အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သရက်ချောင်း ၁၄ ရက်ကျော်ကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဂုံညှင်းဆိပ်ကျေးရွာတိုက်ပွဲသည် သီတင်းပတ် နှစ်ခုကျော်လွန် လာပြီဖြစ်ပြီး စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာတိုက်ပွဲသည် သီတင်းပတ် နှစ်ခုကျော်လွန်လာပြီး စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဂုံညှင်းဆိပ်ကျေးရွာ တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ လေးဦးထက်မနည်းကျဆုံးခဲ့ရပြီး စစ်တပ်ဘက်မှ ဆယ်နှင့်ချီထိခိုက်သေဆုံးမှုရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နှစ်ဖက်တိုက်ပွဲတွေမှာတော့ ရဲဘော်တွေအကျအဆုံးရှိပါတယ်။ စကမ(စစ်ကော်မရှင်) ဘက်ကလည်း လူ တစ်ရာကျော် ပိတ်မိနေတဲ့ စစ်ကြောင်းက လောလောဆယ် ၈၀ ကျော်လောက်ပဲ ကျန်တော့တယ်။ စကမ ဘက်က ထိခိုက်သေဆုံးမှုများပါတယ်။ ဒီ ၁၄ (မတ်လ ၂၃ရက်နေ့အထိ) ရက်ကာလအတွင်း ကျွန်တော်တို့ တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ရဲဘော်လေးဦး ကျဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါတယ်” ဟု ၎င်းက ပြောသည်။

PDFနှင့် KNLA ၏ တစ်လကျော်အကြာ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုများကြောင့် သရက်ချောင်းမြို့နှင့် ပလောက်မြို့ကြားရှိ စစ်တပ်၏ ဝင်းဝတပ်စခန်းကို မတ်လ ၁၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ 

အဆိုပါ စခန်းမှ တပ်ဆုတ်သွားသည့် တပ်သားများနှင့် စစ်ကူပေးရန်ရောက်ရှိလာသော ကလိန်အောင် အခြေစိုက်တပ်များသည် တော်လှန်ရေးတပ်ဖွဲ့များ၏ လိုက်လံတိုက်ခိုက်မှုများကြောင့် ဝင်းဝစခန်း၏ အနောက်ဘက်တည့်တည့် လေးမိုင်ခန့်အကွာရှိ ဂုံညှင်းဆိပ်ကျေးရွာသို့ ဆုတ်ခွာသွားခဲ့သည်။ 

သီတင်းပတ် နှစ်ခုကျော်လာသည့် ဂုံညှင်းဆိပ်ကျေးရွာတိုက်ပွဲအတွင်း ကြည်း၊ ရေ၊ လေ စုပေါင်း၍ စစ်တပ်က ခုခံလျက်ရှိသည်။ 

နိုင်ငံတဝန်း စက်သုံးဆီများပြတ်လပ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် စစ်တပ်က K8W ဂျက်ဖိုက်တာ၊ ထောက်ပို့လေယာဉ် Y-12 များဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ 

“စကမ(စစ်ကော်မရှင်) လေတပ်က ဂျက်ဖိုက်တာ၊ ထောက်ပို့ယာဉ်တွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တာမရှိဘူးဆို တစ်နေ့ အနည်းဆုံး သုံးကြိမ်တော့ရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။  

ဂုံညှင်းဆိပ်ရွာ၏ မြေပြင်အနေအထားသည် ပင်လယ်ပြင်နှင့် ကပ်လျက်တည်ရှိပြီး ထားဝယ်မြစ်ဝ အနီးတွင်တည်ရှိသည်။ 

မြေပြင် စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြချက်များအရ ကနက်သီရိ ကျေးရွာ အနီးရှိ စစ်သင်္ဘောတစ်စီးနှင့် ထားဝယ်မြစ်ဝ ကျောက်နီမော်ကျေးရွာ အနီးတွင် ကမ်းကပ် စစ်ရေယာဉ်ငယ် တစ်စီးတို့မှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ် စစ်ကူပေးလျက်ရှိသည်။ 

လက်ရှိ ဝင်းဝစခန်းမှ ဆုတ်ခွာလာသော စစ်သားများသည် သီတင်းပတ်နှစ်ခုကျော်အထိ ခုခံနေခြင်းသည် မြေပြင်တွင် ဖောက်ထွက်ရန် ခက်ခဲသောကြောင့် ရေတပ်၏ ကူညီကယ်ဆယ်မှုအား စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ 

“သရက်ချောင်းမြို့ဘက်ကို ဆုတ်လို့မရတဲ့ အခြေအနေမို့ ဂုံညှင်းဆိပ်ကျေးရွာဘက်ကို ဆုတ်တယ်ပေါ့။ ရေတပ်က ကယ်မယ့် အကူအညီကို စောင့်နေပုံရတယ်။ ရေကြောင်းအခက်အခဲက ဂုံညှင်းဆိပ်ကျေးရွာက ကမ်းကပ်လို့မရတဲ့ အနေအထား” ဟု ၎င်းက ဆိုသည်။ 

တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ကမ်းရိုးတန်းတစ်လျှောက်တွင် ပိတ်ဆို့ထားမည်ဆိုပါက စစ်တပ်၏ ရေကြောင်းထောက်ပံ့ရေးကိုပါ ပိတ်ဆို့ထားနိုင်မည်ဖြစ်သည်။ 

ပြီးခဲ့သည့် ရက်ပိုင်းတွင်စတင်၍ ထားဝယ်မြို့မှ စစ်ကော်မရှင်တပ်များသည် ထားဝယ်မြို့၏ အရှေ့ဘက် တောင်တန်းဒေသများမှတဆင့် ထားဝယ်မြို့ တောင်ဘက် ရှင်မထီး၊ ညောင်ဇင်စသည့် ကျေးရွာများကို စတင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။ 

ယမန်နေ့ မတ်လ ၂၃ ရက်နေ့ နံနက်ခင်းတွင် သရက်ချောင်းမြို့၏ မြောက်ဘက် ကပ်လျက်ရှိသော သရက်နှစ်ခွရွာသို့ ရောက်ရှိခဲ့ပြီး ယနေ့တွင် သရက်ချောင်းမြို့ပေါ်သို့ ဝင်ရောက်လာပြီဖြစ်သည်ဟု Myanmar Now ၏ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်ကလည်းပြောသည်။ 

“ထား၀ယ်ဘက်ကနေဆင်းလာတာ၊ သရက်နှစ်ခွကခွေး( စစ်ကော်မရှင်တပ်) တွေ သရက်ချောင်းမြို့ဘက်ကိုကားနဲ့ဆင်းနေပြီဗျ” ဟု သူကပြောသည်။  

အဆိုပါ စစ်ကြောင်းသည် အင်အား ၈၀ မှ ၁၀၀ ခန့်ထိ ရှိနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ခန့်မှန်းထားကြသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပလောက်မြို့နှင့် သရက်ချောင်းမြို့ကြားရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးနှင့် ကျေးရွာများကို ထိန်းချုပ်ထားသည်။ 

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးသည် ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ မြိတ်မှ ထိုင်း- မြန်မာနယ်စပ် ကော့သောင်းမြို့အထိ တိုက်ရိုက်ဆက်သွယ်ထားပြီး တနင်္သာရီတိုင်း တစ်ခုလုံးအား တိုက်ရိုက်ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော လမ်းမကြီးလည်းဖြစ်သည်။ 

လက်ရှိတွင် တိုက်ပွဲများ ရက်ဆက်ပြင်းထန်လာခြင်း၊ စစ်တပ်မှ စစ်ကူများထပ်မံ ပို့ပေးလာခြင်း၊ လေကြာင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ကုန်သွယ်ရေးလမ်းမကြီးအား  ပိတ်ဆို့ထားဆဲဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံက သိရှိရသည်။ 

သရက်ချောင်းမြို့ရှိ စစ်ကော်မရှင်တပ်များမှ သရက်ချောင်းမြို့၏ အောက်ဘက်ရှိ ကျေးရွာများကို  မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပြီး တစ်ခါတစ်ရံတွင် အမှတ်(၈) ပြည်ထောင်စု      လမ်းမကြီးပေါ်တွင် ကျရောက်ပေါက်ကွဲမှုများလည်းရှိနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“သရက်ချောင်းတပ်နယ်ဘက်က သရက်ချောင်း အောက်ဘက်ကျေးရွာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ နေ့ရော၊ ညရော ပစ်ခတ်နေတာတွေရှိတယ်။ အဲ့ဒီလိုလက်နက်ကြီးပစ်တာတွေက အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ကျရောက်ပေါက်ကွဲတာတွေလည်းရှိတယ်”

၎င်းက ဆက်လက်၍ “သရက်ချောင်းနဲ့ ထားဝယ်မြို့ကြားမှာဆိုရင်လည်း အမှတ်(၈) လမ်းမကြီးတစ်လျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာတွေလည်းရှိတယ်။ ဆိုတဲ့အခါကြတော့ ကျွန်တော်တို့ ထားဝယ်နဲ့ ပလောက်ကြားက လုံခြုံရေးအရ စိုးရိမ်စရာရှိတဲ့အခြေအနေလို့ပြောလို့ရတယ်” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ 

ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်များက လမ်းပိုင်းအား ပိတ်ဆို့ထားခဲ့ပြီး စခန်းသိမ်းပြီးနောက် မတ်လ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ပလောက်မြို့နှင့် သရက်ချောင်းမြို့ကြားရှိ ကုန်ကားများကို ခေတ္တဖြတ်သန်းခွင့်ပြုခဲ့သည်ဟု ကုန်ကားသမားအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။ 

ဝင်းဝစခန်းသိမ်းတိုက်ပွဲမှစတင်၍ နှစ်လ နီးပါးကြာသည့် သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲများတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်တပ်၏ ဓားစာခံအဖြစ်ဖမ်းဆီးသတ်ဖြတ်မှုနှင့် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အရပ်သားသေဆုံးမှုများသည်လည်း ဆယ်ချီရှိခဲ့သည်။ 

နှစ်ဖက်တိုက်ပွဲများအတွင်း အရပ်သားသတ်ဖြတ်မှု၊ ကျေးရွာနေအိမ်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ တိုက်ပွဲ နှစ်လနီးပါးကြာသည့်တိုင်အောင်  စစ်တပ်ဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။ 

စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများကြောင့် ဂုံညှင်းဆိပ်၊ ဆီတော၊ သဲလမ်း၊ ရေချိုချောင်း၊ ချောင်းဝပြင်၊ ပြင်းဖြူသား၊ ပြင်းဖြူကြီး၊ စုံစင်းဖျား၊ မင်းဒပ်၊ ဝင်းဝ စသော ကျေးရွာပေါင်း ၂၀ ထက်မနည်းမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရသည်။ 

ဂုံညှင်းဆိပ်၊ သဲတောနှင့် ဆီတော ကျေးရွာများတွင် စစ်ရှောင် စုစုပေါင်း တစ်ထောင့်ငါးရာထက်မနည်းရှိပြီး ဒေသခံများသည် ဆီအုန်းတော၊ ဓနိတောနှင့် ဥယျာဉ်ခြံတောတောင်များထဲတွင် ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့- သရက်ချောင်းမြို့နယ်က ထုတ်ပြန်ထားသည်။

ယမန့်နေ့ (မတ်လ ၂၃ ရက်) တွင် အသက် ၇၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးသည် စစ်ဘေးတိမ်းရှောင်ရင်း ကွယ်လွန်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရသည်။ 

လက်ရှိတွင် စစ်ဘေးရှောင်များသည် အရေးပေါ် စားနပ်ရိက္ခာများ၊ အမိုးအကာများအရေးပေါ် လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီပေးသူများနှင့် နီးစပ်သူများကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button