ရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲ ရှမ်းတွေက ကြိုက်မယ်လို့ မထင်။ ဒါပေမဲ့ ဒီစစ်ပွဲကို သူတို့ ရှုတ်ချရမှာလား။ အဲဒီလို ပြောဖို့လည်း သူတို့ဆန္ဒမရှိ။ အကြမ်းဖက်မင်းအောင်လှိုင်စစ်တပ်ဆိုတာ ရှမ်းတိုင်းရင်းသားတွေကို သမိုင်းတစ်ခုလုံး အနိုင်ကျင့် ဗိုလ်ကျလာခဲ့တာပဲ။ ဒါပေမဲ့ ရှမ်းပြည်နယ်မှာဖြစ်နေတဲ့၊ ဒီစစ်တပ်ကို တိုက်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ရင် ရှမ်းတွေက ပြတ်ပြတ်သားသား ရပ်တည်ဖို့ တော်တော်လေးခက်နေတယ်လို့ ပြောရမယ်။
အောက်တိုဘာ ၂၇ မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တခြားမဟာမိတ်တပ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်း ကြေညာပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ နယ်မြေစိုးမိုးမှု အကြီးအကျယ် ရတယ်။
နမ့်ခမ်းမြို့တိုက်ပွဲကာလမှာ ဆိုရင် ရှမ်းနဲ့ တအာင်းတွေက လူမျိုးရေးကိစ္စ တော်တော်လေး တင်းမာကြတယ်လို့ ကြားတယ်။ ရှမ်းတွေက TNLA မြို့သိမ်းတိုက်ပွဲလုပ်နေတာကို မလိုလားကြဘူး။ TNLA တာဝန်ခံတစ်ယောက်ပြောအရဆိုရင် ဒီလိုအခြေအနေမှာ လူမျိုးစု ၂ ခုကြား ပေါက်ကွဲမသွားအောင် ကြည့်ထိန်းပြီး မြို့ကို သိမ်းရတယ်တဲ့။
ဒေသတွင်းမှာ ရှမ်းပြည်တပ်မတော် (SSA) အမည် သုံးတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ ရှိပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ ဖြစ်ပါတယ်။
ရှမ်းတွေကိုယ်တိုင် သူတို့လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဘယ်လို မြင်လဲ ဆိုပြီး ကျွန်တော် ခင်တဲ့ ရှမ်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနဲ့ ရှမ်းသတင်းထောက်တွေကို လိုက်မေးကြည့်တယ်။ လူ့အခွင့်အရေးသမားက ဘာပြောလဲဆိုတော့ ခေါင်းဆောင်ပိုင်းမှာ လူလဲသင့်ပြီတဲ့။ သူက TNLA မြို့တစ်ခုပြီးတစ်ခု သိမ်းနေတဲ့ဟာကို ကြည့်ပြီး သူ့ရှမ်းလက်နက်ကိုင်ခေါင်းဆောင်တွေကို အားမလို အားမရဖြစ်တာပါ။
SSA နှစ်ဖွဲ့က သင့်မြတ်မှု မရှိကြဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာဆို အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာပါ။
၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ချိန်မှာတော့ ရှမ်းပြည်သူတွေ ဖိအားနဲ့ ဒီ ၂ ဖွဲ့ အပစ်ခတ်ရပ်ထားတယ်။ ဆိုလိုတာက TNLA တပ်တွေ မြို့သိမ်းနေချိန်မှာ ရှမ်းပြည်သူတွေ စိတ်မပျက်အောင် ရှမ်းနှစ်ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးလုပ်လိုက်တဲ့ သဘောပါ။ RCSS က ပြည်နယ်ကို အခြေခံတဲ့ ရှမ်းပြည်ဖက်ဒရယ်တည်ထောင်မယ်တဲ့။ SSPP ကျတော့ လူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်ကို တည်ထောင်မယ်တဲ့။ ဒီ ၂ ဖွဲ့က ရပ်တည်ချက် မတူတော့ ရေရှည် ဘယ်လိုမှ ပူးပေါင်းလို့မရဘူးလို့ လူတွေက အဲဒီလို မြင်တယ်။
ရှမ်းသတင်းထောက်တစ်ယောက်ကလည်း ဒီနှစ်ဖွဲ့ရဲ့ လတ်တလော အပစ်အခတ်ရပ်စဲရေးက ရေရှည်သွားလို့ မရဘူးတဲ့။
နှစ်ဦးနှစ်ဖက် အပစ်ခတ်ရပ်စဲရေးထက် ရှမ်းပြည်သူတွေ ဖြစ်စေချင်တာက TNLA လုပ်သလို အကြမ်းဖက်မင်းအောင်လှိုင်စစ်တပ်ကို ရှမ်းပြည်ကနေ မောင်းထုတ်ပြီး ရှမ်းတွေရဲ့ လွတ်လပ်ပြည်နယ် တည်ဆောက်ချင်တာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလို ဖြစ်မနေဘူး။
ဝေဖန်မှု အားနည်းတဲ့ ရှမ်းလူမှုအဖွဲ့အစည်း
ရှမ်းလက်နက်ကိုင်တွေကို ဝေဖန်လို့ မရဘူးတဲ့။ နင်ဝေဖန်ရင် နင့်ကို သတ်လိမ့်မယ်။ သူတို့ကို ဘယ်လို ထင်လဲ။ ဒါက ရှမ်းသတင်းထောက်တစ်ယောက် ပြောပြတာပါ။ မင်းအောင်လှိုင်စစ်တပ် နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ပတ်သက်ပြီး ရှမ်းလူမှုအဖွဲ့အစည်းထဲက ဝေဖန်မှု မရှိသလောက်ပဲ မြင်ရတယ်။ လက်ရှိ ရှမ်းခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်က ဂုဏ်သိက္ခာ မရှိဘူးတဲ့။ မွန်တွေတောင် ဂုဏ်သိက္ခာ ရှိနေသေးတယ်၊ ဘာကြောင့်လဲဆိုတော့ မွန်ပြည်မှာ မွန်ပြည်သူ့ကာကွယ်ရေးတပ်တွေ တည်ထောင်သေးတယ်တဲ့။
အိပ်နေသော ကျားကြီး ဘယ်တော့ ပြန်နိုးထလာမှာလဲ
ရှမ်းခေါင်းဆောင်တွေရဲ့ အမြင်က မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေရဲ့ အမြင်နဲ့ တူမယ် ထင်တယ်။ လက်ရှိ နိုင်ငံရေးပြဿနာက ဗမာနဲ့ ဆိုင်တယ်၊ ရှမ်းတွေနဲ့ မဆိုင်ဘူး၊ အဲဒီတော့ ဒီစစ်ပွဲထဲ သူတို့မပါဝင်ဘူး၊ အလယ်အလတ်လမ်းစဉ်နဲ့ ဆက်ပြီးနေသွားမယ် ဆိုတဲ့ အမြင်ပါ။
ဒါပေမဲ့ ရှမ်းခေါင်းဆောင်တွေက ရှမ်းပြည်သူတွေရဲ့ စိုးရိမ်ချက်ကို နားထောင်သင့်ပြီ ထင်တယ်။ ရှမ်းမြောက်ဒေသမှာ ကိုးကန့်တပ်က သူလိုအပ်တဲ့ နယ်မြေတွေ လိုသလောက် သိမ်းနေပြီ။ TNLA တပ်ကျတော့လည်း သူ့ပြည်နယ် ထူထောင်ဖို့ သူလိုသလောက်တော့ ဆက်တိုက်၊ ဆက်သိမ်းနေတုန်းပါ။ ဒီအတိုင်းပဲ ရှမ်းကျားကြီးက ဆက်အိပ်နေရင်တော့ အနာဂတ်မှာ ရှမ်းပြည် မြေပုံအသစ် ထပ်ရေးရလိမ့်မယ် ထင်တယ်။
လက်ရှိ ရှမ်းမြောက်စစ်ပွဲမှာ ရှမ်းတွေက ဘယ်လိုမြင်လဲ
အကြမ်းဖက်မင်းအောင်လှိုင်စစ်တပ်ကို တိုက်ဖျက်ရမယ်၊ ဒါကိုတော့ ရှမ်းပြည်သူတွေက သဘောတူတယ်တဲ့။ ဒါပေမဲ့ တိုက်မယ့်အဖွဲ့တွေက စစ်တိုက်တော့မယ်ဆိုတဲ့အကြောင်း ပြည်သူတွေကို ကြိုတင်သတင်းမပေးတာရယ်၊ ပြီးတော့ ပေါ်ပေါက်လာမယ့်စစ်ရှောင်တွေအတွက် ကြိုတင်ပြင်ဆင်မှု မလုပ်တာရယ်ကိုတော့ ရှမ်းတွေက သဘောမကျဘူး။ ပြီးတော့ အခု ညီနောင် မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်ကို ဟန့်တားဖို့ လမ်းတံတားဖျက်လိုက်တော့ နယ်ခံတွေလည်း ခရီးမသွားနိုင်တော့ဘူး၊ ဒဏ်ရာရတဲ့ ပြည်သူတွေထဲ လုံလောက်တဲ့ ကုသမှုမရလို့ သေသွားသူတွေ ရှိလာတယ်။ ဒါကိုလည်း သဘောမကျကြဘူး။
ရှမ်းလက်နက်ကိုင်အဖွဲ့တွေ မပါတဲ့ ရှမ်းမြောက်ဒေသ စစ်ပွဲတွေမှာ ပြည်သူတွေရဲ့ဘဝ ပျက်စီးရမှုဟာ ပိုပြီး ထင်သာမြင်သာရှိသလို ဖြစ်လာတယ်။
(မွန်တိုင်းရင်းသား သတင်းစာဆရာ လဝီဝမ်သည် လက်ကိုင်ပဋိပက္ခ၊ တိုင်းရင်းသားများ၏ လူမှုစီးပွားနိုင်ငံရေးအခက်အခဲများကို ဆယ်စုနှစ်တစ်ခုကျော် ရေးသားတင်ဆက်နေသူဖြစ်သည်။ ယခင်က ဧရာဝတီသတင်းဌာနတွင် လုပ်ကိုင်ခဲ့သည့် လဝီဝမ်သည် ယခုအခါ ကမ္ဘာ့ကုလသမဂ္ဂ၏ အရှေ့တောင်အာရှ လူ့အခွင့်အရေးဆိုင်ရာဌာနတွင် အချိန်ပိုင်း နိုင်ငံတကာသုတေသီ၊ AFP သတင်းဌာနတွင် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေသည်။)