လေ့လာသုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည် (သို့) မင်းအောင်လှိုင်၏ ဓားစာခံ အကျဉ်းသား

ထွက်ပေါက်လိုအပ်နေသော စစ်ခေါင်းဆောင်တို့က သြဇာကြီးမားဆဲဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနိုင်ဖွယ်ရှိသည်။ သို့သော်လည်း လူထု၏တိုက်ပွဲကို မည်သူကမျှ ဟန့်တားနိုင်မည် မဟုတ်ပေ။

နိုင်ငံမြောက်ပိုင်း ကချင်တောင်တန်းများမှသည် အရှေ့မြောက်ဘက် ရှမ်းတောင်တန်းများအထိ၊ အနောက်မြောက် ချင်းတောင်တန်းများမှသည် အနောက်ဘက် ရခိုင်ကမ်းရိုးတန်းအထိ၊ အရှေ့တောင်ဘက်က ဒေါနတောင်တန်းများမှသည် တောင်ဘက် တနင်္သာရီကမ်းရိုးတန်းအထိ၊ အာဏာသိမ်းစစ်တပ်၏ စစ်ရှုံးနိမ့်မှုများက မြန်မာ့ပဋိပက္ခကို စောင့်ကြည့်လေ့လာနေသော နိုင်ငံတကာအသိုက်အဝန်း၏ အမြင်အာရုံများကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ရာစုနှစ် တစ်ဝက်ကျော် ပြည်တွင်းစစ်ကို မရပ်မနား ဆက်တိုက်ဆင်နွှဲခဲ့ပြီး၊ စစ်ရည်စစ်သွေး ‘ဝ’ နေသဖြင့် မည်သို့မျှ ရှုံးနိမ့်နိုင်ဖွယ်မရှိသော စစ်တပ် (A battle-hardened, unbeatable military) ဟု သတ်မှတ်ထားခဲ့ကြသော နိုင်ငံတကာအသိုက်အဝန်းက ယခုအခါ မြန်မာစစ်တပ် ပြိုကွဲနိုင်သလား ဆိုသည့် ဖြစ်တန်ခြေကို စတင်မေးခွန်းထုတ်လာကြပြီ ဖြစ်သည်။

အာဏာသိမ်း ၃ နှစ်ကာလအတွင်း နိုင်ငံအနှံ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ၏ ပိုမိုစနစ်တကျ ဟန်ချက်ညီ ထိုးစစ်များကြောင့် ရှေ့တန်းအခြေချစစ်ဗျူဟာဌာနချုပ်များနှင့် တပ်ရင်းဌာနချုပ်များ လက်နက်ချအညံ့ခံလာရပြီး၊ စစ်တပ်သမိုင်းတွင် မကြုံဖူးသော အိမ်နီးချင်းနိုင်ငံများထဲ နယ်စပ်ဖြတ်ကျော် အသက်လုထွက်ပြေးရသည်အထိ အသရေမဲ့ ရှုံးနိမ့်မှုများကို ရင်ဆိုင်လာရသည်။

ထိုအခြေအနေတွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်မှုအတွင်း မင်းအောင်လှိုင်၏ ဦးဆောင်မှုအပေါ် အချိန်ကြာမြင့်စွာ တိုးတိုးတိတ်တိတ် အားမလိုအားမရ ဝေဖန်ပြစ်တင်ခဲ့ကြရာမှ ခေါင်းဆောင်မှုအပြောင်းအလဲအတွက် ကျယ်ကျယ်လောင်လောင်ပြောဆိုမှုများ ရှိလာခဲ့ပြီ ဖြစ်သည်။

ယခုရက်ပိုင်း နေပြည်တော်မှ ခပ်စိပ်စိပ်ထွက်ပေါ်လာနေသော သတင်းများက တစ်ခုနှင့်တစ်ခု ကျိုးကြောင်း ယုတ္တိဆက်စပ်မှု သဘောအရ သီးခြားဖြစ်စဉ်များဟု အပေါ်ယံ ကြည့်မြင်နိုင်သော်လည်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ခြိမ်းခြောက်ခံနေရသည့် သတင်းများအဖြစ် လေ့လာတွေ့ရှိရသည်။

ထိုဖြစ်စဉ်များမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းတိုက်ခိုက်မှုနည်းပညာ မြင့်မားလာပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကဲ့သို့ အဓိကစစ်ရေးပစ်မှတ်များကို ခြေရာခံတိုက်ခိုက်ခဲ့ရာ စိုးဝင်း ဒဏ်ရာရသွားပြီး ဆေးကုသမှုခံယူနေရသည့် ဖြစ်စဉ်၊ ၎င်း၏ခေါင်းဆောင်မှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်လာသော လက်ရှိနှင့် လက်ဟောင်း စစ်ဗိုလ်ချုပ်တချို့ကို အာဏာသိမ်းရန် ကြံစည်မှု သံသယဖြင့် မင်းအောင်လှိုင်က ဖမ်းဆီးစစ်ဆေးနေသည့် ဖြစ်စဉ်၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရာသီဥတုပြင်းထန်မှု အကြောင်းပြချက်ဖြင့် ၎င်းတို့ကို ချုပ်နှောင်ထားသောနေရာမှ အခြားနေရာများသို့ ရွှေ့ပြောင်းချုပ်နှောင်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ကြသည်။

တစ်နေ့တခြား စစ်ရေးရှုံးနိမ့်မှုများ၊ နိုင်ငံရေးထွက်ပေါက် ပိတ်ဆို့နေခြင်း၊ စစ်တပ်ခေါင်းဆောင်မှုပိုင်း အကျင့်ပျက်ခြစားမှုများကို မဖုံးဖိနိုင်တော့၍ ဖြုတ်-ထုတ်-ရှင်းရင်း ညီညွတ်ရေးပြိုကွဲလာခြင်းက မင်းအောင်လှိုင်၏ ခေါင်းဆောင်မှု ယိုင်နဲ့လာခြင်းနှင့် အကျပ်တည်းဆုံးကာလများကို ရင်ဆိုင်နေရပြီဟု သုံးသပ်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ နိုင်ငံရေးထွက်ပေါက် ဖြစ်နိုင်သေးသလား

အာဏာသိမ်းရန် ကြံစည်မှုဖြင့် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတချို့ကို ဖမ်းဆီးစစ်ဆေးနေမှုသတင်းနှင့် ပစ်မှတ်ထား ဒရုန်းတိုက်ခိုက်မှုအတွင်း ဒု-စစ်ခေါင်းဆောင် စိုးဝင်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသခံနေရသည့် သတင်းများက စစ်တပ်ခေါင်းဆောင်မှုအကျပ်အတည်းကို ဖော်ပြနေသည့် လက္ခဏာများဖြစ်သည်။ ထိုအချိန် ဒေါ်အောင်ဆန်းစုကြည်သတင်း အချိန်ကိုက်ထွက်ပေါ်လာခြင်းမှာ စဉ်းစားစရာဖြစ်ပါသည်။

အခြေအနေနှစ်မျိုး ဖြစ်နိုင်ပါသည်။ ပထမတစ်မျိုးက စစ်တပ်ခေါင်းဆောင်မှုပိုင်းအကျပ်အတည်းကို အာရုံလွှဲသည့် နည်းနာအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သတင်းကို ထုတ်လိုက်ခြင်း ဖြစ်နိုင်ပါသည်။ ဒုတိယတစ်မျိုးမှာ ခေါင်းဆောင်မှုအကျပ်အတည်းနှင့် နိုင်ငံရေးထွက်ပေါက်ပိတ်နေသော စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် နောက်ဆုံး ရွေးချယ်နိုင်ပါသည်။

ဒုတိယဖြစ်တန်ရာခြေကို ဆောင်ရွက်မည်ဆိုလျှင် ထိုကိစ္စမျိုးကို အထူးလျှို့ဝှက်လုပ်တတ်ကြသော စစ်ခေါင်းဆောင်များသည် သူ့ကို အကျဉ်းထောင်အတွင်း သွားရောက်တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်သဖြင့်၊ မည်သူမျှ မသိနိုင်သော တစ်နေရာသို့ ရွှေ့ပြောင်းချုပ်နှောင်ပြီး ဆွေးနွေးညှိနှိုင်းနိုင်ပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နိုင်ငံရေးအရ ဆုံးဖြတ်ချက်များကို တစ်ဦးတည်းသဘောဆန္ဒဖြင့် လုပ်ဆောင်လေ့မရှိဘဲ၊ အနည်းဆုံး ပါတီ၏ အဓိကကျသော ခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချလေ့ရှိသည်။ ယင်းသည် သူမ၏ ခေါင်းဆောင်မှုစည်းကမ်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ပါတီတွင် ဒုတိယခေါင်းဆောင်ဖြစ်သော သမ္မတဦးဝင်းမြင့်ကိုလည်း အကျဉ်းထောင်မှ တစ်ပြိုင်နက်တည်း ပြောင်းရွှေ့ခဲ့သည့်သတင်း ထွက်ပေါ်ခဲ့ရာ၊ ထိုသတင်းမှန်ကန်ခဲ့လျှင် ဒုတိယဖြစ်တန်ရာခြေနှင့် ပိုမိုနီးစပ်နိုင်ပါသည်။           

လာမည့်လပိုင်းအတွင်း အသက် ၇၉ နှစ်ပြည့်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူအပေါ် ဩဇာလွှမ်းမိုးနိုင်ဆုံးသော နိုင်ငံရေးခေါင်းဆောင်အဖြစ် ရှိနေသေးသည်။ ထိုအချက်ကို ကောင်းစွာသိရှိထားသော စစ်ခေါင်းဆောင်များသည် လက်ရှိနိုင်ငံရေးအကျပ်အတည်းမှ ထွက်ပေါက်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနိုင်ပါသေးသည်။

စစ်ခေါင်းဆောင်များ၏ ဓားစာခံနိုင်ငံရေး (Hostage Politics)

စစ်ရေးတွင် ရန်သူပတ်ပတ်လည် ဝိုင်းထားခံထားရသောအခြေအနေတွင် ထွက်ပေါက်ရှာနိုင်ရန် ဓားစာခံရှာလေ့ရှိသော စစ်ခေါင်းဆောင်များသည် နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့လာတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးပြီး၊ ၎င်းတို့၏ရည်မှန်းချက်အတွက် ထွက်ပေါက်ရှာ အသုံးချခဲ့ဖူးသည်။

“ရည်မှန်းချက်ကို မည်သည့်နည်းဖြင့်ရရ တရားသည်” (The means justified the end) ဆိုသည့် အတွေးအခေါ် လက်ကိုင်ထားသော စစ်ခေါင်းဆောင်များအတွက် “နိုင်ငံရေးဂုဏ်သိက္ခာ” (Political integrity) ကို အလေးအမြတ်ထားသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံရေးသမားသည် ၎င်းတို့ အကျပ်အတည်းထဲ ရောက်ချိန် ထွက်ပေါက်ရှာနိုင်သော “အပျော့ထည်ပစ်မှတ်” (Soft target) တစ်ခုဆိုလျှင် မမှားပါ။

ထို့ကြောင့် အာဏာရှင်ဟောင်း ဦးသန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် အကြိမ်ကြိမ် ထိန်းသိမ်းခဲ့ပြီး နိုင်ငံရေးကစားခဲ့သလို၊ နိုင်ငံတကာဖိအားများ ပြင်းထန်လာချိန်မျိုးတွင် လျော့ပါးစေရန် ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်နှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးအဖြေရှာနေသယောင် ဟန်ဆောင်ခိုင်းပြီး ပိရိသေသပ်စွာ လှည့်စားခဲ့ဖူးသည်။

ထိုဖြစ်စဉ်ကို ယခုအခါ မင်းအောင်လှိုင်၏ အကျဉ်းသား ဖြစ်သွားခဲ့ရသော သမ္မတဦးသိန်းစိန်လက်ထက် သမ္မတပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က “Myanmar’s Political Transition and Lost Opportunities” စာအုပ်တွင် အတိအလင်းဖွင့်ချ ရေးသားထားသည်။ ထိုလုပ်ရပ်ကို နိုင်ငံရေးသိက္ခာမဲ့မှုဟု မယူဆဘဲ ရန်သူကို လှည့်စားနိုင်သော စွမ်းရည်တစ်ရပ်အဖြစ် ဦးရဲထွဋ်က ဂုဏ်ယူရေးသားခဲ့ခြင်း ဖြစ်သည်။

ယခုလည်း ရာသီဥတုပူပြင်းသည်ကို အကြောင်းပြပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေရာအတိအကျ မသိနိုင်သည့် အရပ်သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်ကို၊ သူနှင့်ပတ်သက်လာသော သတင်းများ ပြင်ပကမ္ဘာက မသိရှိနိုင်ရန် အထူးတင်းကျပ်ထားသော စစ်ကောင်စီသည် ၎င်းတို့၏ ပြောခွင့်ရပုဂ္ဂိုလ်မှတစ်ဆင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို ရည်ရွယ်ချက်ရှိရှိ လိုလိုလားလား ထုတ်ဖော်ပြောဆိုခဲ့သည်မှာ ထူးခြားနေသည်။

နေပြည်တော်နွေရာသီသည် အမြဲပြင်းထန်တတ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သောနှစ် နွေရာသီကို နေပြည်ထောင်အကျဉ်းထောင်တွင် နေထိုင်ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က မပြောင်းရွှေ့ခဲ့ဘဲ ယခုမှ ပြောင်းရွှေ့ခဲ့ခြင်းသည် သူ၏ကျန်းမာရေးကို ဂရုစိုက်လေဟန် အပြုအမူထက်၊ “ဓားစာခံ နိုင်ငံရေး” (Hostage politics) ကစားကွက်ရွှေ့ရန် ကြံစည်နေခြင်းက ပို၍ဖြစ်တန်ရာခြေ ရှိပါသည်။

စင်စစ် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်သိက္ခာချရန် မင်းအောင်လှိုင်သည် ပုဒ်မအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး၊ သူ၏ လက်ကျန်ကာလများကို အကျဉ်းစံဘဝဖြင့် အဆုံးသတ်စေရန် စီစဉ်ထားပြီး ဖြစ်သည်။ သို့သော် ယခုအခါ ၎င်းကြုံတွေ့နေရသော နိုင်ငံရေးအကျပ်အတည်းမှ ထွက်ပေါက်ရရန် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသုံးချရန် မင်းအောင်လှိုင် ကြံစည်နေပြီလား စဉ်းစားစရာ ဖြစ်လာပါသည်။

သို့သော် မင်းအောင်လှိုင်သည် ဦးသန်းရွှေမဟုတ်သလို၊ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး ဖြစ်ပြီး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်တပ်နှင့် “ရင်ကြားစေ့ရေး” မဟုတ်ပါ။

အဆိုပါ နိုင်ငံရေးအပြောင်းအလဲကို ဒေါ်အောင်ဆန်းစုကြည် ခန့်မှန်း သိရှိထားပြီး ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အာဏာသိမ်းစစ်တပ်ကို ပြည်သူများက လက်နက်ကိုင်ခုခံတော်လှန်နေခြင်းအား “အကြမ်းဖက်” လုပ်ရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ပြစ်တင်ရှုတ်ချပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကြိုးပမ်းခဲ့သော်လည်း “နှုတ်ပိတ်နေခဲ့ခြင်း” ဖြင့် သူ၏ ရပ်တည်ချက်ကို ပြသခဲ့ပြီး၊ လူငယ်မျိုးဆက်သစ် (Generation Z) များ၏ ဒီမိုကရေစီအခွင့်အရေးအား ခုခံကာကွယ်နေကြပုံကို ဂုဏ်ယူဝမ်းမြောက်ကြောင်း သူ၏စီးပွားရေးအကြံပေး ဩစတြေးလျလူမျိုး Sean Turnell လွတ်မြောက်လာချိန်တွင် သတင်းစကားပါးခဲ့သည်။

တစ်ချိန်က တိုင်းပြည်ထိခိုက်နစ်နာမှု အနည်းဆုံးနည်းလမ်းကို ရွေးချယ်ပြီး၊ “အမျိုးသားပြန်လည်သင့်မြတ်ရေးမူ” ကို ကျင့်သုံးလျက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ပြင်ဆင်ခြင်းဖြင့်၊ စစ်တပ်ကို နိုင်ငံရေးမှ ဂုဏ်သိက္ခာရှိရှိ တဖြည်းဖြည်းဆုတ်ခွာရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်ချက်ဖြင့် ကြိုးပမ်းခဲ့သည်။ သူ၏ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကျဉ်းကျ ၃ နှစ်ကာလအတွင်း ပြန်လည်သုံးသပ်ဆင်ခြင်ထားပြီး ဖြစ်ပါလိမ့်မည်။

စစ်ဗိုလ်ချုပ်များ စိတ်တိုင်းကျ ဘောင်ခတ်ထိန်းချုပ်သော တွေ့ဆုံဆွေးနွေးရေးခေတ် ကုန်ဆုံးပြီ

ယခုအခါ တိုင်းရင်းသားဒေသများဖြစ်သော ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်း ပြည်နယ်များအပြင်၊ လူများစုမြန်မာလူမျိုးများ နေထိုင်ရာ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် တနင်္သာရီဒေသများအထိ လက်နက်ကိုင်တော်လှန်ရေး အရှိန်တက်လာရာ မင်းအောင်လှိုင်သည် ၎င်း၏ နိုင်ငံရေးလမ်းပြမြေပုံကို အကောင်အထည်ဖော်ရန် လုံးဝမဖြစ်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်သွားပြီ ဖြစ်သည်။

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အာဏာ ၃ ရပ်စလုံး ၎င်း၏လက်ထဲတွင် ထိန်းချုပ်ထားနိုင်ပြီးဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တစ်နှစ်အတွင်း လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ပုံရသည်။

လက်တွေ့ကျသော နိုင်ငံရေးအပေးအယူများ မြန်မြန်ဆန်ဆန် လုပ်ဆောင်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ် ခန့်ထားရေးအပါအဝင် ပြည်နယ်အုပ်ချုပ်ရေး အာဏာတချို့ကို ဖြေလျှော့ ခွဲဝေပေးမည်၊ ထိုအရာကို စစ်တပ်က ဖန်တီးပေးသော ဖက်ဒရယ်အုပ်ချုပ်ရေးပုံစံ တံဆိပ်ကပ်ပြီး ခြေ/ဥ ကို ပြင်ဆင်ပေးလျှင် တိုင်းရင်းသားများ ကျေနပ်လက်ခံကြလိမ့်မည်၊ တစ်ဖက်တွင် စစ်တပ်ပါတီကသာ အနိုင်ရမည့် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကာ ရွေးကောက်ပွဲကျင်းပပေးပြီး အာဏာသိမ်းမှုကို အောင်မြင်စွာအဆုံးသတ်နိုင်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။

သို့သော် ၎င်းတို့ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲထားသော ၂၀၀၈ ခြေ/ဥ ကိုပင် မလေးစားဘဲ အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင်များ ဘောင်ခတ်သတ်မှတ်ထားသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု (Military-framed political dialogue) မှ တိုင်းရင်းသားများ လိုလားချက်နှင့် ကိုက်ညီသော ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်တစ်ရပ် ထွက်ပေါ်လာရန် မမျှော်လင့်နိုင်ကြောင်း EROs များ ကောင်းစွာ သိရှိသွားပြီ ဖြစ်သည်။

ထို့ကြောင့် မင်းအောင်လှိုင် အကြိမ်ကြိမ် ကမ်းလှမ်းသော ငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်းကို စွန့်လွှတ်ခဲ့ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းကာ Gen Z များ၏ လက်နက်ကိုင် “နွေဦးတော်လှန်ရေး” ကို ဦးဆောင်ကူညီ တိုက်ပွဲဝင်လျက်ရှိရာ၊ စစ်ခေါင်းဆောင် ကမ်းလှမ်းသော ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဦးလှည့်ရန် မရှိတော့ပြီ။

ထို့ကြောင့် မင်းအောင်လှိုင်သည် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ၎င်းတစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိတော့သည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်လာနေပြီ ဖြစ်သည်။ တစ်ချိန်က နယ်စပ်ဒေသရှိ ၎င်းတို့ ထိန်းချုပ်စိုးမိုးနယ်မြေများတွင် ဒေသန္တရဖွံ့ဖြိုးရေး၊ နယ်စပ်စီးပွားရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အကန့်အသတ်ပေး၍ နှစ်သိမ့်ထားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ယခုအခါ ၎င်းတို့ ပြည်နယ်များ စစ်အာဏာရှင်စနစ်အောက်မှ လုံးဝလွတ်မြောက်နိုင်မည့် အခွင့်အလမ်းကို ဆုပ်ကိုင်မိနေပြီ ဖြစ်သည်။

ထိုအခြေအနေတွင် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့က မြန်မာ့အရေးကို သက်ဆိုင်သူအားလုံး ပါဝင်သော ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် တိုက်တွန်းမှုများ ရှိနေသည်။ ပြည်တွင်းပြည်ပ ထောက်ခံမှု လုံးဝဆုံးရှုံးနေသော စစ်ကောင်စီက ထိုအချက်ကို  ပြန်လည်အသုံးချနိုင်ပါသည်။

ထို့ကြောင့် NUG နှင့် အဓိက ERO မဟာမိတ်များဖြစ်ကြသော K3C (ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း) တို့က စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်တပ်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်မည့် ကြိုတင်စည်းကမ်းသတ်မှတ်ချက် ၆ ရပ်ကို ပူးတွဲထုတ်ပြန်ခဲ့သည်။

၎င်းတို့ထဲမှ အရေးအကြီးဆုံး ၃ ချက်မှာ (၁) နိုင်ငံရေး၌ စစ်တပ် ပါဝင်နေခြင်းကို အဆုံးသတ်ရေး၊ (၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရေးနှင့် (၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ၎င်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရေးတို့ ဖြစ်သည်။

အထက်ပါ ၃ ချက်သည် မြန်မာ့နိုင်ငံရေးတွင် အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ် ရေသောက်မြစ်များကို အပြီးတိုင် ဖြတ်တောက်ရန် စေ့စပ်ညှိနှိုင်း၍မရသော သတ်မှတ်ချက်များ (Non-negotiable conditions) ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူ့ဆန္ဒနှင့်ညီသော တွေ့ဆုံဆွေးနွေးမှု (People-led political dialogue) ဖြစ်ရန် စည်းကမ်းချက်များ ဖြစ်ပြီး၊ နိုင်ငံတကာ၏ ကြားဝင်ကြီးကြပ်မှုဖြင့် ဆောင်ရွက်မှသာ အောင်မြင်နိုင်ပါလိမ့်မည်။

စစ်တပ်သည် ၎င်း၏ဖြစ်တည်မှုကို ဆက်လက်ထိန်းသိမ်းလိုလျှင်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့သော မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များကို တရားစီရင်မှုအား ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ပါ။

ရွေးချယ်စရာမရှိတော့သည့် မင်းအောင်လှိုင်

လက်ရှိအခြေအနေသည် မင်းအောင်လှိုင်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးအဖြေရှာပြီး နိုင်ငံရေးထွက်ပေါက်ရှာနိုင်မည့် အလားအလာ မှေးမှိန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် အကြမ်းမဖက်ရေး ‘မူ’ နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ‘မူ’ များဖြင့် ထင်းရှားခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည် ဆွေးနွေးအဖြေရှာရန် စဉ်းစားလာနိုင်ပါသည်။

သို့သော် စစ်တပ်၏နိုင်ငံရေးတွင် ပါဝင်နေမှုကို ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှု သက်တမ်းတစ်လျှောက်လုံး ဆန့်ကျင်သော ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် အထက်ဖော်ပြပါ ၃ ချက်သည် ၁၉၈၈ ခုနှစ်ကတည်းက သူ၏ နိုင်ငံရေးရပ်တည်ချက်များနှင့် ကိုက်ညီလျက်ရှိသည်။

ထို့ကြောင့် စစ်တပ်သည် မည်သူနှင့် ဆွေးနွေးသည်ဖြစ်စေ၊ ၎င်းတို့၏ အာဏာလက်မလွှတ်ရေးအတွက် ထပ်မံ လှည့်စားရန် အခွင့်အရေး မရှိတော့ပါ။ စစ်တပ်သည် အာဏာသိမ်းစစ်ခေါင်းဆောင်တစ်စုကြောင့် အင်စတီကျူးရှင်းတစ်ခုလုံး ပျက်သုဉ်းခံမည်လား၊ သို့တည်းမဟုတ် ထိုစစ်ခေါင်းဆောင်တစ်စုကို ဖယ်ရှားပြီး စစ်တပ်၏ တည်ရှိမှုကို အဖတ်ဆယ်မည်လား ရွေးချယ်ရပေလိမ့်မည်။

မည်သည့်လမ်းကိုရွေးရွေး မြန်မာပြည်သူများက စစ်တပ်ကြီးစိုးသောခေတ်ကို အဆုံးသတ်ပေလိမ့်မည်။ ပြည်သူများသည် ထိုဆန္ဒအတွက် ပေးဆပ်မှုကြီးမားစွာဖြင့် စစ်တပ်ကို နောက်ကြောင်းပြန်မလှည့်စတမ်း ရင်ဆိုင်တိုက်ပွဲဝင်နေပြီဖြစ်ရာ၊ မည်သည့်နိုင်ငံရေးခေါင်းဆောင်ကမျှ ဟန့်တားနိုင်မည် မထင်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။ 

Show More

Related Articles

Back to top button