သတင်း

မြို့ကြီးတချို့မှ စစ်ရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီဖိအားပေး

စစ်ပွဲကြောင့် ထွက်ပြေးနေကြရသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ ကယားပြည်နယ်ရှိ လွိုင်ကော်မြို့နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့အပါအဝင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲမှ ဓမ္မသရွာဒေသခံများကို စစ်ကောင်စီက နေရပ်သို့ ပြန်လာရန် စည်းရုံးနေသည်။

မြန်မာနိုင်ငံ အရှေ့တောင်ဘက် မြို့ ၃ မြို့က စစ်ရှောင်များကို အာဏာသိမ်းစစ်ကောင်စီ၏ ဒေသဆိုင်ရာတာဝန်ရှိသူများက နေရပ်ပြန်လာရန် ခွင့်ပြုနေပြီဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ ကယားပြည်နယ်ရှိ လွိုင်ကော်မြို့နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့အပါအဝင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲမှ ဓမ္မသရွာဒေသခံများကို နေရပ်သို့ ပြန်လာရန် ခွင့်ပြုနေခြင်းဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်ထုတ် အချက်အလက်များအရ ဆီဆိုင်မြို့တွင် လူဦးရေ ၁ သောင်းကျော်နေပြီး၊ လွိုင်ကော်တွင် လူ ၅ သောင်းကျော် နေထိုင်ကာ၊ ကော့ကရိတ်တွင် လူ ၃ သောင်းကျော် နေထိုင်ကြောင်း သိရသည်။

အဆိုပါ မြို့ ၃ မြို့သည် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား အပြန်အလှန်ဖြစ်သည့် တိုက်ပွဲကြောင့် မြို့လုံးကျွတ် ဘေးလွတ်ရာ ရှောင်ကြရသည့် မြို့များဖြစ်သည်။

ဆီဆိုင်မြို့၊ ကော့ကရိတ်နှင့် ဓမ္မသရွာတို့သည် စစ်ကောင်စီဘက်က ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ခံလိုက်ရသည့် မြို့ရွာများဖြစ်သည်။

လွိုင်ကော်မြို့သည် စစ်ကောင်စီတပ်အခြေစိုက်နေရာများဆက်ရှိနေသလို တော်လှန်ရေးအင်အားစုဘက်ကလည်း မြို့တွင်းဝင်ရောက်လှုပ်ရှားမှုရှိသည့် စစ်ဆိုင်ထားသည့် နေရာဖြစ်သည်။

ဆီဆိုင်ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၃၂ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် မတ်လကုန်တွင် ပြန်သိမ်းလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာအရ သိရသည်။

အစပိုင်းတွင် ဝင်ခွင့်မပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဆီဆိုင်မြို့ထဲသို့ ပြန်လာလိုသည့် ဒေသခံများကို ဝင်ခွင့်ပြုထားကြောင်း PNO ဘက်က ပြောသည်။

PNO တာဝန်ရှိသူ ခွန်ထွန်းရွှေကလည်း “မပြန်လာရဘူးလို့ တားမြစ်ပိတ်ပင်တာတော့မရှိဘူး။ ပြန်လာလို့တော့ ရပြီ။ ဒါပေမဲ့ သတိဝီရိယရှိကြဖို့ပေါ့။ နေရာတကာ သွားသတိ၊ လာသတိရှိဖို့ ကျနော်တို့ ပြောရတာပေါ့” ဟု Myanmar Now ကို ပြောသည်။

ဆက်လက်၍ ၎င်းက ဆီဆိုင်မြို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထောင်သည့် မိုင်းအကြွင်းအကျန်များရှိနေနိုင်ပြီး PNO အနေနှင့် စစ်ရှောင်များကို မြို့တွင်း အဓမ္မပြန်လာနေရန် ဖိအားပေးတိုက်တွန်းမှုမရှိကြောင်း ရှင်းပြသည်။

ဆီဆိုင်မြို့အခြေအနေကို သိသည့် ဟိုပုံးဒေသခံအမျိုးသားတစ်ဦးကလည်း ဆီဆိုင်မြို့ထဲသို့ ပြန်နေကြသူများရှိသလို ပြန်မနေဘဲ နေအိမ်ကို ခဏတာပြန်ကြည့်သူများလည်းရှိကြောင်း ဆိုသည်။

၎င်းက “အခုဆိုရင် ဆီဆိုင်ဆရာတော်လည်း သူ့ရဲ့ ဇဝနာရာမကျောင်းကို ပြန်မကြွသေးဘူး။ ဆိုက်ခေါင်ရွာမှာ သီတင်းသုံးနေတုန်းပဲ။ အရဲစွန့်ပြီးနေလို့ရတဲ့သူက နေနေတယ်။ ပြန်နေတဲ့သူက မြို့လူဦးရေရဲ့ ၅ ပုံ ၁ ပုံလောက်ပဲ ရှိမယ်” ဟု ဆိုသည်။

ဆီဆိုင်မြို့တောင်ဘက် ၃၈ မိုင်အကွာရှိ လွိုင်ကော်မြို့တွင်လည်း မတ်လမှစတင်ကာ အစိုးရရုံးများ ပြန်လည် လည်ပတ်နေပြီဟု စစ်ကောင်စီကို ထောက်ခံသူများ၏ လူမှုကွန်ရက်မှတစ်ဆင့် ဝါဒဖြန့်မှုများရှိနေသည်။

စစ်ကောင်စီကို ထောက်ခံသူများက လွိုင်ကော်ဒေသခံများ ပြန်လာနေရန် စွဲဆောင်နေကြောင်း စစ်ကောင်စီတပ်ကို တိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် လွိုင်ကော်ဒေသခံတစ်ဦးကလည်း “သူတို့ (စစ်ကောင်စီ) ကတော့ လော်ဘီအကောင့်တွေကနေ ပြန်ခေါ်နေတာပေါ့နော်။ မီးတွေ၊ ရေတွေ ရပြီပေါ့။ ဖုန်းလိုင်းတွေလည်း ရနေပြီပေါ့။ သူတို့အစိုးရဝန်ထမ်းတွေလည်း ပြန်ခေါ်နေတယ် ပြောတယ်။ သူတို့အုပ်ချုပ်ရေးတွေ ပြန်လည်ပတ်ဖို့ပေါ့” ဟု ဆိုသည်။

စစ်ကောင်စီဘက်က ပြန်လာရန် ခေါ်နေသော်လည်း လွိုင်ကော်ဒေသခံများသည် မြို့ထဲသို့ မပြန်ရဲကြသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်က အပြည့်အဝပြန်ထိန်းချုပ်လိုက်သည့် ကော့ကရိတ်မြို့တွင်မူ စစ်ဘေးရှောင်သည့် မြို့ခံများအနေနှင့် မြို့ကို ပြန်လာနိုင်ပြီဟု စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး စောခင်မောင်မြင့်က Myanmar Now ကို ပြောသည်။

၎င်းက “အောင်ဇေယျစစ်ဆင်ရေးဆိုပြီးတော့ စစ်ဆင်ရေးနဲ့ ကော့ကရိတ်မှာလည်း တိုက်ပွဲရှောင်တွေ ပြန်ဝင်လာကြပြီ။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကိုယ်တိုင်ထိုင်ပြီးတော့ စီမံဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီဘက်က မည်သည့်အတွက်ကြောင့် စစ်ရှောင်များကို နေရပ်ပြန်ခွင့်ပြုနေသည်ကို ရှင်းရှင်းလင်းလင်း ထုတ်မပြောသေးပေ။

စစ်ကောင်စီဘက်က နေရပ်ပြန်ခွင့်ပြုထားသည့် မြို့ ၃ မြို့နှင့် ဓမ္မသရွာတို့သည် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်စစ်ပြန်ဆင်ရန် အလားအလာရှိသည့် နေရာများဖြစ်ပြီး စစ်ပွဲအချိန်မရွေးဖြစ်နိုင်သည့် နေရာများဖြစ်သည်။

စစ်ကောင်စီဘက်က စစ်ဖြစ်နိုင်သည့်နေရာများအတွင်း လူထုကို ပြန်လာရန် ခွင့်ပြုခြင်းနှင့် စွဲဆောင်နေခြင်းများသည် လူထုကို အန္တရာယ်တွင်းထဲ ဆွဲသွင်းနေခြင်းပင်ဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက သုံးသပ်သည်။

၎င်းက “လွိုင်ကော်ဒေသခံတွေ နေရပ်ပြန်လာနေလို့ရပြီလို့ စစ်ကောင်စီပြောတဲ့ဟာက ယုတ္တိမရှိဘူး။ လူထုကို သေတွင်းထဲ ပြန်ဆွဲသွင်းတာမျိုးပဲ ဖြစ်တယ်။ ကာဗာပြန်လုပ်ချင်တဲ့ သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်သည် လူအုပ်မြင်ပါက လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း လုပ်ဆောင်တတ်သဖြင့် ဒေသခံများ ပြန်လာနေမည်ဆိုပါက အန္တရာယ်ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဗိုလ်ကြီးဟောင်း လင်းထက်အောင်ကလည်း စစ်ကောင်စီဘက်က စစ်ရှောင်များကို နေရပ်ပြန်လာရန် ခွင့်ပြုနေခြင်းသည် ၎င်းတို့ တပ်အခြေစိုက်နေရာများ တိုက်ခိုက်ခံရခြင်းကို ကာကွယ်ရန် အရပ်သားများကို အသုံးပြု၍ တံတိုင်းကာရန် ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း ရှုမြင်သည်။

၎င်းက “ပြည်သူကို ဓားစာခံလုပ်ချင်တဲ့အနေအထားမျိုးလည်းဖြစ်တယ်။ သူတို့ရဲ့ ဆုံးရှုံးရမလိုဖြစ်နေတဲ့ နယ်မြေတွေမှာ သူတို့ရဲ့အုပ်ချုပ်မှုကို ပြန်လည်အသက်ဝင်စေချင်တဲ့ ပုံစံမျိုးလည်းရှိပါတယ်” ဟု ဆိုသည်။

ဗိုလ်ကြီးဟောင်း လင်းထက်အောင်က လူတိုင်းသည် မိမိ၏နေအိမ်တွင် ပြန်နေချင်ကြသော်လည်း ပြန်နေမည်ဆိုပါက လူထုကိုပါ တိုက်ခိုက်တတ်သော စစ်ကောင်စီ၏ အသုံးချခံရနိုင်သဖြင့် စစ်ပြန်ဖြစ်နိုင်သည့် နေရာများတွင် နေခြင်းသည် ကောင်းကျိုးမရှိကြောင်း ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကမူ စစ်ရှောင်များ နေအိမ်ပြန်ခြင်း၊ မပြန်ခြင်းသည် လူထုကိုယ်တိုင် ဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း ဆိုသည်။

၎င်းက “ဒီလိုကိစ္စတွေဖြစ်ရခြင်းရဲ့ အဓိကတရားခံက အကြမ်းဖက်စစ်အုပ်စုက လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီးတော့ မတရားအာဏာလုဖို့ ကြိုးစားခြင်းကြောင့် ဖြစ်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ ဒီအရင်းအမြစ်ကိုသာ ကျနော်တို့ ဖြေရှင်းနိုင်မယ်ဆိုရင် ဘယ်ပြည်သူမှ ဒီလိုမျိုးဖြစ်စရာအကြောင်းမရှိဘဲ ကိုယ့်နေရာမှာ အေးအေးချမ်းချမ်းနေနိုင်မယ့် အခြေအနေဖြစ်ပါတယ်” ဟု ဆိုသည်။

တိုက်ပွဲပြန်ဖြစ်နိုင်ခြေရှိသည့် ဆီဆိုင်နှင့် ကော့ကရိတ်မြို့တို့တွင် အိမ်ပြန်နေကြသူများရှိသလို၊ စစ်ပွဲအတွင်း မပျက်ဘဲ ကျန်သည့် မိမိပိုင်ပစ္စည်း ပြန်သယ်သူများရှိပြီး မြို့တွင် ဆက်မနေဘဲ အပြီးပြောင်းမည့်သူများလည်း ရှိနေကြောင်း ဒေသခံတချို့ထံမှ သိရသည်။

Show More

Related Articles

Back to top button