နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်း၊ ပုလော၊ ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးလာသဖြင့် ရွာငါးရွာမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။
ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးရသည့် ရွာများမှာ ကျွန်းစုမြို့နယ်ရှိ ဂျိုးတောင်ရွာ၊ ပုလောမြို့နယ်ရှိ ဆင်ထိုးကြီး၊ ဆင်ထိုးငယ်၊ အင်းမကြီး၊ ငြိမ်းချမ်းရေးကုန်းရွာတို့ဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
“ဂျိုးတောင်က စစ်ရှောင်တွေကတော့ သူတို့ရွာကနေ ထွက်ပြေးပြီး တခြားရွာတွေမှာ စစ်ရှောင်နေရတယ်။ စားဝတ်နေရေးကတော့ ရွာသားအချင်းချင်း ကူညီကြတယ်ထင်တယ်။ ကျွန်တော်တို့ဘက်က ဘာမှ ပို့လို့မရဘူး။ အခက်အခဲကတော့ ရှိမှာပါ။ ရွာသားတွေရှောင်တဲ့ဘက်တွေလည်း ရေကြီးနေတယ်” ဟု ၎င်းက ဆိုသည်။
ပုလောမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီစစ်ကြောင်းထိုးလာသည့်နောက် စစ်ရှောင်များအတွက် အကူအညီပေးပို့နိုင်ခြင်း မရှိကြောင်း ပဒိုစောအယ်နားက ပြောသည်။
အဆိုပါ စစ်ကြောင်းကြောင့် ပုလောမြောက်ဘက် မိုင် ၂၀ ကျော်အကွာ ပလောက်မြို့အနီး ရွာတချို့တွင် စစ်ရေးတင်းမာနေသည်ဟု သိရသည်။
ထိုဒေသသည် KNU ၏ တပ်မဟာ ၄ နယ်မြေအတွင်း တည်ရှိသည်။
စစ်တပ်၏ တုံ့ပြန်ချက်
ပုလော၊ ကျွန်းစုမြို့နယ်များအတွင်း စစ်ကြောင်းတစ်ခုလျှင် အင်အား ၂၀၀ ခန့် သုံးထားသည်ကို တွေ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဆိုသည်။
ကျွန်းစုမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်ကတည်းက PDF ထိန်းချုပ်ထားသည် လယ်သစ်ရွာဘက်သို့ စစ်ကြောင်း ရောက်လာသည်၊ ထိုစစ်ကြောင်းတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်သည်ဟု PDF ၏ မြိတ်ခရိုင်တပ်ရင်း (၂) ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
သို့သော်လည်း တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် လယ်သစ်ရွာအတွင်း မဝင်နိုင်ခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်သည့် အဖွဲ့များထဲတွင် PDF မြိတ်ခရိုင်တပ်ရင်း (၂)၊ တနင်္သာရီမြို့နယ်ပကဖ၊ ကျွန်းစုပကဖ၊ ကာကွယ်ရေးပြောက်ကျား၊ တနင်္သာရီရိုးမအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့၊ Dragon Squad ဒရုန်းအဖွဲ့နှင့် KNLA တပ်ရင်း (၁၁) တို့ ပါဝင်သည်ဟု သိရသည်။
သို့သော်လည်း ဩဂုတ်လ ၂ ရက်မှစတင်ကာ လယ်သစ်ရွာသို့ ဒုတိယအကြိမ် စစ်ကြောင်းထိုးစဉ် လယ်သစ်ရွာအတွင်း ဝင်လာနိုင်သလို နေအိမ် ၄ လုံးကို မီးရှို့သွားကြောင်း၊ ဩဂုတ်လ ၄ ရက်နေ့တွင် ထိုစစ်ကြောင်း လယ်သစ်ရွာမြောက်ဘက်ရှိ သထာရွာမှတစ်ဆင့် ချောင်းကူးကာ မြိတ်မြို့နယ်ထဲ ဝင်သွားကြောင်း PDF မြိတ်ခရိုင်တပ်ရင်း (၂) ပြန်ကြားရေးဌာနက ဆိုသည်။
ပုလော၊ ကျွန်းစုမြို့နယ်တို့တွင် နေအိမ်များ မီးရှို့ဖျက်ဆီးသည့် စစ်တပ်ရန်ကြောင့် ဒေသခံများ ထွက်ပြေးရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရှိရန် စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
မကြာသေးမီ ရက်ပိုင်းအတွင်း တိုက်ပွဲများတွင် အထိနာသွားသည့် စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်ရှိ မောင်မယ်ရှောင်ရွာကို စစ်တပ် မီးရှို့ခဲ့သည်ဟူသော သတင်းဖော်ပြချက်များကိုမူ မှားယွင်းနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဩဂုတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် တုံ့ပြန်ထားသည်။
“သတင်းအမှားများ ဖြန့်ဝေခြင်းဖြစ်ပြီး ထိုကဲ့သို့ မီးရှို့ဖျက်ဆီးခြင်းမှာ အကြမ်းဖက်သမားများ၏ လုပ်ရပ်သာဖြစ်ကြောင်း သတင်းရရှိပါသည်” ဟု စစ်တပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၃ မြို့နယ်တွင် စစ်ရှောင်ရသူ ၈၄၀၀ ကျော်လာ
ကျွန်းစုမြို့နယ်သို့ ဝင်လာသည့် စစ်ကြောင်းနှင့် ထိတွေ့ပစ်ခတ်မှုပေါင်း ၁၁ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၀ ကျော် သေကြောင်း PDF မြိတ်ခရိုင်တပ်ရင်း (၂) ပြန်ကြားရေးက ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း ဥယျာဉ်ခြံစောင့် အရပ်သား ၁ ဦး သေဆုံးသလို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းဘက်က ရဲဘော် ၁ ဦးဒဏ်ရာရကြောင်း PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
Myanmar Now အနေနှင့် နှစ်ဖက်ထိခိုက် သေကျေမှုများကို သီးခြားအတည်မပြုနိုင်သေးပေ။
KNU မြိတ်-ထားဝယ်ခရိုင်၏ ဇူလိုင်လဆန်းအထိ ကောက်ယူထားသည့် အချက်အလက်အရ ပုလော၊ တနင်္သာရီနှင့် မြိတ်မြို့နယ်တို့တွင် တိုက်ပွဲကြောင့် နေရပ်စွန်ခွာထွက်ပြေးရသည့် ရွာပေါင်း ၂၁ ရွာရှိပြီး ဒေသခံ ၈၄၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
တနင်္သာရီတိုင်းမြို့နယ်တချို့၌ စစ်ကောင်စီတပ်ဘက်က နယ်မြေရှင်းလင်းသည့် စစ်ကြောင်းထိုးနေသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF ဘက်ကလည်း ထိုးစစ်လုပ်နိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
PDF စစ်ဒေသခွဲ အမှတ် (၃) ၏ ဒုစစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက တနင်္သာရီတိုင်းသည် စစ်ကောင်စီအတွက် ဝင်ငွေများ ရှာဖွေပေးနိုင်သည့် ဒေသဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးဒေါက်တိုင်များကို ဖြတ်တောက်ရန် စစ်ရေးအရှိန်မြှင့်ရမည်ဟုလည်း ၎င်းက ဩဂုတ်လ ၄ ရက်တွင် ပြုလုပ်သည့် ကျည်တစ်သိန်းအလှူခံသည့် လှုပ်ရှားမှုတွင် ပြောသည်။