အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ဒေသခံတို့ ကာလရှည်ပျောက်ကွယ်နေပြီး တိုက်ပွဲရပ်နားခြင်းမရှိသော ဗန်းမော်မြို့

ဗန်းမော်ဒေသခံတို့ ပိုမိုလုံခြုံမည့်နေရာသို့သွားရောက်နေထိုင်ကာ ဆိုးဝါးသည့်ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနေစဉ် ၎င်းတို့၏ နေရပ်တွင်မူ တိုက်ပွဲနယ်မြေ လွန်စွာကျယ်ပြန့်လာနေသည်။

ဝါးခြမ်းကာ၊ တာလပတ်မိုးထားသည့် ယိုင်နဲ့နဲ့တဲထဲတွင် အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်ခါးနန်က ကတ်ထူစက္ကူဘူးခွံများကို အထပ်လိုက် ခင်းထားသည်။ ရှိသည့်အနွေးထည်တို့ဖြင့်ရောစပ်၍ ကချင်ဒေသ ဆောင်းဒဏ်ကို အန်တုရန်ဖြစ်သည်။ 

ဒေါ်ခါးနန်သည် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ တောတွင်း တစ်နေရာတွင် ငါးနှစ်အရွယ်၊ ၁၃ နှစ်အရွယ်နှင့် ၁၆နှစ်အရွယ် သားများနှင့်အတူ  ခိုလှုံနေသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။

ချမ်းအေးလွန်းသဖြင့် ‘အမေ…ဗန်းမော်အိမ်ပဲ ပြန်ရအောင်’ဟု အရွယ်မရောက်သေးသည့် သားသုံးယောက်က စောဒကတက်တိုင်း ၁၀ ပေပတ်လည်ခန့်ကျယ်သည့် ထိုတဲထဲတွင် ဒေါ်ခါးနန် မျက်ရည်မဆယ်နိုင်ခဲ့ပေ။

“သေနတ်သံတွေရှိသေးတယ်လို့ သူတို့နားလည်လွယ်တဲ့ စကားလုံးတွေနဲ့ပဲ ပြောထားရတယ်”ဟု  ဒေါ်ခါးနန်က မျက်ရည်တို့ကို သုတ်ရင်းပြောသည်။

 ကချင်လွတ်လပ်ရေး တပ်မတော်  (KIA)  နှင့် မဟာမိတ်များက ဗန်းမော်မြို့ပေါ်ရှိ အာဏာသိမ်းတပ်၏ စခန်းများကို၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကတည်းက ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည်။  

 လေကြောင်း၊ ရေကြောင်းဖြင့် စစ်ကူနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်း၍ ခုခံနေသည့်  စစ်တပ်က ၎င်း၏ အားသာချက်ဖြစ်သော လေကြောင်းတိုက်ခိုက်မှုကို အားပြုတိုက်ခိုက်နေရာ ဗန်းမော်သည် ဗုံးကြဲမှုဒဏ်ကို အခံရဆုံးမြို့တစ်မြို့ ဖြစ်လာသည်။

မြို့ခံများသည် တိုက်ပွဲစတင်ချိန်မှစ၍   မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများ၊ မြို့များသို့ ထွက်ပြေးကြရပြီး မြန်မာပြည်အလယ်ပိုင်းဒေသ မန္တလေးသို့ တိမ်းရှောင်ကြသူများလည်းရှိသည်။

“ကျွန်မတို့အိမ်က လက်နက်ကြီးကျလို့ မီးလောင်ပြီးပျက်သွားပြီ။ ဘေးအိမ်တွေကလည်း အခုလောက်ဆို မရှိလောက်တော့ပါဘူး။ တိုက်ပွဲတွေ တအားဖြစ်နေတယ်။ မီးခိုးတွေချည်းပဲ​တွေ့နေရတာ”ဟု ဒေါ်ခါးနန်က ပြောသည်။

ယခင်က ဒေါ်ခါးနန်သည် ကချင်ပြည်နယ် ဗန်းမော်မြို့ သုံးမိုင်ရပ်ကွက်တွင် ဆန်အရောင်းအဝယ် လုပ်ကိုင်သူဖြစ်သည်။ ယခုအခါ မိုးမောက်မြို့နယ်အတွင်းတွင်  မိသားစုစားဝတ်နေရေးကို နေ့စားအလုပ် လုပ်ခြင်း၊ ကွမ်းယာရောင်းခြင်းတို့မှရသည့် ဝင်ငွေဖြင့် ဖြေရှင်းလျက်ရှိသည်။

“သူများကူညီမှ စားရမှာလည်း မဟုတ်တဲ့အတွက် မဖြစ်ဖြစ်တဲ့ နည်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေတာ။ နေရထိုင်ရတာကတော့  မိုးတွင်းဆိုရင် မိုးတအားယိုတယ်။ ချက်စားလို့မရဘူး။ အိပ်လို့မရဘူး။ ဖာထားလည်း မရဘူး။ မိုးမှောင်လာပြီဆိုရင် တအားစိတ်ညစ်တယ်”

ဒေါ်ခါးနန်တို့ ခိုလှုံနေသည့်  မိုးမောက်မြို့နယ် တောတွင်းတစ်နေရာတွင် အခြားမိသားစုဝင် ၅၀ နီးပါးရှိသည်။  

စစ်ရှောင်များသည် စိုက်ပျိုးရေး လုပ်ကိုင်ကြသလို နီးစပ်ရာကျေးရွာများတွင် နေ့စားအလုပ်ရှိလျှင် သွားရောက်လုပ်ကိုင်၍ ဝမ်းစာရှာနေထိုင်ကြသည်ဟု နှစ်ခြင်းအသင်းတော်မှ အမှုတော်ဆောင် ဦးအင်ခွန်လဆိုင်းက ပြောသည်။

ဝါးခြမ်းများဖြင့် ကာရံ၍၊ တာလပတ်၊ သက်ငယ်တို့ မိုးထားသည့် တဲများတွင်နေထိုင်ရခြင်းကြောင့် ဆောင်းတွင်း အအေးဒဏ်ကို အကြီးအကျယ် ခံရသလို ရာသီအလိုက်ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရသည်ဟု အခြားစစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ဒေါ်ဂျာဆိုင်းဆန်းကလည်း ဆိုသည်။

“မိုးတွင်ဆိုရင် မိုးကာက ပေါက်ပြဲလို့ မိုးယိုယိုထဲမှာပဲ အိပ်ရတယ်။ အခုဆောင်းတွင်းလည်း စောင်အပါးလေးနဲ့ အဝတ်သုံးစုံလောက်နဲ့ ပြေးလာခဲ့တယ်ဆိုတော့ စောင်မလောက်ဘူး၊ စောင်တစ်ထည်ကို မိသားစု သုံးယောက်လောက်ခြုံပြီး ဖက်ပြီးအိပ်ရတယ်”ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များသည် စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်နေရချိန်တွင် ဗန်းမော်မြို့၏ စစ်ရေးအခြေအနေကြောင့် စိုးတထိတ်ထိတ်နှင့် နေထိုင်နေရသည်ဟု ဒေါ်ဂျာဆိုင်းဆန်းက ပြောသည်။

“(KIA က)  ဗန်းမော်သိမ်းနိုင်ရင်  (စစ်တပ်က)  နေရာတိုင်းမှာ ဗုံးကြဲမယ်ဆိုတဲ့ အသံလေးတွေလည်း ကြားနေရတော့ တော်တော်လေးကို သတိဝီရိယနဲ့ နေနေရတယ်။ မနေ့က ဆိုရင် ဗုံးက ဒီနားမှာလာကြဲသွားသေးတယ်။ တော်သေးတယ်၊ ဘုရားကျေးဇူးတော်ကြောင့်မကွဲတာ” ဟု ၎င်းက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောသည်။

ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သော ဗန်းမော်မြို့ကို ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ထားသည်။  ပြည်နယ်မြို့တော် မြစ်ကြီးနား၏ တောင်ဘက် ၁၁၅ မိုင်အကွာတွင် ရှိပြီး၊ တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့်သာ ဝေးသည်။

ထို့အပြင် ကချင်ပြည်နယ်မှ မြန်မာပြည်အလယ်ပိုင်းသို့ ကုန်းလမ်းရော ရေလမ်းနှင့်ပါ ဆက်သွယ်နိုင်ပြီး အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့တောင်ဘက်တွင် ရှမ်းပြည်နယ်နှင့် အနောက်ဘက်တွင် စစ်ကိုင်းတိုင်းတို့ကို ဆက်သွယ်နိုင်သည့် မဟာဗျူဟာကျသည့် မြို့ကြီးတစ်မြို့ဖြစ်သည်။  

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်  စာရင်းအရ ဗန်းမော်တွင် လူဦးရေ တစ်သိန်းကျော်  (၁၂၄,၅၄၄ ဦး)  နေထိုင်သည်။  ဗမာ ၄၀ ရာခိုင်နှုန်း၊ ရှမ်း ၃၆ ရာခိုင်နှုန်း နှင့် ကချင် ၁၇ ရာခိုင်နှုန်း ရှိသည်။

ရပ်ကွက် ၁၆ ရပ်ကွက်၊  ကျေးရွာအုပ်စု ၄၂ စု၊ ကျေးရွာ ၇၁ ရွာရှိသည်။ KIA ပြန်ကြားရေးဌာန၏ ပြောကြားချက်အရဆိုလျှင် မြို့နယ်တစ်ခုလုံး၏ ဧရိယာဖြစ်သည့် ၇၅၉ စတုရန်းမိုင်၏ ၉၀ ရာခိုင်နှုန်းကျော်ကို KIA နှင့် မဟာမိတ်များက ထိန်းချုပ်ထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်း၊ ကယား၊ ကရင်၊​ ချင်း နှင့် ကချင်ပြည်နယ်စသည့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများပြင်းထန်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ နယ်မြေသိမ်း၊ မြို့သိမ်း တိုက်ပွဲကြီးများလည်း အပြိုင်အဆိုင်ပေါ်ပေါက်ခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လတွင် ကချင်ပြည်နယ်ရှိ စစ်တပ်စခန်းများကို KIAနှင့် မဟာမိတ်များပူးပေါင်း၍ ထိုးစစ်ဆင်ရာ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ နယ်မြေများနှင့် မြို့အများစုကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုနှစ် မေလတွင် ဗန်းမော်နှင့် ထိစပ်နေသည့် မံစီ၊ မိုးမောက်မြို့တို့ကိုလည်း တိုက်ခိုက်ခဲ့သော်လည်း ဗန်းမော်မြို့ကို နှစ်ကုန်ပိုင်းမှသာ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 ဗန်းမော်မြို့တိုက်ပွဲတွင် KIAနှင့်အတူ အာရက္ခတပ်တော် (AA) နှင့် ကျောင်းတပ်သားတပ် (ABSDF)  တို့ ပါဝင်တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားသည့် KIAလက်အောက်ခံ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်  (KPDF) ၊ ကဒူးအမျိုးသားတပ် KNA (B) ၊ KPDFနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ နိုင်ငံအလယ်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  တပ်ရင်းတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြသည်။

ဗန်းမော်တိုက်ပွဲတွင် ပါဝင်နေသည့် PDF များ၏ အင်အားကို အသေးစိတ် မသိရပေ။  

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် PDF တပ်ရင်း (၃) က   အင်အား ၁၀၀ ခန့်ဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ၂၀၂၅ ခုနှစ် ဧပြီလမှ စပြီး ခြောက်လကြာ ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။    ဒုတပ်ရင်းမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ကလေးခရိုင် PDF တပ်ရင်း (၆) သည်လည်း ဗန်းမော်တိုက်ပွဲတွင် ပါဝင်ပြီး တပ်ဖွဲ့မှူးအပါအဝင် ရဲဘော် ၁၇ ဦးကျဆုံးခဲ့သည်ဟု စက်တင်ဘာလ လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

KIA၏ မဟာမိတ်များအနက် AA သည် ကိုးကန့်တပ်  (MNDAA) ၊ တအာင်းတပ်  (TNLA) တို့နှင့်အတူ ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များကို သိမ်းဆည်းရေးဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင်လည်း ပါဝင်ခဲ့သလို ရခိုင်တစ်ပြည်နယ်လုံးသိမ်းပိုက်နိုင်ရေးအတွက်လည်း စစ်မျက်နှာဖွင့်ထားသည်။

ထိုမျှအထိ အင်အားကြီးမားလာသည့် AA တပ်ဖွဲ့ကို KIA နယ်မြေတွင် စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ကချင်စစ်မျက်နှာနှင့်ပတ်သက်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗန်းမော်မြို့နယ်ကိုသိမ်းပိုက်နိုင်သည်အထိ ကူညီတိုက်ခိုက်ပြီး ကချင်ပြည်သူတို့ကို လက်ဆောင်ပေးရန် AA တပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ဗန်းမော်မြို့သည် အမှတ်  (၂၁)  စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဝန်းရံပြီး တပ်ရင်း၊ တပ်ခွဲပေါင်း ၁၀ ခုဖြင့် တည်ဆောက်ထားသည့် တပ်မြို့တစ်ခုဖြစ်သည်။

ထိုတပ်များမှာ ခလရ (၂၃၆) ၊ ခလရ (၄၇) ၊ အမှတ် (၃၆၆)  အမြောက်တပ်ရင်း၊ အမှတ် (၉၄၄)  ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၉၁၄)  စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၂) အလုပ်ရုံတပ်စု (လျှပ်စစ်) ၊ အမှတ် (၅၀၁၄)  တင့်ကားတပ်ရင်း၊ အမှတ် (၅) ဆက်သွယ်ရေး တပ်ရင်း၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၉၃၃) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ခွဲတို့ ဖြစ်သည်။

အခြားမြို့များနှင့် မတူဘဲ​ ဗန်းမော်မြို့တွင် တပ်ရင်းဌာနမျိုးစုံအပြင် မြို့တွင်း ရပ်ကွက်များအတွင်း အခိုင်အမာတည်ဆောက်ထားသည့် အဆောက်အအုံများတွင်ပါ စစ်တပ်က တပ်စွဲခုခံနေသည့်အတွက် မြို့ကို အပြီးသတ် သိမ်းရန် ကြန့်ကြာနေခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျွန်တော်တို့ တိုက်ရမယ့် သူတို့ရဲ့ စစ်တပ်စခန်းတွေအများကြီးရှိနေတယ်။ ၂၀ ကျော် ရှိနေတယ်။ နောက် ပစ်ကွင်းကလည်း မိုင်ပေါင်း ၂၀ ကျော် ကျယ်ပြန့်တဲ့နေရာဖြစ်ပါတယ်။ အဲဒီထဲက သူတို့ရဲ့ ကာကင်းတွေ၊ လုံခြုံရေးတွေချထားတာတွေ အများကြီးရှိနေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

ထို့အပြင် ဗန်းမော်မြို့သည် ၂၀၂၄ ခုနှစ် မတ်လတွင် စတင်သည့် KIA၏ ထိုးစစ်အတွင်း အရေးနိမ့်ခဲ့သော၊ ရာနှင့်ချီသည့် စစ်တပ်စခန်းတို့ အင်အားစုရုံးနေသော နေရာလည်းဖြစ်သည်။

ဗန်းမော်မြို့သည် ကချင်ထိုးစစ်အတွင်း နောက်ဆုံးမှ ဆင်နွှဲသည့် မြို့သိမ်းတိုက်ပွဲဖြစ်သည်။ ယင်းမတိုင်ခင် မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ မြို့သစ်၊ ကုန်းလော၊ ဒေါ့ဖုန်းယန် ဆိုသည့် မြို့ငယ်များနှင့် အဆိုပါမြို့များအနီးရှိ စစ်တပ်စခန်းကုန်းကြီးများကို KIA က ဦးစွာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဗန်းမော်မြို့အနီးဝန်းကျင်ရှိ မံစီ၊ မိုးမောက်မြို့တို့ကို ဆက်လက်သိမ်းပိုက်ခဲ့ပြီး အထက်ပါ မြို့များမှ ဆုတ်ခွာသွားသည့် အာဏာသိမ်း စစ်တပ်အင်အား အားလုံးနီးပါးက ဗန်းမော်မြို့တွင် သွားရောက် စုပေါင်းခဲ့ကြသည်။

ထို့အပြင်  ဗန်းမော်မြို့ အရှေ့ဘက်ရှိ မိုးမောက်မြို့နှင့် တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကြားရှိ တောင်တန်းများပေါ်မှ နာမည်ကျော် စိန်လုံနှင့် ယောယုံ စသည့် အခိုင်အမာ ဗျူဟာစခန်းကြီးများမှ အင်အားများသည်လည်း ဗန်းမော်မြို့တွင် သွားရောက်ပူးပေါင်းခဲ့ကြသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု  (CDM) တွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က စစ်တပ်သည် ဗန်းမော်ကို တပ်ရင်းတပ်ဖွဲ့ ၁၁ ခု၊ ထပ်ပေါင်းအင်အားများအပြင် တပ်မ (၈၈) နှင့် ရေကြောင်းမှရောက်လာသည့် တပ်မ (၁၀၁) စသည့် စစ်ကူတပ်မ နှစ်ခုဖြင့်ပါ အင်အား ထောင်ချီဖွဲ့စည်း၍ ခုခံနေခြင်းဖြစ်သည်ဟု သုံးသပ်သည်။

ဗန်းမော်မြို့တွင် စုဖွဲ့ထားသည့် အင်အားမှာ  ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ဟု ခေါ်သည့် စစ်ဌာနချုပ်ထက်ပင်  ဖွဲ့စည်းပုံ ပိုကောင်းကြောင်း ၎င်းက ပြောသည်။

“ဗန်းမော်မှာကတော့ တိုင်းစစ်ဌာနချုပ် ငယ်ငယ်လေးလို့တောင်ပြောရမယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေထဲမှာဆိုရင် မပခရှိတယ်။ စကခ ၃ ရယ် စကခ ၂၁ ရယ်ရှိတယ်။ ဒါက ဌာနချုပ်ကြီးတွေ။ အဲဒီမှာ ဒကစ ဆိုတာရှိတယ်။ သူက အာဏာပိုင်အဖွဲ့။ ဒါပေမဲ့ သူက စစ်ဆင်ရေးအာဏာတော့မရှိဘူး။ ဒါပေမဲ့ အဲဒီ ဒကစထက်ကိုပိုပြီး ကြီးတဲ့အနေအထားရှိပါတယ်။ ဒါကြောင့် သူ့မှာ စစ်လက်ရုံးတပ်ဖွဲ့တွေ တော်တော်လေးများနေတဲ့အနေအထားမျိုးပါဗျ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ထို့အပြင် တိုက်ပွဲကြာမြင့်လာသည့်နှင့်အမျှ စစ်တပ်က သုံးစွဲသည့် ဒရုန်းနည်းပညာသည် KIA ပူးပေါင်းတပ်များ၏ ဒရုန်းနည်းပညာထက် သာလွန်လာသည်၊   အဖျက်စွမ်းအား ပိုပြင်းလာသည်ဟု ဗန်းမော်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် မင်းကင်းမြို့နယ် PDF တပ်ရင်း (၃) ထံက သိရသည်။

“ကျွန်တော်တို့အနေနဲ့ လေယာဉ်လာတာလောက်ကတော့ ခေါင်းထဲမထည့်ဘူး။ သိပ်လည်းမကြောက်ဘူး။ ဒရုန်းကိုတော့ တော်တော်ကြီးကြောက်ရတယ်။ ဒရုန်းရန်က တော်တော်လေးဒုက္ခပေးတယ်။ သူတို့ရဲ့  အသေခံ ဒရုန်းတွေက ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်” ဟု မင်းကင်း PDF တပ်ရင်း (၃)  ယာယီတပ်ရင်းမှူး ကိုနောင်ရိုးက ပြောသည်။

ထို့အပြင်  တော်လှန်ရေးတပ်များ၏ လှုပ်ရှားမှုကို ထောက်လှမ်းရေးဒရုန်းများဖြင့် မှတ်တမ်းတင်ကာ ဒရုန်းများဖြင့်ဗုံးကြဲခြင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများလည်း ပြုလုပ်သည်ဟု သိရသည်။

စစ်တပ်ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များတွင်လည်း ဗန်းမော်တိုက်ပွဲအတွင်း စစ်တပ်၏ ဒရုန်းဗုံးကြဲခြင်း၊​ အသေခံဒရုန်းများဖြင့် တိုက်ခိုက်သည့် ရုပ်သံဖိုင်များကို မကြာခဏ တင်လေ့ရှိသည်။

လက်ရှိတွင် စစ်တပ်က ၎င်းတို့၏ အခြေစိုက်တပ်ရင်း၊ တပ်ခွဲဌာနချုပ်များကို ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီး ကျေးရွာများတွင် နယ်မြေထိန်းချုပ်နိုင်ရေး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

KIA ပြန်ကြားရေးအဖွဲ့၏ အတည်ပြုပြောဆိုချက်အရ မြို့၏ အရှေ့ဘက် သုံးမိုင်ခန့်အကွာတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး အဆိုပါ နေရာအနီးတွင် စစ်တပ်၏ လက်ရုံးတပ်ရင်းများနှင့် ဗန်းမော်ကွန်ပျူတာတက္ကသိုလ်တို့ ရှိသည်။

မြို့တောင်ဘက် ခလရ (၄၇) နှင့် မြို့အရှေ့မြောက်ဘက် လေးမိုင်အကွာရှိ နမ့်ဖားရွာ၊ ခြောက်မိုင်အကွာရှိ ဗန်းမော်တက္ကသိုလ်နှင့် တာမိုင်းလုံရွာအနီးတို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု KIA ပြန်ကြားရေးဌာနထံက သိရသည်။

“တခြားနေရာမှာလည်း ဖြစ်တာတော့ရှိပါတယ်။ အမြဲတမ်းလိုလိုဖြစ်တဲ့နေရာကတော့ သုံးမိုင်တို့၊ ၄၇ ပတ်ဝန်းကျင်တို့၊ တာမိုင်းလုံ နမ့်ဖားတို့မှာတော့ အမြဲလိုလိုဖြစ်ပါတယ်” ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အပြန်အလှန် ထိုးစစ်ဆင်နေမှုကြောင့် မြို့၏ မည်သည့်အစိတ်အပိုင်းကို မည်သည့်ဘက်က ထိန်းချုပ်ထားသည်ကို အတိအကျပြော၍မရနိုင်ကြောင်း မြေပြင်တပ်ဖွဲ့များနှင့် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက  ပြောသည်။

“ကျွန်တော်တို့ဘက်ကလည်း မြို့တွင်းမှာရှိပါတယ်။ ပထဝီအနေအထားနဲ့ ပြောမယ်ဆိုရင် ကျွန်တော်တို့လည်း သုံးပုံ နှစ်ပုံလောက်ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စစ်တပ်တွေလည်း အများကြီးကျန်သေးတယ်။ အဲဒီတော့ ပြောဖို့တော့ ခက်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ် လဆန်းပိုင်းတွင် ရေကြောင်းမှခဲယမ်း၊ ရိက္ခာနှင့် စစ်ကူများရောက်လာပြီးနောက် ဒရုန်းအသုံးပြုမှုပိုမိုများပြားလာသလို KIA ကလည်း စစ်ကူများ ထပ်မံပေးပို့ထားသည့်အတွက် မြို့ပေါ်တွင် ရပ်ကွက်တစ်ခုချင်းစီအလိုက် တိုက်ပွဲများ ပြင်းထန်နေသည်ဟု  KIA နှင့် နီးစပ်သည့် ကချင်ဒေသခံတစ်ဦးက မြေပြင်သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ပြောသည်။

အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီး၊ လေယာဉ်ကွင်းအနီး၊ မြို့တောင်ဘက်ရှိ ခြေလျှင်တပ်ရင်း ခလရ (၄၇) နှင့် မြို့အရှေ့မြောက်ဘက် တာမိုင်းလုံတို့ဘက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည်၊  နှစ်ဘက်စလုံး ရှေ့တိုး နောက်ဆုတ် တိုက်ခိုက်နေကြသည်ဟု အဆိုပါ ဒေသခံက အမျိုးသားက ပြောသည်။

“ခလရ (၄၇) ဘက်က လွန်ခဲ့တဲ့ လကတည်းက တစ်ဝက်ကျော်သိမ်းထားပြီးသား။ သူတို့ အင်းအားမမျှတော့ ခလရ (၄၇) မကျဖို့ ဆက်ပြီးမှ သူတို့ ရုန်းကန်နေရတာ။ လေယာဉ်ကွင်းနဲ့ တစ်လျှောက်လုံးကို အကုန်လုံးပြန်သိမ်းထားတယ်။ လေယာဉ်ကွင်းလည်း စကစ နည်းနည်းပဲ ကာထားနိုင်တဲ့ အဆင့်ပဲရှိတော့တာ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

လေယာဉ်ကွင်းအရှေ့ဘက်ရှိ ခလရ (၂၃၆) နှင့် တင့်ကားတပ်ရင်း (၅၀၁၄) တို့ကိုလည်း စစ်တပ်နှင့် KIA တို့ တစ်လှည့်စီ ထိန်းချုပ်နေကြသည်ဟု အထက်ပါအမျိုးသားက ပြောသည်။

မြို့ပေါ်ရပ်ကွက်များတွင်လည်း ရပ်ကွက်တစ်ခုချင်းစီကို  တစ်လှည့်စီ ထိုးစစ်ဆင်သိမ်းပိုက်နေကြပြီး မြို့အရှေ့မြောက်ဘက် တာမိုင်းလုံရွာနှင့် ဗန်းမော်တက္ကသိုလ်တို့ကိုလည်း KIA က သိမ်းပိုက်နိုင်ခဲ့သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

“တာမိုင်းလုံဘက်တွေ တက္ကသိုလ်ဘက်တွေ၊ လေယာဉ်ကွင်းတွေ အကုန်လုံးက သိမ်းထားပြီးသားလေ။ ဒါပေမဲ့ အဆုတ်အတက်ကတော့ ဖြစ်နေတော့ စစ်ကောင်စီက ဗန်းမော်မကျရေး အသည်းအသန်ကို လုပ်နေတာ” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

၂၅ မိုင် အဝန်းအဝိုင်းခန့် ကျယ်ပြောသည့် ဗန်းမော်မြို့တစ်ခုလုံးနီးပါးတွင် ကျားကွက်ထိုးသကဲ့သို့ နှစ်ဘက်တပ်များ အရောရော အနှောနှောဖြစ်နေသည့် အခြေအနေဖြစ်နေသည်။

ရှမ်းမြောက်တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဆင်နွှဲအောင်မြင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကြီးတစ်ခုလုံး ရပ်တန့်သွားရန် ကြားဝင်ဖိအားပေးခဲ့သည့် တရုတ်နိုင်ငံက KIA ကိုလည်း ဖိအားပေးခဲ့သည်။

တရုတ်နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းစေလိုကြောင်း၊ တိုက်ပွဲများ ရပ်ဆိုင်းစေလိုကြောင်း တရုတ်က မကြာခဏ ပြောဆိုခဲ့သည်ဟု KIO/KIA ၏ စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတို့ကို စီမံရန် ဖွဲ့စည်းထားသည့် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုတိယ ဥက္ကဌ-၁ ဗိုလ်ချုပ်ကြီးဂွန်မော်က ပြီးခဲ့သည့် နှစ်များအတွင်း သတင်းဌာနအချို့ကို ပြောကြားထားသည်။

KIA ၏ ထိုးစစ်များ တရုတ်နယ်စပ်သို့ရောက်လာကာ နယ်စပ်ကုန်သွယ်ရေးမြို့များဖြစ်သည့် ပန်ဝါ၊ ကန်ပိုက်တည်၊ လွယ်ဂျယ်စသည့် မြို့များကို KIA သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်က ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များအားလုံးကို ပိတ်သိမ်းခဲ့သည်၊

သို့သော် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အဆိုပါ နယ်စပ်ဂိတ်အကုန်လုံးကို ပြန်ဖွင့်ပေးသည်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို သယ်ယူခွင့်ပြုသော်လည်း စစ်ရေးအတွက်ပါ အသုံးပြုတည့်သည့် ဘက်ထရီ၊ စက်သုံးဆီနှင့် အခြားကုန်စည်အချို့ကို ကန့်သတ်ခဲ့သည်။

နယ်စပ်ဂိတ်များကို ပိတ်သိမ်းခြင်းက KIA အကျိုးထက် တရုတ်နိုင်ငံ၏ အကျိုးစီးပွားသာ ပိုမိုယုတ်လျော့နိုင်သည်၊  တရုတ်က ကချင်ပြည်နယ်မှထွက်ရှိသည့် မြေရှားသတ္တုကဲ့သို့သော တွင်းထွက်သယံဇာတများကို   လိုအပ်နေသည်ဟု ကချင်ဒေသခံ အချို့က သုံးသပ်ကြသည်။

 KIO/KIA ထိပ်တန်းခေါင်းဆောင်များကို တရုတ်နိုင်ငံ ရင်ကျန်း၊ ထိန်ချုံးစသည့်မြို့များသို့ မကြာခဏ ခေါ်ယူတွေ့ဆုံကာ ကချင်ဒေသစစ်ရေးနှင့် အခြားအခြေအနေများကို ဆွေးနွေးလေ့ရှိသည်ဟု KIA ပြန်ကြားရေးဌာနထံက သိရသည်။

မည်သို့ပင်ဖြစ်စေ TNLA နှင့် MNDAA တို့ ရင်ဆိုင်ခဲ့ရသော ပိုမို ပြင်းထန်သည့်ဖိအားမျိုးကို KIA က ရင်ဆိုင်ခဲ့ရခြင်းမရှိဘဲ ကချင်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်မှုများကို ဆက်လက်ပြုလုပ်နိုင်နေဆဲဖြစ်သည်။

စစ်တပ်က  ဟိုပင် မိုးညှင်းမြို့မှလည်း ဗန်းမော်သို့ စစ်ကူပို့ဆောင်နိုင်ရန် ကြိုးစားနေသည်။

ဟိုပင်မြို့ အရှေ့ဘက် တောင်တန်းများမှတဆင့် ဆင်ဘိုမြို့၊ ထိုမှတဆင့် ဗန်းမော်ကို စစ်ကူပို့နိုင်ရန် စစ်ကြောင်းထိုး လမ်းဖောက်နေသည့်အတွက် ဟိုပင်မြို့အရှေ့ဘက်ရှိ KIA တပ်စခန်းအချို့ နောက်ဆုတ်ပေးထားရသည်ဟု သိရသည်။

KIA ကလည်း ဇန်နဝါရီဆန်းပိုင်းအတွင်း စစ်ကူအင်အားအချို့ ထပ်မံဖြည့်တင်းခဲ့ကြောင်း KIA နှင့် နီးစပ်သူ ကချင်ဒေသခံ အမျိုးသားက ပြောသည်။

ဗန်းမော်မြို့တွင် ကိုးလတာအတွင်း တိုက်ပွဲကြီး ၁၆ ကြိမ်၊​ တိုက်ပွဲငယ် ၄၉၀ ခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်မှ အလောင်း ၁၆၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်တပ်က စက်တင်ဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဖွဲ့မှ   ၄၆၀၀ ကျော်သေဆုံးပြီး ၅၀၀၀ နီးပါး ဒဏ်ရာရရှိသည်၊ KIA ၏ ဗန်းမော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး စစ်ရေးရည်မှန်းချက် ရပ်တန့်သွားပြီဟု  အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

သို့သော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် KIA က အင်အားများထပ်မံပို့ဆောင်ထားပြီး ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည့်အတွက် ဗန်းမော်တိုက်ပွဲသည် ပိုမိုပြင်းထန်လာရန်သာ ရှိတော့သည်။

ယခုအခါ မြို့ပေါ်တွင် လူသူကင်းမဲ့နေသည့် ဈေးဆိုင်များ၊ ရုပ်ရှင်ရုံများ၊ စာသင်သားမရှိသည့် ကျောင်းများနှင့် လူသူကင်းမဲ့နေသည့် လမ်းမကျယ်ကြီးများသာ ကျန်ရှိတော့သည်။

ထိုအရာများအစား လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် နှစ်ဖက် စစ်တပ်များက မြို့ပေါ်နှင့် ကျေးရွာများတွင် နေရာယူထားပြီး ဖျက်အားပြင်း လက်နက်များဖြင့် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။

တစ်နှစ်ကျော်ကြာလာသည့် ဗန်းမော် တိုက်ပွဲတွင်  အသုံးပြုနေကြသည့် လက်နက်ကြီးများ၊ လေတပ် ဗုံးကြဲမှုများကြောင့် ဗန်းမော်မြို့ပေါ်ရပ်ကွက်များမှ နေအိမ်အများစု ပျက်စီးကုန်ကြပြီဖြစ်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံမှတ်တမ်းများတွင် ရပ်ကွက်တချို့မှာ ကွင်းပြင်များကဲ့သို့ဖြစ်နေသည်၊  နေအိမ်များ မရှိတော့ဘဲ အပျက်အစီး အမှိုက်သရိုက်များနှင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။

ဖန်ခါးကုန်း၊​ ဟန်းတဲ၊ အောင်သာ၊ ခွန်သာ၊ နောင်ခို စသည့် ရပ်ကွက်များတွင် နေအိမ်အများစု ပျက်စီးကုန်ပြီး အခြားရပ်ကွက်များရှိ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် နေအိမ်အဆောက်အအုံ အချို့လည်း ပျက်စီးသွားကြသည်။ 

 မိုးမောက်မြို့နယ်တွင် ခိုလှုံနေသည့် ဒေါ်ဂျာဆိုင်းဆန်းက ထွက်ပြေးလာပြီးနောက်ပိုင်း ဗန်းမော်မြို့တွင်းအခြေအနေကို တိတိကျကျ မသိရတော့ကြောင်း ပြောသည်။ 

ဘာသာရေးဆရာ  ဦးအင်ခွန်လဆိုင်ကလည်း ၎င်း၏ နေအိမ် ပျက်စီးနေကို Google Maps တွင် တွေ့ရသည်၊ မည်မျှအထိ ပျက်စီးသွားသည်ကို မသိရသေးဟု  ဆိုသည်။ သူ၏နေအိမ်ထက် ဦးအင်ခွန်လဆိုင် ပူပန်နေသည်မှာ ၎င်းတို့ခိုလှုံနေသည့် စစ်ရှောင်စခန်းအရေးဖြစ်သည်။

စစ်ရှောင်များအတွက် နေ့စားအလုပ် နေ့စဉ်ရရန် မလွယ်ကူရာ စားဝတ်နေရေး ပိုမိုခက်ခဲလာသည်၊ သက်တမ်းကြာလာသော ယာယီတဲများကို ပြန်လည်ပြုပြင်ရန် လိုအပ်လာသည်။   ရာသီအလိုက်ကျန်းမာရေးပြဿနာကိုလည်း ရင်ဆိုင်နေရသည်ဟု ဦးအင်ခွန်လဆိုင်က ပြောသည်။

“အခက်အခဲတွေရှိပေမယ့်လည်း ဘုရားကျေးဇူးတော်ကို ရေတွက်ချီးမွမ်းပြီးမှ ဘုရားပြင်ဆင်ထားတဲ့နေ့ရက်၊ ကတိတော်ပေါ်မှာပဲ ယုံကြည်ပြီးအသက်ရှင်နေတယ်” ဟု သူက ပြောလိုက်သည်။

Related Articles

Back to top button