စစ်ကိုင်းတိုင်း၊ သဖန်းဆိပ်ဆည် ရေလွှတ်ချစဉ် ချောင်းကိုဖြတ်ကူးနေသည့် ကောက်စိုက်သမ ခြောက်ဦး ရေနစ်သေဆုံးခဲ့ပြီး တန့်ဆည်၊ ရေဦး၊ ခင်ဦးမြို့နယ်တို့မှ ထောင်နှင့်ချီသည့် ပြည်သူများ ရေဘေးသင့်ကာ ဘေးလွတ်ရာရှောင်တိမ်းနေရကြောင်း ဒေသခံများထံက သိရသည်။
ဩဂုတ် ၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ ချောင်းရိုးရွာမှ ကောက်စိုက်ပြန်လာသည့် ကောက်စိုက်သမ ၁၀ ဦး ချောင်းကို ဖြတ်ကူးကြစဉ် ချောင်းရေ ရုတ်တရက်တိုးလာကာ မျောပါ၍ သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
“ ခြောက်ဦးဆုံးတာမှာ ငါးဦးကတော့ မနေ့ကတည်းက (အလောင်း) ဆယ်နိုင်ခဲ့တယ်။ တစ်ဦးက ဒီမနက်မှ အလောင်းတွေ့ရတာပေါ့။ ကောက်စိုက်အပြန်ပေါ့။ ကျန်တဲ့ လေးယောက်ကတော့ လွတ်သွားတယ်။ သဖန်းဆိပ်ဆည်က အဝေးကြီး။ သုံးမြို့နယ်လောက်ခြားနေတော့ ရေဘယ်အချိန်ရောက်မယ် မသိနိုင်ဘူး ။ မိုးကလည်းအဆက်မပြတ်ရွာနေတော့ မိုးကျချောင်းရေကိုကလည်း စီးနေတာ”ဟု ဒီပဲယင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ကျွန်းလှမြို့နယ် သဖန်းဆိပ်ရေလှောင်တမံသည် ကန့်ဘလူ ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ ရေဦး၊ စစ်ကိုင်း စသည့် မြို့နယ်များကို စိုက်ပျိုးရေပေးဝေနိုင်သည့် တာတမံဖြစ်သည်။
သဖန်းဆိပ်ဆည် ကန်ရေပြည့် အမှတ် ၅၄၅ ပေအနက် ဩဂုတ်လ ၆ ရက်နေ့တွင် ရေအမှတ် ၅၄၃.၇၅ ပေသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ရောက်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ရေဦးမြို့နယ် ပအဖ၊ မြို့နယ် ဆည်ရေဦးစီးဌာနက ယမန်နေ့က ထုတ်ပြန်ထားသည်။
သဖန်းဆိပ်ဆည်ရေဖောက်ချသဖြင့် မူးမြစ်ရိုးတလျှောက် တန့်ဆည်၊ ရေဦးမြို့နယ်တို့မှာ ယမန်နေ့ ကတည်းက ရေဘေးအကြီးအကျယ်သင့်နေပြီး ခင်ဦးမြို့နယ်တွင်လည်း ယနေ့ (ဩဂုတ် ၇)ရက်နေ့ နံနက် ၁ နာရီဝန်းကျင်စပြီး ရေဝင်လာသဖြင့် မူးမြစ်ကမ်းဘေး ရွာများ ဘေးလွတ်ရာ ရှောင်တိမ်းနေရသည်။
“ ခင်ဦး ၁၂ ရွာကျော်လောက်ဖြစ်နေပြီ။ တချို့ရွာတွေဆိုရင် ရွာထဲမှာ ခါးလောက်ဆိုတော့ စက်ပစ္စည်း တွေ ရွှေ့လို့မရတာတွေဆို နစ်ကုန်တယ်။ ရွှေ့လို့ရတာအကုန်ရွှေ့ပြီး မြင့်တဲ့နေရာကို ရသလောက် တက်နေရတာပေါ့”ဟု ခင်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ဘေးကြောင့် အခြားဒေသများမှ ခင်ဦးမြို့နယ်အတွင်းသို့ လာရောက်ခိုလှုံနေသည့် စစ်ရှောင် ပြည်သူ များလည်း ယခုတစ်ကြိမ်ရေဘေးကြုံလာသဖြင့် တစ်ပူပေါ်တစ်ပူဆင့်သည့် အခြေအနေ ကြုံနေရသည်။
ခင်ဦးမြို့နယ် မူးမြစ် အရှေ့ဘက်နှင့် DY 1 တူးမြောင်းအောက်ရှိ ဥယျာဉ်၊ ကျွန်းတောကြီး၊ ယာတော်၊ မကျီးအုပ်၊ သရက်ပင်စု၊ ကားဆိပ်၊ မြင်းဒေါင်း၊ အင်းပတ်၊ ရွာသစ်၊ မူးသာ၊ သက်ပေး၊ ဇီးတော၊ လက်ပံကွက်၊ တာတိုင် စသည့်ကျေးရွာများ ရှောင်တိမ်းနေရကြောင်း ဒေသခံများထံကသိရသည်။
တန့်ဆည်မြို့နယ်တွင်လည်း ပေါင်းကဒေါင် ချောင်းကူးတံတား ပျက်စီးသွားပြီး မူးဘောင်အချို့ ရေလျံ ကာ တုတ္တလုပ် (တောင်/မြောက်)၊ သာတေတ၊ ဗျက်ကြီး၊ ညံသာ၊ သောင်သုခ၊ ရွှေလှန်၊ ငတန်း၊ တပ်သစ်၊ ထန်းပင်ဆိပ်၊ မြောက်အင်း၊ သာယာကုန်း၊ အင်းပတ်၊ ညောင်လေးပင် စသည့်ကျေးရွာများ ယမန်နေ့ (ဩဂုတ်လ ၆ ရက်) က စပြီး အခြေအနေဆိုးရွားလာကြောင်းသိရသည်။
ရေဦးမြို့နယ်တွင်လည်း ရေဘေးကြောင့် ကျေးရွာပေါင်း ၅၀ ကျော်မှ ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်းနေရသည်။
“အထက်ပိုင်းမိုးများပြီးတော့ သဖန်းဆိပ်ဆည်စိုးရိမ်ရေမှတ်ရောက်မှာစိုးလို့ရေလျှော့ချတာရယ်၊ အထက် က တန့်ဆည်နယ်ထဲက ဆည်ဘောင်တွေကျိုးတာရယ် ဒီအခြေအနေနှစ်ခုပေါင်းသွားလို့။ (ဩဂုတ်) ၅ ရက်နေ့ လောက်တည်းက ရေစကြီးတာ။ ရွာထဲက ရေဝင်တာတွေက အမြင့်ပိုင်းပြောင်းပြီးတော့ တချို့ ရေစဝင်တဲ့နေရာတွေတော့အမြင့်ပိုင်းကိုပြောင်းထားတယ်။ အဓိကသူက တစ်မြို့နယ်လုံးနီးနီးပဲ။ မူးမြစ်ကမ်းဘေးရွာတွေရော၊ မူးမြစ်ကမ်းဘေးမဟုတ်တဲ့ရွာတွေလည်းဆည်ဘောင် တွေကျိုးတော့ ရေဝင်တဲ့ဒဏ်ကိုအကုန်လုံးခံနေရတာ” ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ ရေအခြေအနေက အထက်ပိုင်းမိုးရွာတဲ့အခြေအနေပေါ်မှာမူတည်တယ်။ အထက်ပိုင်းမိုးများရင် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး မိုးများတယ်ဆိုရင်ကျွန်တော်တို့ဘက်က ရေထပ်ကြီးနေဦးမှာပဲ။ အဲ့ဒီဘက်မိုးမရွာရင်ရေတန့်သွားမှာ”ဟု ၎င်းကဆက်ပြောသည်။
ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါး၊ အဝတ်အထည် စသည့်တို့အရေးပေါ် လိုအပ်နေကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများကဆိုသည်။ ထို့ပြင် ကူညီကယ်ဆယ်ရေးအတွက် စက်လှေများလိုအပ်နေကြောင်း တန့်ဆည်မြို့မှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူကဆိုသည်။
“ အညာဆိုတော့ ကုန်ပစ္စည်း၊ ဆေးဝါး၊ စက်ပစ္စည်းစုံစုံလင်လင်မရှိဘူး။ လာကူမယ့်သူ နည်းတာပေါ့။ အဓိကအခက်ခဲကတော့ ပစ္စည်းပစ္စယ ဝယ်ရခက်တယ်။ ကုန်ပစ္စည်းလိုရင်လိုသလောက်မရတဲ့ အခက်အခဲရှိတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ဒီပဲယင်း၊ ရွှေဘို၊ ရေဦး၊ တန့်ဆည် မြို့နယ်များတွင် မူးမြစ်ရေမြင့်တက်ပြီး ကျေးရွာပေါင်း ၃၀ ခန့်မှ အိမ်ထောင်စု တစ်သောင်းနှစ်ထောင်ဝန်းကျင်ရေဘေးသင့်ခဲ့ကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ ထံက သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၀၀ ကျော်နှင့် ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၃၀ ကျော်တွင်လည်း ရေဘေးသင့်နေကြောင်း ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးမျိုးဇော်အောင်က ပြောသည်။
ယခင်ကတတည်းက စစ်ဘေးကြောင့် ရှောင်တိမ်းနေရသည့် ပြည်သူများမှာ ရေဘေး ထပ်မံကြုံတွေ့လာရသဖြင့် စားဝတ်နေရေးအခက်ခဲတွေ့နေကြောင်း ၎င်းက ဆိုသည်။
“အဓိက စစ်ဘေးရှောင်တွေ ဒုက္ခရောက်ကြတာပေါ့။ သူတို့က တစ်နေ့လုပ် တစ်နေ့စားက များတယ်။ နဂိုရှိတဲ့လူတွေလည်း မြို့ပေါ်က ပါမလာတာများတော့ ခုချက်ချင်းဆိုလည်း စားဝတ်နေရေး ခက်ခဲကုန်တာ။ ပုံမှန်ကိုအလုပ်ကိုင်ရှားပါးတယ်။ ဒါပေမယ့် နေလို့ဖြစ်သေးတယ်။ ရေကြီးတော့ တစ်နေ့လုပ် တစ်နေ့စားတွေ အခက်ခဲဖြစ်တာ”ဟု ဦးမျိုးဇော်အောင်က ဆိုသည်။
ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်တို့မှာ တော်လှန်ရေး အားကောင်းရာဒေသဖြစ်ပြီး တော်လှန်ရေးအင်အားစုများ နှင့် ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ဦးဆောင်လှုပ်ရှားနေသည်။
NUG ၏ စစ်ကိုင်းဖက်ဒရယ်ယူနစ် ၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဦးတိုးဝေအောင်က မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခြင်း၊ သဖန်းဆိပ် ရေလှောင်တမံ၊ ကင်းတပ်၊ ကာဘိုးဆည်တို့မှ စိုးရိမ်ရေမှတ်ကျော်လာသည့်အတွက် ရေတံခါးများ ဖွင့်ချခြင်းကြောင့် ရေဦး၊ တန့်ဆည်၊ ခင်ဦး၊ဒီပဲယင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ အရာတော်၊ ဝက်လက် စသည့် မြို့နယ် ကိုးခုမှ ရွာပေါင်း ၁၅၀ ကျော်မှ လူဦးရေ ခုနစ်သောင်းခွဲကျော် ထက်မနည်း ရေဘေးသင့်နေကြောင်း ပြောသည်။
အရေးပေါ်လိုအပ်ချက်များအတွက် ကူညီမှုများဆောင်ရွက်ပေးနေသော်လည်း လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်ဟု ဦးတိုးဝေအောင်က ဆိုသည်။
“ကူညီကယ်ဆယ်ရေးအရ ပထမဆုံးကတော့ ရေနစ်မြုပ်တဲ့ရွာတွေမှာ စက်လှေနဲ့ကူညီကယ်ဆယ်ရေး လုပ်ရမယ့်အခြေအနေ။ မိုးရွာမှာဖြစ်လို့ အမိုးကာလည်းလိုမယ်။ အရေးပေါ်ကတော့ စားနပ်ရိက္ခာလည်း လိုတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း မိုးတွင်းဖြစ်တော့လိုတယ်။ မိုးကြီးတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအတွက်က အများကြီးလိုတယ်”ဟု ၎င်းက ဆက်ပြောသည်။
သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးအန္တရာယ်ကြုံတွေ့နေရချိန်တွင်ပင် စစ်ကိုင်းတိုင်းအတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ ဆက်ရှိနေဆဲဖြစ်သည်။
ခင်ဦးမြို့အနောက်ခြမ်းတွင် ရေဘေးသင့်နေချိန် ယနေ့ (ဩဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် အရှေ့ခြမ်းကို လေကြောင်းမှ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“မနက်က အရှေ့ဘက်ခြမ်းကို ဆူဆိုက် (အသေခံဒရုန်း) နှစ်စီးလုပ်သွားသေးတယ်။ အနောက်ဘက်ခြမ်း က ရေဘေးသင့်နေတာဆိုတော့ ဒီအပေါ်မှာ ခက်ခဲမှုတော့ရှိတာပေါ့။ နွားတို့၊ ဘာတို့တော့ ထိခိုက်တယ်။ အဲ့ဒီနားမှာ တိုက်ပွဲလည်း မရှိဘူး “ဟု ခင်ဦးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ထို့အပြင် ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာ စာသင်ကျောင်းကို ယမန်နေ့ည ၁၁ နာရီခွဲဝန်းကျင်က လေကြောင်း တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင် နှစ်ဆောင်နှင့် နေအိမ် သုံးလုံးပျက်စီးပြီး နွား ၁၃ ကောင်လည်း သေဆုံးခဲ့သည်။
နိုင်ငံအနှံ့မိုးကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ငဝန်မြစ်ရေကာတာကျိုးပေါက်သဖြင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်မြို့နယ်တို့တွင် ကျေးရွာပေါင်း ၁၀၆ ရွာ ရေဘေးသင့်နေသောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း စစ်တပ်က သတင်းထုတ်ပြန်သော်လည်း စစ်ကိုင်းတိုင်းအတွင်း ရေကြီးမှုအခြေအနေနှင့်ပတ်သက်ပြီး တစုံတရာထုတ်ပြန်ခြင်းမရှိပေ။
စစ်အစိုးရ၏ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဇော်ဦးကိုလည်း စစ်ကိုင်းတိုင်းအတွင်း ရေကြီးမှုများနှင့်ပတ်သက်ပြီး ကိုင်တွယ်နေသည့်အခြေအနေများ၊ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် Myanmar Now က ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။





