သတင်း

ကန့်ဘလူတွင် တိုက်ပွဲနေ့စဉ်ရှိ၊ ဒေသခံထောင်နှင့်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးအားကောင်းသည့် ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသဖြင့် ရွာများ မီးလောင်နေသည်၊ ယခင်လက ဒေသခံ ၃ ဦး လက်နက်ကြီးကြောင့် သေဆုံးသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးတိုက်ခိုက်နေသဖြင့် ကျေးရွာ ၁၀ ရွာ ကျော်မှ လူဦးရေ ရာထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများ၊ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

စုစုပေါင်း အင်အား ၂၀၀ ကျော် ထိုစစ်ကြောင်းတွင် အမှတ် ၃၆၁ ခြေမြန်တပ်ရင်းမှ စစ်သားများ၊ စစ်တပ်ထောက်ခံသူ ဘုန်းကြီး ဦးဝါသဝ ဦးဆောင်သည့် ပြည်သူ့စစ် ခေါ် ပျူစောထီး တပ်ဖွဲ့ဝင်များ ပါဝင်သည်၊ မြို့တောင်ဘက် ညောင်ဇင်ကြီးရွာတွင် အခြေစိုက်ပြီး ဇူလိုင် ၂၅ ရက်နေ့က စတင်ကာ အနီးဝန်းကျင်ကို နေ့စဉ်လှည့်လည်သဖြင့် တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။

စစ်ကြောင်းစတင်ခဲ့သည့်နေ့တွင် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သရက်ခေါင်းရွာမှ ၇၅ နှစ်အရွယ် ဒေါ်ဝိုင်းရှင်၊ ၄၅ နှစ်အရွယ် ကိုသန့်ဇင်၊ သပြေရွာမှ ၆၂ နှစ် အရွယ် ဦးသောင်းတင်တို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးကြောင်း သိရသည်။ 

ထိုစစ်ကြောင်းကြောင့် သေဆုံးသည့် အရပ်သား၊ မီးရှို့ခံရသည့် အိမ်အရေအတွက် စာရင်းတိတိကျကျ မသိရသေးဟု ထိုဒေသအခြေစိုက် ကန့်ဘလူခရိုင် တပ်ရင်း (၄) တာဝန်ခံ ရဲဘော် ကိုဉာဏ်က ပြောသည်။

“အိမ်ခြေ ၄၀၀ ကျော်လို့တော့ ခန့်မှန်းထားတယ်။ ခုအချိန်ထိတော့ ကျွန်တော်တို့ တိတိကျကျ မသိရသေးဘူး။ ရွာကို မီးရှို့ပြီးထွက်သွားတော့ ရဲဘော်လေးတွေက ရွာသူရွာသားတွေလဲ ရွာကို ပြန်ဝင်လို့ရအောင် နယ်မြေရှင်းလင်းရေးလုပ်တာ၊ (စစ်တပ်နဲ့) ထိပ်တိုက် ပက်ပင်းတိုးတာ၊ ကျွန်တော်တို့ ရဲဘော် ၂ ယောက်ကို အခု အသည်းအသန်ကုနေရတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကန့်ဘလူအခြေစိုက် ၆၀၀၆ သံချပ်ကာတပ်က နတ်ပေးရွာနှင့် အင်းလယ်ကြီးရွာတို့တွင် အထိုင်ချထားပြီး ကန်ဘလူတောင်ပိုင်းရှိ ကျေးရွာများကို လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ် ပစ်ခတ်နေသည်၊ နှစ်ဖက်တပ် ပြန်ဆုတ်ခွာကြခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

“လက်ရှိအနေအထားကတော့ ကျွန်တော်တို့က လူတွေချိန်းချိန်းပြီးတော့ ရှေ့တန်း၊ နောက်တန်း ရဲဘော်တွေ အနားပေးရတာပေါ့။ ရှေ့က ရက်ကြာသွားလို့ ပင်ပန်းရင် ၂ ရက်လောက် ကြာရင် တစ်သုတ်လဲလိုက်။ ဟိုဘက်ကလူတွေကလဲ ရှေ့ကိုကပ်ထားတယ်။ သူတို့ကလဲ မဆုတ်ဘူး” ဟု ၎င်းက ပြောသည်။

နီးကပ်စွာ တည်ရှိနေသည့် ရွာများကြားထဲ စစ်ကြောင်းချီလာလျှင် ဝင်မတိုက်လိုကြောင်း၊ ရွာကို စစ်တပ်က ပစ်ခတ်ဖျက်ဆီးနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့က ပြောက်ကျားဆိုတော့ လမ်းခုလတ်ကနေ ဝင်တိုက်လိုက်၊ ပြန်ဆုတ်လိုက်။ သူတို့ကတော့ အစောကြီးကတည်းက တည်ထောင်ခဲ့တဲ့ကောင်တွေဆိုတော့ လက်နက်ခဲယမ်းက နောက်ကပေါတယ်။ ကျွန်တော်တို့က တစ်တောင့်ချင်း ဝယ်စုတိုက်ကြရတာ။ ပြီးတော့ အဲဒီဘက်က ရွာတွေက စိပ်နေတော့ ကျွန်တော်တို့က လုပ်မရဘူး” ဟု ၎င်းက ပြောသည်။

ကန့်ဘလူမြို့နယ် တောင်ခြမ်းတွင် ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်တို့ ပါဝင်ပြီး ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းပိုင်းအနီးတွင် တည်ရှိသည်၊ ထိုစစ်ကြောင်းရန်ကြောင့် တိမ်းရှောင်နေရသူအများစုမှာ ထန်းကုန်းတိုက်နယ် ကျေးရွာများမှ ဖြစ်သည်။

ထိုစစ်ကြောင်းဝင်သည့် ရွာများတွင် အိမ်အများအပြား မီးရှို့ခံနေရပြီး ရှမ်းတပ်ရွာမှ ၁၁၅ အိမ်၊ သရက်ခေါင်းရွာမှ အိမ် ၇၀၊ မဲသည်ရွာမှ အိမ် ၅၀၊ သပြေသာလေးရွာမှ အိမ် ၄၀၊ ဘိုတဲကုန်းရွာမှ အိမ် ၃၀ မီးလောင်ထားသည်ဟု သိရသည်။

ဩဂုတ် ၆ တွင် ဖံလံချိုင်နှင့် ဆူးပုတ်ကုန်းကျေးရွာများကို မီးရှို့သည်၊ ဩဂုတ် ၇ တွင် ရီးဒွေးနှင့် ဇီးပင်သာရွာတို့ကို ရှို့သည်ဟု သိရသည်။ အိမ်ခြေအရေအတွက် အတိအကျကို မသိရှိရသေးပေ။ 

လူဦးရေ ထောင်နှင့်ချီ တိမ်းရှောင်နေရချိန်သည် စပါးစိုက်ရမည့်အချိန် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၅ ရက်ခန့်က ပျူနှင့် စစ်တပ် အင်အား ၂၀၀ ကျော်ပါသည့် တပ်က ကိုင်းရိုးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်လာသည်၊ အိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု စစ်ဘေးရှောင်လာသည့် ကိုင်းရိုးရွာသားက သြဂုတ် ၇ ရက်နေ့တွင် ပြောသည်။

“ခုက ကောက်စိုက်ချိန်ရောက်သွားပြီ။ ဘာမှ မစိုက်နိုင်သေးဘူး။ စစ်ကြောင်းတွေ ဝင်တယ်ဆိုတော့ ပြေးနေရတယ်။ အခုက ဘယ်နား စစ်ကြောင်းထိုးမလဲ အဲဒါကိုပဲ နားစွင့်နေရတာပေါ့။ တောင်က ထိုးရင် မြောက်ပြေးရမလား၊ မြောက်ကထိုးရင် ရှေ့ပြေးရမလား။ အဲဒီလိုပုံစံမျိုးပဲ ရှိတာပေါ့” ဟု ၎င်းက ပြောသည်။

ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ် ပစ်ခတ်မှုကြောင့် အရပ်သားတချို့ သေဆုံးသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

“က သုံးလုံးနယ်မြေ”

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအားကောင်းသည့် မြန်မာပြည်မြောက်ပိုင်း၏ ဝင်ပေါက်တည်ရှိရာ ရွှေဘို- မြစ်ကြီးနား ဗျူဟာကားလမ်းအနီး တည်ရှိသည့် ကန့်ဘလူမြို့နယ်သည် တော်လှန်ရေးအင်အားစုများ ခြေကုပ်ယူထားနိုင်သည့် ခင်ဦး၊ ရေဦး၊ တန့်ဆည် မြို့နယ်တို့နှင့်လည်း ထိစပ်နေသည်။

ထိုမြို့တွင် ဒေသခံတို့ကို နည်းမျိုးစုံဖြင့် စုစည်း၊ ပြည်သူ့စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်သည့် လုပ်ငန်းကို အမျိုးသားရေးဝါဒီဆိုသူ ဦးဝါသဝ ဦးဆောင်နေသည်။

ဦးဝါသဝ နေထိုင်သည့် မှော်တောရွာမှာ ကန့်ဘလူမြို့နှင့် ၇ မိုင်အကွာအဝေးတွင် တည်ရှိသည်။

မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစု မစိုးမိုးနိုင်သေးသည့် ကျေးရွာများကို ပစ်မှတ်ထားကာ လူသစ် စုနေသည်ဟု သိရသည်။

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” စတင်ချိန်က ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း စသည့် မြို့များတွင် “က သုံးလုံး စစ်ဆင်ရေး” အမည်ဖြင့် စစ်ရေးလှုပ်ရှားမည့် သတင်းကြောင့် စစ်တပ်က ပျူစောထီးအင်အားကို အသုံးပြုကာ စစ်ရေးအရ လက်ဦးမှုယူခြင်းဖြစ်သည်ဟု ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ကောလင်းကတော့ အရင်တုန်းက သိမ်းပြီးသွားပြီ ပြန်ပေးလိုက်ရတာပေါ့။ အဲဒီကနေ တဖြည်းဖြည်းချင်း ဆင်းခဲ့မှာပေါ့။ ကျွန်တော်တို့နယ်မြေကိုလဲ ရောက်သင့်သလောက်တော့ ရောက်နေပြီ။ သူတို့ စစ်ဆင်ရေးအရတော့ ကန့်ဘလူနယ်မြေကို ထိန်းရုံပဲ ထိန်းထားခိုင်းတာ။ စစ်ဆင်ရေး ကြီးကြီးမားမားကြီးတွေ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

တော်လှန်ရေးအင်အားစုအားကောင်းသည့် ခင်ဦး၊ ရေဦး၊ တန့်ဆည်တို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ခြေကုပ်ယူလာနိုင်သည့် ကျွန်းလှ၊ ကောလင်း၊ ဝန်းသိုတို့နှင့် ဆက်စပ်နေသည့် ကန့်ဘလူကို စစ်တပ်က လက်မလွှတ်လိုကြောင်း ၎င်းက ဆက်ပြောသည်။

“အဓိကကတော့ သူတို့က ဒီနယ်မြေမှာ ပြည်သူတွေ ထောက်ပံ့မှု မလုပ်နိုင်အောင်ပေါ့။ အဓိကတော့ ဝါသဝပေါ့။ သူ့ရဲ့ လုပ်ရပ်တွေပေါ့။ ရွာတွေကို ပတ်ပြီး မီးရှို့တယ်။ တော်လှန်​ရေးအင်အားစုတွေကို မထောက်ပံ့နိုင်အောင်ပေါ့” ဟု ၎င်းက ပြောသည်။ 

ကန့်ဘလူခရိုင် တပ်ရင်း (၄) တာဝန်ခံ ရဲဘော်ကိုဉာဏ်ကလည်း ပျူစောထီးခေါင်းဆောင် ဦးဝါသဝအင်အား ပြိုလဲသွားပါက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ်၏ စစ်သားအရင်းအမြစ်များလည်း ပြိုလဲသွားမည်ဖြစ်သည်ဟု ပြောသည်။

“ဝါသဝက နီးရာလူတွေကို အတင်းပျူထဲဆွဲသွင်းပြီးတော့ သင်တန်းတွေပေးနေတာ။ သူတို့သင်တန်းကို ဝင်ပြီးတိုက်မှာကိုလဲ သူတို့ကြောက်နေတယ်။ အဲဒါကြောင့် နယ်မြေရှင်းလင်းရေးလို့ ခေါင်းစဉ်တပ်ပြီး ဒီနားလှည့်ပတ်ပြီးတော့ သူတို့နဲ့ အနီးကပ်ဆုံး ကပ်နိုင်မယ်ထင်တဲ့ နေရာတွေကို လိုက်ပြီး ဖျက်ဆီးနေကြတာ” ဟု ၎င်းက ပြောသည်။

“တခြားနေရာတွေ လှုပ်လာပြီဆိုတဲ့အချက်တော့ သူတို့က  EAO တွေ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ) သူတို့အနားကပ်လာပြီး ကန့်ဘလူကို သိမ်းမယ်ဆိုတဲ့ သတင်းတွေ သူတို့ဘက်က ကြားနေတယ်ထင်တယ်။ ပြီးတော့ သူတို့က ပျူတွေကို သင်တန်းလဲ ပေးနေကြတာ။ သူတို့ကို ဝင်တိုက်မှာစိုးလို့  ရွာတွေ ကျေအောင် လှည့်တိုက်နေတယ်ထင်တာပဲ”

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော်ရှိလာပြီဖြစ်ပြီး ရှစ်သိန်းကျော်မှာ စစ်ကိုင်းတိုင်းမှဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ပြီးခဲ့သည့်နှစ် ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button