သတင်း

ရေဦးတွင် တစ်ကျော့ပြန်စစ်ကြောင်းထိုး၍ ဒေသခံ တစ်သောင်းကျော် စစ်ရှောင်ရ

ရေဦးမြို့ပေါ်မှ ထွက်လာသော စစ်ကြောင်းကြောင့် ရေဦး - ဒီပဲယင်း လမ်းဘေးဝဲယာ ကျေးရွာ ၁၂ ရွာမှ ဒေသခံ တစ်သောင်းကျော်သည် မိုးမလင်းမီကတည်းက ထွက်ပြေးနေရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့ (ဩဂုတ် ၁၅) ရက် နံနက်မှစပြီး စစ်ကောင်စီက တစ်ကျော့ပြန် စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ နံနက် ၄ နာရီဝန်းကျင် ရေဦးမြို့မှ ထွက်လာသော အင်အား ၈၀ နီးပါးခန့်ပါဝင်သည့် စစ်ကြောင်းသည် မြို့တောင်ဘက်ကို ဦးတည်ထွက်လာသဖြင့် ရေဦး – ဒီပဲယင်း လမ်းဘေးဝဲယာနှင့် အနီးရှိ ကျေးရွာများဖြစ်သည့် မုတ်ဆီ၊ ငြုပ်တုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ရွာမိဿ၊ အောင်သာ၊ ကျီကုန်း၊ ဆုံ စသောကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရခြင်း ဖြစ်သည်။

“စောစောစီးစီးကြိုထွက်ရတာ။ ခုချိန်က စိုက်တဲ့ပျိုးတဲ့အချိန်ဆိုတော့ ရှောင်ရတာ ဒုက္ခရောက်တယ်။ လုပ်ငန်းတွေ ပစ်ပြီး ပြေးရတာ” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ရေဦးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကြောင်းမထိုးမီ ဩဂုတ် ၁၂ ရက်ကစတင်ပြီး ရေဦးမြို့ကို စစ်တပ်က လေကြောင်းမှတစ်ဆင့် လက်နက်ခဲယမ်းနှင့် တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းခဲ့ပြီး မြို့အနီးဝန်းကျင်ကျေးရွာများကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့နှင့် ၃ မိုင်ခန့်အကွာ မုတ်ဆီရွာနှင့် မူးမြစ်ကမ်း အနီးဝန်းကျင်ရွာများကို ဩဂုတ် ၁၂ ရက်နှင့် ၁၃ ရက်နေ့ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ရာ လူထိခိုက် သေဆုံးမှုမရှိသော်လည်း နေအိမ် ၃ လုံးပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ရွာအရှေ့ပိုင်းကို ပစ်တာ။ ကျေးရွာထဲတော့ မရောက်ဘူး။ ဒုတိယအချီကျတော့ အရှေ့တောင်ဘက် တောနီ ပြည်တော် ကျောင်းကို ကျည်ဆန် တစ်ချက်မှန်တယ်။ ချောင်းဘောင်တစ်လျှောက်ရယ်၊ တောင်ဖျားရယ် ပစ်သွားတယ်” ဟု မုတ်ဆီရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရေဦးမြို့နယ်အတွင်း စစ်ကြောင်းမထိုးသည်မှာ ၅ လနီးပါး ရှိပြီဖြစ်ပြီး တစ်ကျော့ပြန်ထိုးလာသည့် ယခုစစ်ကြောင်းမှာ ရေဦးတောင်ဘက် ကပ်လျက်ရှိ ဒီပဲယင်းမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ အင်အားဖြည့်တင်းနိုင်ရန် ရည်ရွယ်ပြီး စစ်ကြောင်းထိုးခြင်းဖြစ်နိုင်သည်ဟု တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။

ယခုစစ်ကြောင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက ကန့်ဘလူမြို့မှ အင်အားဖြည့်တင်းလာသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ထက်ဝက်ကျော်ပါဝင်ပြီး တပ်မ ၇၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သည်ဟု တော်လှန်ရေးအဖွဲ့များက မြေပြင်အချက်အလက်များကို ကိုးကားပြီးပြောသည်။

မူးမြစ်အနောက်ဘက်ကမ်းရှိ ရေဦးမြို့တွင် စစ်တပ်က မြို့ပေါ်တွင်သာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအများစုတွင် တော်လှန် ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။ ပြီးခဲ့သည့်လပိုင်းမှ စတင်ကာ မြို့အနီးနှင့် မူးဘောင်အနီး ကျေးရွာတချို့တွင် တိုးချဲ့တပ်စွဲကာ စိုးမိုးနယ်မြေချဲ့ထွင်ရန် စစ်တပ်ဘက်က ကြိုးပမ်းနေသည်။

ရေဦးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မူးမြစ်အရှေ့ဘက်ကမ်း ရွှေဘိုမြို့နယ်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်က စစ်ကြောင်းထိုးရန် ကြိုးပမ်းခဲ့သော်လည်း တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲပြင်းထန်ပြီး မြို့ထဲသို့ ပြန်လည်ဆုတ်ခွာသွားရသည်။

ဩဂုတ် ၁၃ ရက်နေ့က ရွှေဘိုမှ ထွက်လာသည့် အင်အား ၃၀ ကျော် ပါဝင်သည့် စစ်ကြောင်းနှင့်  တော်လှန်ရေးအင်အားစုများမှာ မြို့အထွက် ၃ မိုင်ခန့်အကွာ အောင်ချမ်းသာရွာအနီး နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် မှတ်စုတချို့။ (ဓာတ်ပုံ-ပေးပို့)

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျောပိုးအိတ်အတွင်းမှ ရရှိသည့် မှတ်စုစာအုပ်များအရ မကြာသေးခင်ကမှ သင်တန်းဆင်းလာသည့် ပြည်သူ့စစ်များ ပါဝင်သည်ဟု NUG လက်အောက်ခံ ရွှေဘိုခရိုင် PDF အမှတ် (၁၅) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးဆိုသူက သုံးသပ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သင်တန်းဆင်းတာ ကြာပြီ * အစစ်ဆိုရင် မှတ်စုစာအုပ် ပါလာစရာ အကြောင်းမရှိဘူးလေ။ သင်တန်းဆင်းပြီးတာနဲ့ ရှေ့တန်းကို တစ်ပါတည်းတန်းပို့တာမှာ ဒီစာအုပ်တွေပါ တစ်ပါတည်း ပါလာတဲ့ အနေအထားမျိုး”

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို ပြီးခဲ့သည့် လပိုင်းတွင် စစ်တပ်က လက်လွှတ်ခဲ့ရပြီးနောက် ကပ်လျက် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့တွင် စစ်တပ်က အင်အားတိုးချဲ့ထားသည်ဟု တော်လှန်ရေးအင်အားစုများကဆိုသည်။

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း မြစ်အရှေ့ဘက်ကမ်းရှိ စဉ့်ကူးမြို့၊ တကောင်းမြို့တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စိုးမိုးနယ်မြေပိုမိုကျယ်ပြန့်လာချိန် ကပ်လျက်ရှိ စစ်ကိုင်းတိုင်းတွင်လည်း စစ်တပ်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“တကောင်း၊ သပိတ်ကျင်းဘက်ထိ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီဆိုတော့ အနောက်ဘက်ခြမ်းကို မြစ်ကူးလိုက်ပြီဆိုတာနဲ့ စစ်ကိုင်းတိုင်းထဲကို ပစ်ဝင်လာမယ့်အနေအထားမျိုးကို ကြိုကာပြီးတော့ စစ်ကြောင်းတွေ ရတဲ့နေရာကနေ ပြန်ပြီးထိုးလာတာ။ ဒါပေမဲ့ စစ်ကိုင်းတိုင်းဘက်မှာက စစ်ကောင်စီစစ်ကြောင်းထက် ပြည်သူ့စစ် စစ်ကြောင်းတွေက ပိုများနေတာ တွေ့ရတယ်”

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် အင်အားပြုန်းတီးမှုကို ဖြည့်တင်းရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို နှစ်ဆန်းပိုင်းတွင် အတည်ပြုလိုက်ပြီးနောက် စစ်သင်တန်းများ ခေါ်ယူကာ သင်တန်းဆင်း စစ်သားများကို ရှေ့တန်းပို့ပြီး အင်အားဖြည့်တင်းနေသည်။

Show More

Related Articles

Back to top button