သတင်း

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တိုက်ပွဲကြောင့် မိုင်းကိုင်ဒေသခံတစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စုအနီးတွင် ယမန်နေ့ (အောက်တိုဘာ ၄) တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး အနီးအနားရှိ ကုန်းပေါင်ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၃ ဦး ဒဏ်ရာရပြီး တစ်ဦး သေဆုံးသွားသည်ဟု ကူညီပေးနေသူများက ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား စက်တင်ဘာ ၁၄ မှစ၍ မိုင်းကိုင်မြို့နယ်အနီး နယ်မြေလုတိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယမန်နေ့ ၊ မွန်းလွဲ ၃ နာရီခွဲခန့် ပန်ကေတုရွာနှင့် ကုန်းပေါင်ရွာကြားတွင် ထိုနှစ်ဖွဲ့ တိုက်ပွဲဖြစ်ရာ လက်နက်ကြီးကျည် ကုန်းပေါင်ရွာအတွင်း ကျသောကြောင့် အသက် ၃၂ နှစ်အရွယ် ဦးကွီဆိုင်ကော်အပါအဝင် မိသားစုဝင် ၄ ဦး ဒဏ်ရာရခဲ့သည်။

ခြေထောက်နှင့် လက်တွင် ဒဏ်ရာအနည်းငယ်ရသွားသူတို့မှာ အသက် ၃၂ နှစ်အရွယ် ဇနီးသည် ဒေါ်မာဆိုင်ကော်၊ ၁၆ နှစ်နှင့် ၈ နှစ်အရွယ် သမီးနှစ်ဦးတို့ဖြစ်သည်။

မိသားစုဝင် ၄ ဦးလုံး မိုင်းကိုင်မြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့မနက် ၁၀ နာရီခွဲ၌  ဦးကွီဆိုင်ကော် သေဆုံးသွားသည်။

“ရင်ဘတ်မှာ ထိသွားတာလေ။ ကျည်စက မထုတ်နိုင်ဘဲ အကုန်လုံး အူတွေ၊ ကလီစာတွေ ပျက်စီးတော့ အထဲက မထုတ်နိုင်လို့လေ။ အဲဒါကြောင့် ဒီနေ့ ၁၀ နာရီခွဲမှာ ကွယ်လွန်သွားတယ်”ဟု ကူညီပေးသူတစ်ဦးက ပြောသည်။

ရုပ်အလောင်းကို သေဆုံးပြီး နာရီအနည်းငယ်အကြာ မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းကိုင်မြို့သုသာန်၌ မြေမြှုပ်သင်္ဂြိုဟ်လိုက်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ကုန်ပေါင်းရွာအနီးတွင် ယနေ့မနက် ၉ နာရီမှစ၍ မွန်းလွဲပိုင်း ၂ နာရီအထိ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ကုန်းပေါင်ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့လုံးက ၎င်းတို့လက်ချက်မဟုတ်ကြောင်း အသီးသီးငြင်းဆိုကြသည်။

နယ်နိမိတ်ကျော်လွန်လှုပ်ရှားလာသည့် RCSS/SSA အဖွဲ့ကို တောင်ဘက်သို့ ရောက်အောင် ပြန်လည်ထိုးစစ်ဆင်ခြင်းဖြစ်ပြီး ရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်မှာ ၎င်းတို့သုံးစွဲလေ့ရှိသည့် လက်နက်မဟုတ်ဘဲ RCSS/SSA က ပစ်ခတ်လိုက်သည့် လက်နက်ဖြစ်ကြောင်း SSPP/SSA ၏ ပြောခွင့်ရအရာရှိ ဒုဗိုလ်မှူးကြီးစိုင်းဆုက ပြောသည်။

“ရွာထဲမှာ သွားကြတဲ့ဟာက ကျွန်တော်ကြားရတာက ၆၀ မမ ဗုံးလို့ ပြောတယ်၊ ၆၀ မမ ဆိုရင်တော့ RCSS ဘက်က ပစ်ခတ်တာပဲ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

သို့သော် RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ထိုးစစ်ဆင်လာသည့် SSPP/SSA ၏ လက်နက်သာဖြစ်သည်ဟု တုံ့ပြန်သည်။

“သူတို့က ထိုးစစ်ဆင်လာပြီးတော့ ရှေ့တန်းရောက်ရင် ခြေကုပ်ယူတယ်၊ တပ်တည်တယ်။ တပ်တည်ပြီးရင် လက်နက်ကြီးနဲ့ လှမ်းပစ်တယ်၊ ထိုးစစ်ဆင်တယ်။ အဲလိုမျိုးတွေလုပ်လာတယ်” ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

ပန်ကေတုကျေးရွာမှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်-ကျေးသီးနှင့် သီပေါမြို့တို့ကို ဆက်သွယ်ထားသည့် လမ်းသုံးခွဆုံနေရာတွင်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်စပ်ဖြစ်သည်။

ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းဆုံရာနေရာများဖြစ်သည့် ကျေးသီး၊ မိုင်းကိုင်မြို့နယ်များတွင် ဇူလိုင်မှစ၍ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး နိုင်ငံရေးသမားများနှင့် ဒေသခံများက တိုက်ပွဲရပ်ဆိုင်းရန် တောင်းဆိုထားသော်လည်း ထိုနှစ်ဖွဲ့က လက်ခံခြင်း မရှိသေးပေ။

ဇူလိုင်လတိုက်ပွဲများအတွင်း ကျေးသီးမြို့နယ်မှ စစ်ရှောင် ထောင်နှင့်ချီ ထွက်ပြေးခဲ့ရပြီး စက်တင်ဘာ ၁၄ မှစ၍ မိုင်းကိုင်မြို့နယ်အတွင်း ထပ်မံဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့်လည်း ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုကို အနိုင်ကျင့်သတ်ဖြတ်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် ကချင်၊ ချင်း၊ ကရင်ပြည်နယ် အခြေစိုက်အဖွဲ့များက စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်နေကြသည်။ 

ကျန်အဖွဲ့များက စောင့်ကြည့်နေကြပြီး ရှမ်းလက်နက်ကိုင်အဖွဲ့ကြီး နှစ်ဖွဲ့က ၎င်းတို့၏ နယ်မြေလုတိုက်ပွဲများနှင့် အလုပ်များနေကြသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button