လေ့လာသုံးသပ်ချက်

ညီညွတ်ရေးကျိုးပဲ့နေသော NCA-S EAO များ၏ တံဆိပ်သစ် နိုင်ငံရေး

အပစ်ရပ် ၇ ဖွဲ့အမည်ဖြင့် ပေါ်ပေါက်လာသော စုစည်းမှုအသစ်တွင် စုစည်းမှု၏ ရည်ရွယ်ချက်၊ အဖွဲ့အစည်းကိုယ်စားပြုမှုတို့နှင့်ပတ်သက်ပြီး မရေမရာဖြစ်နေသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့က “7 NCA-S EAO Summit” ခေါင်းစဉ်တပ် အစည်းအဝေးတစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၁၇-၁၈ ရက်နေ့များက ပြုလုပ်ခဲ့သည်။

NCA-S EAO ၇ ဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ဖြစ်သည်ဟု သိရသည်။

နှစ်ရက်တာအစည်းအဝေးအပြီးတွင် “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့” (7 EAO Alliance) ဖွဲ့စည်းကြောင်း အဖွဲ့၏ အမည်သစ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ 7 EAO Alliance ကို အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒုတိယခေါင်းဆောင်အဖြစ် NMSP ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က ဦးဆောင်ပြီး၊ RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သော အဖွဲ့ဝင် ၈ ဦး ပါဝင်သည့် အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို EAO အဖွဲ့များသည် NCA-S EAO (Nationwide Ceasefire Agreement – Signatory, Ethnic Armed Organizations) အမည်ဖြင့်လည်းကောင်း၊ PPST (Peace Process Steering Team) အမည်ဖြင့်လည်းကောင်း စုဖွဲ့ရပ်တည်နေကြပြီး၊ အဖွဲ့သစ်ဖွဲ့စည်းရန် အဘယ်ကြောင့် လိုအပ်သနည်းဆိုသည့် မေးခွန်းရှိလာပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပူးပေါင်းဆောင်ရွက်နေရင်း၊ အာဏာသိမ်းမှု သုံးနှစ်ကျော်လာချိန်တွင် အဖွဲ့တွင်းညီညွတ်ရေး ရေစီးကမ်းပြိုလိုက်လာနေသော EAO-S များသည် မူလက PPST အနေဖြင့် ၁၀ ဖွဲ့ရှိခဲ့ရာမှ ယခုနောက်ဆုံး လက်ကျန် ၅ ဖွဲ့သာ ရှိတော့သည်။

ထို့ကြောင့် ထိုအစည်းအဝေးကို “7 NCA-S EAO Summit” ဟု ခေါင်းစဉ်တပ်ထားသည့်အတိုင်း ထိပ်သီးအစည်းအဝေး ဟုတ်မဟုတ်နှင့် ဖော်ပြထားသည့်အတိုင်း ၇ ဖွဲ့ တင်းပြည့်ကျပ်ပြည့် ကိုယ်စားပြုမှုရှိမရှိ ဦးစွာ ဆန်းစစ်လေ့လာရန် လိုအပ်ပြီး၊ အဖွဲ့သစ် ဖွဲ့စည်းခြင်းအပေါ် နိုင်ငံရေးအရ ဆန်းစစ်လေ့လာသွားပါမည်။  

ထိပ်သီးအစည်းအဝေး အင်္ဂါရပ် နှင့် အဖွဲ့အစည်းကိုယ်စားပြုမှု ပြဿနာများ

အစည်းအဝေးအမည်ကို အင်္ဂလိပ်လို Summit ဟု သုံးနှုန်းထားသဖြင့် ထိပ်သီးအစည်းအဝေးများ၏ အင်္ဂါရပ်အရ အဖွဲ့ခေါင်းဆောင်များသာ တက်ရောက်ရမည်ပြီး၊ ခေါင်းဆောင်က အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ပါက ၎င်းက အဆုံးအဖြတ်ပေးပိုင်ခွင့် အာဏာကုန်လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ် ဖြစ်ရပေလိမ့်မည်။ သို့မှသာ ထိပ်သီးအစည်းအဝေး (Summit) ဆိုသည့် အင်္ဂါရပ်နှင့်အညီ ဖြစ်ပေလိမ့်မည်။

သို့သော် ယခုအစည်းအဝေးတွင် ထိပ်သီးအစည်းအဝေး တက်ရောက်သင့်သူ အဖွဲ့အစည်းခေါင်းဆောင်ဆို၍ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တစ်ဦးသာ တွေ့ရသည်။ အခြားတက်ရောက်သူများမှာ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခေါင်းဆောင်များ မဟုတ်ကြပါ။ ထို့ကြောင့် “7 NCA-S EAO Summit” ဟု ခေါ်ဆိုနိုင်သော အစည်းအဝေး၏ ဥပဓိရုပ်နှင့် အရေးပါမှုကို သံသယဖြစ်ဖွယ် တွေ့ရှိရသည်။

ထို့ကြောင့် အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက် ခေါင်းစီးတွင် မြန်မာလို “ထိပ်သီးအစည်းအဝေး” ဟု မသုံးနှုန်းဘဲ “မျက်နှာစုံညီအစည်းအဝေး” ဟု သုံးနှုန်းထားခြင်းကို သတိပြုမိသည်။ တစ်နည်းအားဖြင့် တတ်ရောက်လာကြသူများသည် အဖွဲ့အစည်းခေါင်းဆောင်များမဟုတ်ခြင်းကို ဖော်ညွှန်းလျက်ရှိသည်။ ထို့ပြင် အဖွဲ့အစည်းကိုယ်စားပြုမှုပြဿနာများ ရှိသူများလည်း ပါဝင်နေခြင်းကို သတိပြုမိသည်။

ပထမဆုံး ကိုယ်စားပြုမှုပြဿနာမှာ အစည်းအဝေးဒုတိယနေ့အပြီး 7 EAO Alliance ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာပြီး နေ့တွင်းချင်း PNLO ၏ ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခွန်သူရိန်က ထိုအစည်းအဝေးတက်ရောက်ရန် ဗဟိုကော်မတီဆုံးဖြတ်ချက် မရှိကြောင်း၊ ထို့ကြောင့် 7 EAO Alliance တွင် PNLO မပါရှိကြောင်း သတင်းဌာနများကို ထုတ်ဖော်အသိပေး ပြောကြားခဲ့သည်။ ထို့ကြောင့် အစည်းအဝေးကို တက်ရောက်လာသော PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာသည် အဖွဲ့ကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်ဘဲ ပုဂ္ဂလိကဆန္ဒအရ တက်ရောက်သည်ဟု အဓိပ္ပာယ်ထွက်နေသည်။

ABSDF တွင်လည်း ၂၀၂၃ အောက်တိုဘာလက ထိုပြဿနာ တက်ခဲ့ရာ အဖွဲ့၏ခွင့်ပြုချက်မရဘဲ စစ်ကောင်စီ၏ပွဲတစ်ခုကို တက်ရောက်ခဲ့သူ ၃ ဦး နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာတာဝန်များ ရုပ်သိမ်းခံလိုက်ရသည်။

အစည်းအဝေးတက်ရောက်လာသော ဗိုလ်မှူးကြီးခွန်ဥက္ကာက သူ့ကို အဖွဲ့ပြင်ပအစည်းအဝေးများနှင့် ပတ်သက်ပြီး တားမြစ်ထားခြင်းမရှိဟု သတင်းသမားများကို ပြောသည်။

“သူတို့အနေနဲ့ မတက်စေချင်ဘူးဆိုရင် ABSDF ထုတ်သလိုပေါ့၊ အစည်းအဝေးသွားတက်သူတွေဟာ PPST ဦးဆောင်ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်မှ ရုပ်သိမ်းလိုက်ကြောင်း စာတစ်စောင် ကြိုထုတ်ထားရင်တော့ ကျွန်တော် လာမတက်တော့ဘူးပေါ့။ အဲ့လိုမရှိဘူး။ အဲ့တော့ တာဝန်ပေးထားတဲ့အတိုင်း၊ တာဝန်ရှိလို့ ဒီပွဲကို လာမတက်ရင် တာဝန်ရှောင်သလို ဖြစ်မှာစိုးလို့ လာတက်တာပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးကျေးရွာအနီး စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က PNLO/PNLA ၏ ယာဉ်တန်းကို ပိတ်ဆို့ဟန့်တားရာမှ တိုက်ပွဲစတင်ဖြစ်ပွားပြီး၊ လက်ရှိတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတို့အတွက် ဘဝတူညီနောင်မဟာမိတ်များနှင့် လက်တွဲ ပူးပေါင်းပါဝင်လာပြီး ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့တွင် စစ်ကောင်စီကို ရင်ဆိုင်တိုက်ပွဲဝင်လျက်ရှိသည်။

7 NCA-S EAO နှင့် PPST တွင် အဖွဲ့ဝင်ဖြစ်ပြီး၊ ယခု အသစ်ဖွဲ့စည်းလိုက်သော 7 EAO Alliance တွင် ပါဝင်သော မွန်ပြည်သစ်ပါတီ (MNSP) သည်လည်း မကြာသေးခင်က အဖွဲ့တွင်းဦးဆောင်မှုအပိုင်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်အဖွဲ့၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်အဖွဲ့ ဟူ၍ နှစ်ခြမ်းကွဲသွားခဲ့သည်။

ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော (၁၁) ကြိမ်မြောက် ပါတီညီလာခံအပြီး၊ MNSP အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော ဦးဆောင်သော ပါတီနှင့် စစ်ဘက်ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များသည် “မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)” အမည်ဖြင့် MNSP မှ ခွဲထွက်လိုက်သည်။

ထို့နောက် MNSP-AD အမည်ဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလက်တွဲတိုက်ခိုက်သွားမည်ဟု ကြေညာလိုက်သည်။

ချင်းမိုင်အစည်းအဝေးကို တက်ရောက်လာသော လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့များသည်လည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို အကြောင်းပြုပြီး အဖွဲ့၏ခေါင်းဆောင်မှုအပိုင်းတွင် သဘောထားကွဲလာကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ခေါင်းဆောင်များကို သူကိုယ်တိုင် တစ်ဖွဲ့ချင်း တွေ့ဆုံမည်ဟု ၂၀၂၂ ခုနှစ် မေလခန့်တွင် ကမ်းလှမ်းခဲ့သည်။ ထိုကိစ္စတွင် LDU ခေါင်းဆောင်ပိုင်းအကြား သဘောထားကွဲခဲ့ရာ၊ ခေါင်းဆောင်တချို့ဖြစ်သော ကျာဆော်လမွန်၊ ကျာယာကုပ်၊ ကျာဖူးတို့က နေပြည်တော်သို့ သွားရောက်ပြီး မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ရာ ဥက္ကဋ္ဌ ကျာဟားက ၎င်းတို့ကို အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။

သို့သော် LDU မှ ထုတ်ပယ်ခံရသူ ၃ ဦးသည် LDU အဖွဲ့အမည်ဖြင့် ဆက်လက် လှုပ်ရှားနေရာ ချင်းမိုင်အစည်းအဝေးတွင် အသစ်ဖွဲ့စည်းခဲ့သော 7 EAO Alliance ၏ အတွင်းရေးမှူးအဖွဲ့တွင် ကျာယာကုပ်၏ အမည် ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထိုကိစ္စနှင့်ပတ်သက်ပြီး မတ်လ ၁၉ ရက်နေ့တွင် LDU က ကြေညာချက်ထုတ်ရာ ကျာဆော်လမွန်နှင့် အပေါင်းအပါများက LDU အမည်ကို အလွဲသုံးစားလုပ်နေပြီး စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ NCA-S EAO အစည်းအဝေးသို့ တက်ရောက်နေခြင်းအတွက် ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ထို့အတူ ALP အဖွဲ့အတွင်း ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်နှင့် ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းအကြား နိုင်ငံရေးရပ်တည်ချက် သဘောထားကွဲပြားရာမှ စောမြရာဇာလင်းက ALP အမည်နှင့် ပါတီသစ်ဖွဲ့ပြီး ၎င်းကိုယ်တိုင်က ဥက္ကဋ္ဌရာထူး ရယူခဲ့ကြောင်း ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုအခါ ဥက္ကဋ္ဌ ခိုင်ရဲခိုင်ဦးဆောင်သော ပါတီခေါင်းဆောင်များကလည်း စောမြရာဇာလင်းကို ပါတီမှ ထုတ်ပယ်ခဲ့ပြီး၊ ပါတီအမည်နှင့် အမှတ်တံဆိပ်များ သုံးစွဲခွင့်ကို ပိတ်ပင်ခဲ့သည်။

ဤနေရာတွင် NCA-S EAO နှင့် PPST အဖွဲ့ဝင် အဖွဲ့အစည်းများအတွင်း သဘောထားကွဲပြားမှုများ၊ အဖွဲ့ နှစ်ခြမ်းကွဲမှုများနှင့် ပတ်သက်လျှင် ကျန်အဖွဲ့ဝင်များ၏ သဘောထားမှာ ကြားနေအဖြစ်သာ ရပ်တည်သင့်သည်။

သို့ရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုသော သဘောထားရှိသည့် အဖွဲ့တစ်ခုမှ ကွဲထွက်လာသော ခေါင်းဆောင်မှုအပိုင်းက ၎င်းတို့၏ မူလအဖွဲ့အစည်းအမည်ကို ဆက်လက်အသုံးပြုပြီး PPST နှင့် ယခုအသစ် ဖွဲ့စည်းသော 7 EAO Alliance ပါဝင်နေခြင်းကို ကျန်ရှိသော NCA-S EAO အဖွဲ့များက လက်ခံနေခြင်းသည် အဖွဲ့အစည်းကိုယ်စားပြုမှုဆိုင်ရာ ပြဿနာများကို ပိုမိုရှုပ်ထွေးစေနိုင်ပါသည်။

မူလက NCA-S EAO ၁၀ ဖွဲ့သည် ယခင်ရွေးကောက်ခံအစိုးရများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် PPST ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ခံယူလျက် PPST အဖွဲ့ဝင်များဖြစ်ကြသော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။

ထိုအခါ PPST တွင် ၇ ဖွဲ့သာ ကျန်ရှိပြီး၊ အာဏာသိမ်းပြီးနောက် NCA လမ်းကြောင်းမှ ငြိမ်းချမ်းရေးဖော်ဆောင်ရန်ဟုဆိုကာ နေပြည်တော်ရှိ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းလျက်ရှိကြသည်။

သို့သော် ၂၀၂၂ ခုနှစ် ဧပြီလတွင် RCSS သည် PPST တွင်ပါဝင်မှုအဆင့်ကို လျှော့ချပြီး နေပြည်တော်အစည်းအဝေးများသို့ PPST အနေဖြင့် မတက်ရောက်တော့ဟု ကြေညာခဲ့သည်။ တစ်ဖန် MNSP ကလည်း PPST နှင့်အတူ စစ်ကောင်စီဆွေးနွေးပွဲများ တက်ရောက်တော့မည်မဟုတ်ဟု ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ထပ်မံ ကြေညာခဲ့သည်။

ထိုကာလနောက်ပိုင်း စစ်ကောင်စီနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံကြသော PPST အဖွဲ့ဝင် ၅ ဖွဲ့သာ ရှိပြီး၊ ထို ၅ ဖွဲ့၏ ထုတ်ပြန်ကြေညာချက်များတွင် “PPST အဖွဲ့ဝင် ၅ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့” (Delegation 5 PPST Members – D5 PM) ဟု သုံးစွဲလာခဲ့သည်။ D5 PM အမည်ဖြင့် စစ်ကောင်စီနှင့်တွေ့ဆုံမှုများ ၂၀၂၃ ခုနှစ်အတွင်း ဇွန်လ (၂၆-၂၈) ရက်နေ့ နှင့် ဩဂုတ်လ (၂၉-၃၁) ရက်နေ့တို့တွင် ပေါ်ပေါက်လာသည်။

7 EAO Alliance ဖွဲ့စည်းရန် လိုအပ်ချက်

အထက်တွင် ဖော်ပြခဲ့သော NCA-S EAO နှင့် PPST အခြေအနေများကို လေ့လာမည်ဆိုလျှင် အဖွဲ့အတွင်း ၅ ဖွဲ့ သာ ကျန်ရှိတော့သဖြင့် PPST အနေဖြင့် ဆက်လက်လျှောက်လှမ်းရန် ခက်ခဲလာပြီဖြစ်သည်။ ထို့ပြင် NCA လမ်းကြောင်းအရ ရွေးကောက်ခံအစိုးရများလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အစိုးရ၊ နိုင်ငံရေးပါတီများနှင့် EAO အစုအဖွဲ့ ဟူ၍ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပါဝင်ရန် PPST ကို ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

ယခုအခါ NCA လုံးဝ ရပ်တန့်သွားခြင်းကလည်း PPST ခေါင်းစဉ်ဖြင့် ကျန် ၅ ဖွဲ့ ရပ်တည်ရန် ခက်ခဲလာသဖြင့် စုဖွဲ့မှုအသစ် ပြုလုပ်ရန် 7 EAO Alliance ကို ဖွဲ့စည်းလာခြင်းဖြစ်သည်။ သို့သော် PPST ကို ဖျက်သိမ်းခြင်း ရှိမရှိ ချင်းမိုင်အစည်းအဝေး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပါ။

ချင်းမိုင်းအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် 7 EAO Alliance တွဲဖက်အတွင်းရေးမှူး စောကျော်ညွန့်က စုဖွဲ့မှုအသစ် ဖွဲ့စည်းခဲ့ရခြင်းကို ရှင်းပြခဲ့သည်။

“NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့အနေနဲ့က ပြီးခဲ့တဲ့ကာလတွေမှာလည်းပဲ PPST အနေနဲ့ စုဖွဲ့ပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့တာရှိတယ်။ သို့သော်လည်း ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းကြောင့် PPST စုဖွဲ့မှုဟာ ၁၀ ဖွဲ့ကနေ ၇ ဖွဲ့၊ ၇ ဖွဲ့ကနေ ၅ ဖွဲ့ ဖြစ်သွားတယ်။ အဲ့လို မစုံမလင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို သွားတာမှာ အဆင်မပြေတဲ့အဖွဲ့တွေ ရှိတယ်။ ဒါကြောင့် ဒီလိုမျိုး အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ပြီးခဲ့တဲ့ ၄ လကတည်းက ပြင်ဆင်ရေးအလုပ်အဖွဲ့နဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု သူက ပြောသည်။

သို့သော် 7 EAO Alliance တွင် ၎င်းတို့အမည်ပေးထားသည့်အတိုင်း ၇ ဖွဲ့မရှိပါ။ PNLO သည် ထိုအဖွဲ့သစ်တွင် မပါဝင်ကြောင်း အတိအလင်းကြေညာထားပြီး ဖြစ်သည်။ ထို့ကြောင့် EAO ၆ ဖွဲ့သာ ဖြစ်ပေလိမ့်မည်။ အဆိုပါ ၆ ဖွဲ့တွင် MNSP, LDU နှင့် ALP တို့သည် အဖွဲ့တွင်း အကွဲအပြဲများနှင့် ရင်ဆိုင်နေရသော၊ အဖွဲ့အမည်သုံးစွဲမှု ပြဿနာတက်နေသော အဖွဲ့များ ဖြစ်ကြသည်။

ထို့ကြောင့် 7 EAO Alliance တွင် RCSS/SSA သည် အဖွဲ့အတွင်း တစ်ခုတည်းသော အင်အားအကြီးဆုံးအဖွဲ့ ဖြစ်လာပါသည်။ အဖွဲ့သစ်တွင် အဖွဲ့ခေါင်းဆောင်နေရာကို RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ရယူထားပြီး၊ အတွင်းရေးမှူးအဖွဲ့ခေါင်းဆောင်နေရာ အထွေထွေအတွင်းရေးမှူးရာထူးကိုလည်း RCSS/SSA ၏ အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး စိုင်းငင်းက ရယူထားရာ၊ အရေးပါသော ထိပ်ဆုံးရာထူးများကို တစ်ဖွဲ့တည်းက ရယူထားခြင်းကို ကြည့်လျှင် 7 EAO Alliance သည် RCSS/SSA ၏ အကျိုးစီးပွားကို အဓိကဖော်ဆောင်မည့်အဖွဲ့လားဟု မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ပါသည်။   

(ဤဆောင်းပါးအတွက် Myanmar Now သတင်းထောက် စောရယ်က သတင်းနှင့် အချက်အလက် ပေးပို့ထားသည်။)

Show More

Related Articles

Back to top button