လေ့လာသုံးသပ်ချက်

မြန်မာ့ “ပါရာဒိုင်းအရွေ့” နှင့် နိုင်ငံတကာအသိုက်အဝန်း တာဝန်ပျက်ကွက်မှု

အာဏာသိမ်းတပ်နှင့် တော်လှန်ရေးအင်အားစု တွေ့ဆုံဆွေးနွေးကြပြီး စစ်တပ်ကြီးစိုးသည့် ယခင်နိုင်ငံရေးအခြေအနေကို ဖော်ဆောင်ကြရန်သာ ပြည်ပနိုင်ငံများက လိုလားနေကြသည်ကို တွေ့ရသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရန် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြချိန်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် စစ်ရေးချိန်ခွင်လျှာ အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ကူးစက်သွားခဲ့ပြီး၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် “၁၁.၁၁ စစ်ဆင်ရေး” ဖြင့် ကရင်နီပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်ခဲ့သည်။ စစ်ဆင်ရေး အမည်မတပ်သော်လည်း ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအထိ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှိုင်းလုံးများ ဆင့်ကဲ ဆင်နွှဲလာခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်ပြီး၊ ကချင်အခြေစိုက် ရက္ခိုင့်တပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ပါဝင်သော တပ်များက “၀၃၀၇ စစ်ဆင်ရေး” ဖြင့် ထိုးစစ်ဆင်ရာ မြစ်ကြီးနားနှင့် ဗန်းမော်အကြား စစ်ကောင်စီ တပ်စခန်းပေါင်း ၆၀ ကျော်ကို သိမ်းပိုက်ထားနိုင်သည်ကို တွေ့ရသည်။

ထိုစစ်ဆင်ရေးများ၏ ရလဒ်အနေဖြင့် တစ်နိုင်ငံလုံးတွင် တော်လှန်ရေးအင်အားစု သိမ်းပိုက် ထိန်းချုပ်နိုင်သော မြို့နယ် ၅၀ ကျော်အထိ ရှိလာပြီ၊ စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲသွားပြီ ဖြစ်သည်။

ယခုနောက်ဆုံး သိမ်းပိုက်နိုင်ခဲ့သော မြို့ ၂ မြို့မှာ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော နိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ်မှ ဖာပွန်မြို့နယ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က မတ်လ ၂၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး၊ နိုင်ငံအရှေ့မြောက်ပိုင်း ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မတ်လ ၂၉ ရက်နေ့တွင် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။

အာဏာသိမ်းပြီးကတည်းက မတ်လ ၂၇ ရက်နေ့ စစ်ရေးပြအခမ်းအနားများ နေပြည်တော်တွင် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ယန္တရားတပ်အင်အား လုံးဝမပါဘဲ စစ်သည်အင်အား ၇,၀၀၀ ကျော်ဖြင့် အင်အားအနည်းဆုံး ကျင်းပနေချိန် နိုင်ငံ၏ နယ်စပ်မြို့များဖြစ်သော လွယ်ဂျယ်နှင့် ဖာပွန်မြို့များရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တပ်များသည် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ချေမှုန်းခြင်းကြောင့် မရှုမလှရှုံးနိမ့်၊ ပြိုကွဲထွက်ပြေးနေရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးဟောင်း Charles Petrie သည် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေသော ကရင်နီပြည်နယ်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ခေတ်ပြောင်းတော်လှန်ရေး “ပါရာဒိုင်းအရွေ့” (Paradigm Shift) တစ်ခု ဖြစ်ပေါ်နေကြောင်း နိုင်ငံတကာအသိုက်အဝန်းကို သတိပေး ထုတ်ဖော်ပြောကြားခဲ့သည်။

ချားလ်စ် ပေထရီက မြန်မာ၏ ပါရာဒိုင်းအရွေ့ကို အဓိပ္ပာယ်ဖွင့်ရာတွင် “စစ်တပ်ကို ကြောက်ရွံ့ခြင်းနှင့် ခုခံနေခြင်းမှသည် (စစ်အုပ်ချုပ်ရေးကို အစားထိုးသည့်) အခြားသော အုပ်ချုပ်မှုပုံသဏ္ဌာန်များ ဖော်ဆောင်နေကြပြီ” ဟု ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ လျင်မြန်စွာပြောင်းလဲလာနေသော စစ်ရေးချိန်ခွင်လျှာက မည်ကဲ့သို့ အဓိပ္ပာယ်ဆောင်နေသနည်း။ မြန်မာပြည်သူများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုကို ထောက်ခံနေကြသော အနောက်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းသည် ထိုအပြောင်းအလဲကို မည်ကဲ့သို့ တုံ့ပြန်နေကြသနည်း။ အလေးထား ဆန်းစစ်လေ့လာရန် လိုအပ်ပါသည်။

၂၀၂၄ ဇန်နဝါရီလက ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက် စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းများကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်အပြီး တွေ့ရသည့် မြင်ကွင်းတစ်ခု။

စစ်အာဏာသိမ်းမှုကို လက်မခံ၊ သို့သော် စစ်တပ်ပြိုကွဲမည်ကို စိုးရိမ်နေကြသူများ

လွန်ခဲ့သော ၅ လအတွင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန် အရေးပါသော တိုးတက်မှုအဖြစ် NUG နှင့် EROs များ၏ စစ်ရေးအောင်မြင်မှုကို နိုင်ငံတကာအသိုက်အဝန်းက လူသိရှင်ကြား အသိအမှတ်ပြု ကြိုဆိုခြင်းထက်၊ သတိဖြင့် စောင့်ကြည့်လေ့လာခြင်းနှင့် စိုးရိမ်မှုအကဲပိုသော စုံစမ်းမေးမြန်းခြင်းများဖြင့် တုံ့ပြန်လာသည်ကို  လေ့လာတွေ့ရှိရသည်။

ယခုတစ်လော ရန်ကုန်အခြေစိုက် သံတမန်အဝန်းအဝိုင်းအပါအဝင် နိုင်ငံတကာအစိုးရများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အေဂျင်စီများနှင့် ပညာရှင်များ သိချင်နေသော အဓိကမေးခွန်း ၂ ခုမှာ “စစ်တပ်ပြိုလဲနိုင်သလား” နှင့် “နိုင်ငံပြိုကွဲနိုင်သလား” ဆိုသည့်အချက် ဖြစ်သည်။ ထိုမေးခွန်းကိုပင် ဂျာမဏီအခြေစိုက် DW သတင်းဌာနက ချားလ်စ် ပေထရီကို မေးမြန်းခဲ့ရာ ၎င်းက မြန်မာတွင် စစ်တပ်အုပ်ချုပ်မှုကို အစားထိုးနေသော ဖြစ်စဉ် “ပါရာဒိုင်းအရွေ့” ဖြစ်ပေါ်နေကြောင်း ရှင်းပြခဲ့သည်။

သို့သော် ထိုမေးခွန်းများက လှစ်ဟပြနေသောအချက်မှာ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းသည် ၎င်းတို့၏ အစဉ်အလာအရ လက်ခံထားသောအချက်ကို မစွန့်လွှတ်နိုင်ခြင်းပင် ဖြစ်သည်။

ယင်းမှာ “စစ်တပ်သည် နိုင်ငံမပြိုကွဲရန် စုစည်းထားနိုင်သော တစ်ခုတည်းသော အဖွဲ့အစည်း” ဆိုသည့် အချက်ဖြစ်သည်။ တစ်နည်းအားဖြင့် “စစ်တပ်” နှင့် “နိုင်ငံတော်” ဖြစ်တည်မှုကို ထပ်တူပြုထားခြင်း ဖြစ်ပြီး၊ ယင်းသည် မြန်မာစစ်အာဏာရှင်အဆက်ဆက် တည်ဆောက်လာခဲ့သော “စစ်တပ်ကြီးစိုးရေးဝါဒ” နှင့် တစ်ထပ်တည်းကျနေသည်။ တစ်နည်းအားဖြင့် Charles Petrie တွေ့ရှိခဲ့သော “ပါရာဒိုင်းအရွေ့” ကို နိုင်ငံတကာအသိုက်အဝန်းက သတိမပြုမိခြင်းလား၊ လျစ်လျူရှုထားခြင်းလား စဉ်းစားစရာ ဖြစ်ပါသည်။

နိုင်ငံတကာအသိုက်အဝန်း၏ အဆိုပါ “သိမှုဗေဒ” နောက်ကွယ်မှ ယုတ္တိဗေဒဆင်ခြင်မှုကို တူးဆွကြည့်သည့်အခါ နိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ပေါင်းများစွာ ရှိနေသဖြင့် စစ်တပ်ပြိုလဲသည်နှင့် နိုင်ငံပြိုကွဲနိုင်ခြေများပြီး၊ နိုင်ငံအနှံ့ တရားဥပဒေစိုးမိုးမှုသည် နဂိုပျက်ယွင်းနေရာမှ လုံးဝကင်းမဲ့သွားသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ပြီး မင်းမဲ့စရိုက် (Anarchy) ကြီးထွားလာမည်၊ နယ်စပ်ဒေသများတွင် အိမ်နီးချင်းနိုင်ငံများထဲသို့ ဒုက္ခသည်များ မထိန်းချုပ်နိုင်အောင် ဝင်ရောက်လာကြမည် စသည့် ထင်မြင်ယူဆချက်များ ရှိနေကြသည်။

ထိုယူဆချက်များ အဓိကလွှမ်းမိုးနေသော နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများက ထိပ်ဆုံးကဖြစ်ပြီး၊ အနောက်နိုင်ငံတချို့ကလည်း တိုးတိုးတိတ်တိတ် စုံစမ်းလေ့လာနေသည်ကို တွေ့ရှိရသည်။ ယခုအခါ စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း၊ ထိုပကတိအခြေအနေမှန်ကို နိုင်ငံတကာအသိုက်အဝန်းက လက်ခံရန် အဆင်သင့်မဖြစ်သေးကြောင်း တွေ့ရှိရသည်။

ထို့ပြင် စစ်တပ်တည်ရှိမှုနှင့် နိုင်ငံတည်တံ့မှုကို ထပ်တူအချိုးချထားသည့် အယူအဆဟောင်းကို စွန့်လွှတ်ရန် အချိန်ကျပြီ ဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်မှုကို ဦးဆောင်ကြိုးပမ်းဖော်ဆောင်နေသော NUG နှင့် K3C (ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း တော်လှန်ရေးအင်အားစုများ) ကို ကူညီခြင်းဖြင့် ၎င်းတို့စိုးရိမ်သော အခြေအနေ မဖြစ်ပေါ်လာစေရန် လက်တွေ့ကျကျ တားဆီးနိုင်မည် ဖြစ်သည်။

ယင်းအစား နိုင်ငံတကာအသိုက်အဝန်းသည် ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချပြီး၊ ဒုက္ခရောက်နေသူများကို ကူညီရေး ဆိုသည့် “ရေတိုဖြေရှင်းနည်း” (A quick fix) ကို ရှာကြံနေကြသည်မှာ ကံမကောင်း အကြောင်းမလှစွာ တွေ့မြင်နေရသည်ဟု ချားလ်စ် ပေထရီက ဆိုသည်။

၂၀၂၄ ဇန်နဝါရီလက သိမ်းပိုက် စခန်းကုန်းများနှင့် မြို့ရွာများကို လှည့်လည်စစ်ဆေးနေကြသော NUG ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ်

စစ်အာဏာရှင်အလွန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အပေါ် သံသယဝင်နေကြသူများ

ယခုအချိန်တွင် နိုင်ငံတကာအသိုက်အဝန်း၏ မြန်မာ့အရေး မပြတ်သားသောရပ်တည်ချက်ကို ပို၍ အကျည်းတန်စွာ တွေ့မြင်လာနေရပြီး၊ ထိုအချက်ကို အလေးထား ဆန်းစစ်ရန် လိုအပ်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တစ်နေ့တခြား ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာနေသော EROs များနှင့် NUG တို့၏ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ “ပြည်ထောင်စုသစ်” တည်ဆောက်ရေး အောင်မြင်မှုအလားအလာ မြင့်မားလာချိန်တွင်၊ မြန်မာပြည်သူများ၏ဆန္ဒကို လေးစားပါသည် ဆိုသည့် နိုင်ငံတကာအသိုက်အဝန်းက စစ်တပ်ပြိုလဲမည်ကို စိုးရိမ်နေကြခြင်းမှာ ရှက်ဖွယ်၊ သံသယဖြစ်ဖွယ် ကောင်းလှသည်။

ထို့ကဲ့သို့ ဖြစ်ရခြင်းအကြောင်းရင်းမှာ ၎င်းတို့၏ မြန်မာအရေးအပေါ် နားလည်ပုံ “သိမှုဗေဒ” အကန့်အသတ်ရှိသောကြောင့်မဟုတ်။ စင်စစ် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော စိုးရိမ်စရာကောင်းသည့် အခြေအနေအပေါ် ဝင်ရောက်ဖြေရှင်းပေးလိုသောဆန္ဒမရှိခြင်းနှင့် တာဝန်ယူလိုစိတ်မရှိခြင်းက အဓိကဖြစ်မည်ဟု ယူဆပါသည်။

လွန်ခဲ့သော ၃ နှစ်အတွင်း မြန်မာအရေး နိုင်ငံတကာ၏ ကြားဝင်ဆောင်ရွက်မှုကို လေ့လာကြည့်လျှင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ချမှတ်ခဲ့ပြီး၊ အာဆီယံအသင်းကြီး၏ “တူညီဆန္ဒ ၅ ရပ်” ကို ချမှတ်ခဲ့ခြင်းသာ ရှိသည်။

အဆိုပါ ဆုံးဖြတ်ချက်များ၏ အနှစ်သာရသည် လက်ရှိဖြစ်ပေါ်နေသော စစ်ပွဲများရပ်တန့်ပြီး၊ အာဏာသိမ်းစစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်မီ အခြေအနေသို့ ပြန်လည်သွားရန် အဓိပ္ပာယ်ဆောင်သော တိုက်တွန်းမှုမျိုးသာ ပြုလုပ်နေကြသည်။

သို့သော် မြန်မာပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်မီ အခြေအနေသို့ ပြန်သွားရန် မဟုတ်သလို၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် နိုင်ငံတကာအကူအညီကို စောင့်မျှော်နေကြသူများ မဟုတ်ပါ။ ထိုအချက်ကို လွန်ခဲ့သော ၅ လအတွင်း ပြောင်းလဲသွားပြီဖြစ်သော စစ်ရေးချိန်ခွင်လျှာက သက်သေပင် ဖြစ်သည်။

ယနေ့အခြေအနေသည် မြန်မာသမိုင်းတွင် မကြုံဖူးသေးသော စစ်ရေးနည်းဖြင့် တိုင်းရင်းသားပြည်နယ်များတွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်မှ နယ်မြေအများအပြား လွတ်မြောက်စေရန် စွမ်းဆောင်လာနေပြီး ဖြစ်ပြီး၊ EROs များသည် ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်ထူထောင်နေပြီ ဖြစ်သည်။

ထိုမှတစ်ဆင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ “ပြည်ထောင်စုသစ်” ကို တစ်ဆင့်ချင်း တည်ဆောက်ရန် ကြိုးပမ်းနေကြပြီ ဖြစ်သည်။ ထိုဖြစ်စဉ်ကို နိုင်ငံတကာအသိုက်အဝန်းက သိမြင်နေကြသော်လည်း၊ ပွင့်လင်းစွာ ထောက်ခံ ကူညီခြင်းမရှိဘဲ မျက်နှာလွှဲနေကြခြင်းက ၎င်းတို့သည် ကြောင်သူတော် (Hypocrite) များသဖွယ် ပြုမူနေခြင်းသာ ဖြစ်သည်။

ချားလ်စ် ပေထရီက “အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂတို့သည် ၎င်းတို့မျက်စိရှေ့မှောက်တွင် အစဉ်အလာမဟုတ်သော တစ်စုံတစ်ခု ဖြစ်ပျက်နေခြင်းကို လက်ခံရန် ခက်ခဲနေကြသည်။ ယခုလောလောဆယ် ကြုံတွေ့နေရသော အခြေခံအကျဆုံးပြဿနာမှာ ဖြစ်ပေါ်နေသော အခြေအနေကို အရှိအတိုင်း လေ့လာလိုသော ဆန္ဒမရှိခြင်း သို့မဟုတ် လေ့လာနိုင်စွမ်းမရှိခြင်းသာဖြစ်သည်” ဟု နိုင်ငံတကာအသိုက်အဝန်း၏ မြန်မာ့အရေးတုံ့ပြန်မှုကို သုံးသပ်တင်ပြထားသည်။ 

စင်စစ် “စစ်တပ်ပြိုနိုင်သလား၊ နိုင်ငံပြိုကွဲနိုင်သလား” ဆိုသည့် မေးခွန်းများဖြင့် တော်လှန်ရေးအင်အားစု၏ စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ရန် ကြိုးပမ်းမှုများကို နိုင်ငံပြိုကွဲစေရန် လုပ်ဆောင်နေသယောင် မေးခွန်းထုတ်နေခြင်းသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ ရာစုနှစ်တစ်ဝက်ကျော် အစဉ်တစိုက် ဝါဒဖြန့်လာခဲ့သော မြန်မာ့နိုင်ငံရေးတွင် စစ်ဝါဒကြီးစိုးရေးအတွေးအခေါ်ကို နိုင်ငံတကာအသိုက်အဝန်းက ယခုအခါ လက်ဆင့်ကမ်း ဖြန့်ဝေသကဲ့သို့ ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Show More

Related Articles

Back to top button