့် တင်ပြလာသည်ဟု သိရသည်။

“အဲ့တော့ သူ့သားကုမ္ပဏီကို ဈေးသက်သာလို့ ပေးလိုက်တယ်ပေါ့၊ ဒါပါပဲ” ဟု ထိုအခြေအနေကိုသိရှိသည့် ပါတီထိပ်သီးများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးခင်ရီသည်သူ့သားပိုင်သည့် Empreo ဆောက်လုပ်ရေးကုမ္ပဏီကို ပါတီရုံးချုပ်ပြင်ဆင်ရေးလုပ်ငန်းသာမက ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော်ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ ပါတီရုံး၊ နေပြည်တော် တပ်ကုန်းမြို့နယ်ရုံး နှင့် တအာင်းတပ် TNLA လက်အောက်ရောက်စဉ် မီးလောင်ပြာကျခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း​၊ နောင်ချိုမြို့နယ်ပါတီရုံးတို့ကိုလည်း တည်ဆောက်ခွင့်ချပေးခဲ့သည်ဟုလည်း ကြံ့ခိုင်ရေး၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့်နီးစပ်သူကဆိုသည်။

Empreo ဆောက်လုပ်ရေးကုမ္ပဏီဘက်ကလည်း ကြံ့ခိုင်ရေးပါတီဌာနချုပ်ရုံးကို ၎င်းတို့လုပ်ပိုင်ခွင့်ရထားကြောင်း အတည်ပြုသည်။ 

 Empreo ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်နေရာ

“ပါတီရုံး(ချုပ်)တော့ (ပြင်လို့)မပြီးသေးဘူး။ ရွှေကြာပင်(ပါတီရုံး)မှာတော့ (ဆောက်)ပြီးသွားပြီ” ဟု Myanmar Now ၏ဆက်သွယ်မေးမြန်းမှုကို Empreo ကုမ္ပဏီဘက်ကပြန်လည်ဖြေကြားခဲ့သည်။ 

Empreo ကုမ္ပဏီအကြောင်း နေပြည်တော်အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီအသိုင်းအဝိုင်းကြားတွင် သိရှိသူနည်းပါးသည်။

“ထင်ထင်ရှားရှားထဲမှာတော့ မပါဘူး။ ဥပမာ – (စစ်ကောင်စီအတွင်းရေးမှူး) အောင်လင်းဒွေး(ရဲ့)သား ကုမ္ပဏီဆိုရင် ရှိတယ်။ ဘာဆိုတာ တန်းသိတယ်။ ခုက သိုသိုဝှက်ဝှက်လုပ်တာဆိုရင်တော့ ကျွန်တော်တို့ မသိဘူး” ဟု နေပြည်တော်တွင် အခြေစိုက်ပြီး ဆယ်စုနှစ်တစ်ခုကြာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသည့် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့ပြီး မြို့ပြအင်ဂျင်နီယာ လုပ်ငန်းများနှင့် ရေကြောင်း ပို့ဆောင်ရေး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မည်ဟု မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Empreo ကုမ္ပဏီကို ဦးခင်ရီ၏သား ဦးထက်ရန်နိုင်စိုးကပိုင်ဆိုင်သည်။ 

ဦးထက်ရန်နိုင်စိုးသည် Empreo အပြင်၊ Shwe Mahar Khit(SMK) (ရွှေမဟာခေတ်)နှင့် Zanes ဇိမ်း(စ်) ကုမ္ပဏီများကိုလည်း ပိုင်ဆိုင်သည်။ ရွှေမဟာခေတ်နှင့် ဇိမ်း(စ်) ကုမ္ပဏီတို့တွင်မူ ထက်ရန်နိုင်စိုးအပြင် ၎င်း၏အစ်မ ခင်မျိုးမြတ်စိုး၊ ညီမ မေဖူးပွင့်စိုးနှင့် ဇနီးဖြစ်သူ ဖူးပွင့်ဝဿန်တို့ကိုလည်း ဒါရိုက်တာစာရင်းထဲတွင် တွေ့ရှိရသည်။ 

Empreo ကုမ္ပဏီနှင့် ရွှေမဟာခေတ်ကုမ္ပဏီ နှစ်ခုလုံးသည် မှတ်ပုံတင်သည့် နေ့ရက်နှင့် လိပ်စာ တူညီနေသည်ကို DICA မှတ်တမ်းများတွင် တွေ့ရှိရသည်။ ထိုကုမ္ပဏီ နှစ်ခု မှတ်ပုံတင်ထားသော အမှတ်(၁၀၄)၊ ၃၇လမ်း(အောက်ဘလောက်)၊ ၅ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ လိပ်စာကို Myanmar Now က သွားရောက်လေ့လာရာတွင် ကုမ္ပဏီရုံးခန်း၊ ဆိုင်းဘုတ်များမရှိဘဲ လူနေတိုက်ခန်းများသာဖြစ်သည်ကို တွေ့ရသည်။

ဓာတ်ပုံ – Myanmar Now 
ကုမ္ပဏီရုံးခန်း၊ ဆိုင်းဘုတ်များမရှိသည့် Empreo ကုမ္ပဏီနှင့် ရွှေမဟာခေတ်ကုမ္ပဏီ၏ ရန်ကုန်ရုံးခန်း

ဦးခင်ရီသည်သူ၏သားကို ပါတီတင်ဒါများချပေးရုံသာမက ပါတီရုံးချုပ်ပြင်ဆင်ရေးလုပ်ငန်း စုစုပေါင်း ကုန်ကျစရိတ်၏ ထက်ဝက်ခန့်ဖြစ်သည့် သိန်းတစ်သောင်းခန့်ကိုလည်း ပါတီရန်ပုံငွေထဲမှ သူ၏သားပိုင် Empreo ဆောက်လုပ်ရေးကုမ္ပဏီဘက်ကို အလျင်အမြန်ပေးချေစေခဲ့သည်ဟုလည်း Myanmar Now ၏ ကြံ့ခိုင်ရေးရုံးချုပ်မှ သတင်းအရင်းအမြစ်များကဆိုသည်။ 

ကြံ့ခိုင်ရေးပါတီ၏ ငွေကြေးနှင့်ကန်ထရိုက်လုပ်ငန်းများကို ဦးခင်ရီက မိသားစုပိုင်စီးပွားရေးလုပ်ငန်းဆီသို့ အလျင်အမြန်စီးဆင်းစေခြင်းက သူ၏ရွေးကောက်ပွဲအလွန် နိုင်ငံရေးအိပ်မက်နှင့်လည်း ဆက်စပ်နေသည်။ 

အဆင့်မြင့်ရာထူး မျှော်မှန်းထားသူ

ကြံ့ခိုင်ရေးပါတီတွင်းသတင်းရင်းမြစ်များ၏အဆိုအရ ဦးခင်ရီသည် စစ်တပ်ဦးဆောင်မည့်ရွေးကောက်ပွဲအလွန်တွင် ဒုသမ္မတ(သို့မဟုတ်)  လွှတ်တော်ဥက္ကဋ္ ရာထူးရယူရန် စစ်ခေါင်းဆောင်နှင့်သဘောတူညီမှုရထားသည်ဟုဆိုသည်။

ဝဲမှယာ – ထက်ရန်နိုင်စိုး၊ ဦးခင်ရီ၊ ဒေါ်ခင်မေစိုး၊ မေဖူးပွင့်စိုး (ဓာတ်ပုံ – Khin Yi ဖေ့စ်ဘွတ်မှ)

အကယ်၍ဒုသမ္မတဖြစ်လာပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးခင်ရီသည် ကြံ့ခိုင်ရေးပါတီနှင့် ကင်းကင်းရှင်းရှင်း နေရမည်ဖြစ်သည်။ ထို့ကြောင့်ဦးခင်ရီသည် ကြံ့ခိုင်ရေးပါတီကိုမစွန့်ခွာမီ သူ၏လုပ်ပိုင်ခွင့်များကို အပြည့်အဝအသုံးချရန်လိုမည်ဖြစ်သည်။

အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေခေတ်တွင် ရဲချုပ်၊ ဦးသိန်းစိန်ခေတ်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်ခဲ့သည့် ဦးခင်ရီသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်များကို ရှုံးနိမ့်ခဲ့ပြီးနောက် စစ်တပ်နှင့်အတူ NLD အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းရန်အတွက် ကြိုးစားခဲ့သူလည်းဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက် ၂၀၁၅ – ၂၀၂၁(ဇန်နဝါရီလ)အထိ ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌတစ်ဦးအဖြစ် ဇာတ်မြှုပ်နေခဲ့သူ ဦးခင်ရီသည် ထိုကာလအတွင်း အစိုးရကို သိက္ခာချသည့် ဆန္ဒပြပွဲများ၊ တပ်ထောက်ခံပွဲများကို ဦးဆောင်စီစဉ်သည်ဟု အတွင်းသိ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းက ပေထက်အက္ခရာတင်ထားသည်။

ဦးသိန်းစိန်အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူဖူးသော ဦးစိုးသိန်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ(ဒုတိယတွဲ) စာအုပ်တွင် အာဏာမသိမ်းခင်က ၁၁ပွဲ၊ အာဏာသိမ်းပြီးနောက် ၁၁ပွဲ တပ်ထောက်ခံပွဲ စုစုပေါင်း ၂၂ပွဲကို ဦးခင်ရီ စီစဉ်သည်ဟု ရေးသားထားသည်။

အာဏာသိမ်းမိတ်ဆွေ ဦးခင်ရီကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် အတွင်းက သီရိပျံချီဘွဲ့ပေးနေစဉ် (ဓာတ်ပုံ – စစ်ကောင်စီ)

အပြန်အလှန်အားဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဦးခင်ရီကို စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးရာထူးပေးခဲ့သည်။ ဦးခင်ရီကလည်း ၂၀၂၂ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဖြစ်လာချိန်တွင် စစ်တပ်မှလွှဲပေးသည့် ဗိုလ်ချုပ်များကို ကြံ့ခိုင်ရေးပါတီတွင် ထိပ်ပိုင်းရာထူးများပေးခဲ့သည်။

အာဏာရှင်အဆက်ဆက်၏ လူယုံဖြစ်ခဲ့သည့် ဦးခင်ရီသည် တတိယအကြိမ်မြောက် အစိုးရအဖွဲ့ဝင် ဖြစ်လာရန် အတွက် လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။ 

ဒီတစ်ကြိမ်တွင်တော့ ၂၀၁၅ နှင့်၂၀၂၀ တွင်သူရှုံးနိမ့်ခဲ့သည့် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နှင့် ရန်ကုန်၊ ဆိပ်ကြီးခနောင်တိုမြို့များကို လက်ရှောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်ကစ၍ ရွေးကောက်ပွဲအသီးသီးတွင် ကြံ့ခိုင်ရေးပါတီ ကသာ အောင်ပွဲခံခဲ့သော တပ်မဲရုံအများအပြားရှိသည့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ကို ရွေးချယ်ခဲ့သည်။

အနိုင်ရရန်သေချာနေသော်လည်း  ဦးခင်ရီက အရပ်ဝတ်လုံခြုံရေးဝန်ထမ်းများ ခြံရံပြီး နေပြည်တော်တဝှမ်း မဲဆွယ်နေသည်။ ဦးခင်ရီ၏မဲဆွယ်ပွဲကို သူ၏ အငယ်ဆုံးသမီးဒေါ်မေဖူးပွင့်စိုး ဦးဆောင်သည်။ 

ဒေါ်မေဖူးပွင့်စိုးသည် နေပြည်တော်တွင်ဖွင့်လှစ်ထားသည့်  နိုင်ငံတကာခေါင်းဆောင်မှုကောလိပ်(International Leadership College – ILC )၏ ဥက္ကဋ္ဌဖြစ်သည်။ အာဏာသိမ်းပြီးနောက် တကျော့ပြန်တန်ခိုးထွားလာသည့် ဦးခင်ရီ၏ နိုင်ငံရေးသြဇာနှင့်အတူ သူ၏သမီးပိုင်ဆိုင်သည့် ILC ကောလိပ်သည်လည်း စစ်ကောင်စီကစီမံသည့် ပွဲလမ်းသဘင်များတွင် ပါဝင်ခွင့်ရလာသည်။

ဦးခင်ရီသမီးဖွင့်သည့်ကျောင်း

ဦးခင်ရီသမီးပိုင်ဆိုင်သည့် ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရုပ်ရှင်ရုံအနီးရှိ နိုင်ငံတကာခေါင်းဆောင်မှု ကောလိပ်(International Leadership College – ILC )သည် နှစ်နိုင်ငံအစိုးရချင်း(G2G) အသိအမှတ်ပြု ဘွဲ့အစီအစဉ်များကို ကျယ်ပြန့်စွာ သင်ကြားပေးပြီး၊ ၎င်းတို့၏ ပရိုဂရမ်များကို အများပြည်သူနှင့် အစိုးရဝန်ထမ်းများ တက်ရောက်နိုင်သည်ဟု ကျောင်း၏ ဝက်ဘ်ဆိုက်ဒ်စာမျက်နှာတွင် ကြေညာထားသည်။ 

ယခင်က ‘နိုင်ငံတကာခေါင်းဆောင်မှုတက္ကသိုလ်’ ဟုအမည်ပေးထားသော်လည်း စစ်ကောင်စီက ပုဂ္ဂလိကပိုင် တက္ကသိုလ်များကို ကောလိပ်အဖြစ်အမည်ပြောင်းခိုင်းချိန်တွင် နိုင်ငံတကာခေါင်းဆောင်မှု ကောလိပ်(International Leadership College – ILC )ဖြစ်လာသည်။ 

အဆိုပါဦးခင်ရီသမီးပိုင် ကောလိပ်သည် စစ်ကောင်စီကပေးသည့် အခွင့်အရေးအများအပြားကိုရခဲ့သည်။ ၂၀၂၄ ခုနှစ် အတွင်းက ကျင်းပခဲ့သည့် စစ်ကောင်စီ၏နေပြည််တော် လူငယ်ဖိုရမ်ကဲ့သို့သောပွဲများတွင် ဦးခင်ရီ၏သမီးနှင့် သူ၏ကောလိပ်က ရှေ့တန်းမှနေရာရခဲ့သည်။

ဒေါ်မေဖူးပွင့်စိုးသည် ဖခင်၏နိုင်ငံရေးအာဏာဆက်လက်တည်မြဲရေးအတွက် ဦးခင်ရီမဲဆွယ်စည်းရုံးရေး လုပ်ငန်းများတွင် အဓိကပံ့ပိုးပေးနေသည်ဟု နီးစပ်သူများကဆိုသည်။ ထိုသို့မဲဆွယ်ရာတွင်လည်း ILC ကောလိပ်၏ ပုံရိပ်များကို အသုံးပြုခဲ့သည်ကိုတွေ့ရှိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်က ဇေယျသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်ရှိ ဦးခင်ရီ၏ မဲဆွယ်ပွဲ၌ မေဖူးပွင့်စိုး ကို တွေ့ရသည်။ တီရှပ်အင်္ကျီအစိမ်းရောင်ဝတ်ထားသော မေဖူးပွင့်စိုး၏ လက်ထဲတွင် ၎င်း၏ ‌ကျောင်းအမှတ်တံဆိပ်ပါ ‘ILU’ စာအုပ် ကိုင်ထားသည်ကို တွေ့ရှိရသည်။

ဖခင်ဖြစ်သူ မဲဆွယ်ပွဲတွင်တွေ့ရသည့် မမေဖူးပွင့်စိုး (ဓာတ်ပုံ – ကြံ့ခိုင်ရေးပါတီ) 

ကြံ့ခိုင်ရေးကိုဗဟိုပြုပြီးကြီးထွားလာသည့် ဦးခင်ရီ၏စီးပွားရေးအင်ပါယာနှင့် သားဖြစ်သူကို လက်သိပ်ထိုး ကန်ထရိုက်လုပ်ငန်းများချပေးသည့်အကြောင်း Myanmar Now က ကြံ့ခိုင်ရေး၏ပြောရေးဆိုခွင့်ရှိသူ 

ဦးလှသိန်းထံ တယ်လီဖုန်းဖြင့် နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဆက်သွယ်ခဲ့သည်။ 

အစပိုင်းတွင်ဦးလှသိန်းက ဖုန်းလက်ခံပြောရန်သဘောတူသော်လည်း ဦးခင်ရီနှင့်သူ၏သား၏ ကျပ်ငွေသိန်း နှစ်သောင်းတန် ကန်ထရိုက်စီမံကိန်းအကြောင်းစကားစသောအခါ ဖုန်းချသွားခဲ့သည်။ နောက်ထပ်ဆက်သွယ် မေးမြန်းမှုများကိုလည်း လက်ခံဖြေကြားခြင်းမရှိတော့ပေ။ 

Related Articles

Back to top button