ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့သည် ဝါတွင်းကာလ ဥပုသ်နေ့တစ်ရက် ဖြစ်သည်။ ထိုနေ့ နံနက်ခင်းတွင် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆွဲလွဲအိုရွာ၊ ဘုန်းကြီးကျောင်းရှိ ယောဂီတစ်ရာကျော်မှာ နံနက်အရုဏ်တက်ချိန်ကို ပုံမှန်အတိုင်း တရားဓမ္မဖြင့် အစပြုခဲ့ကြသော်လည်း နာရီပိုင်းအကြာမှာပင် အနိဋ္ဌာရုံများက ဖုံးလွှမ်းသွားသည်။
တစ်နာရီနီးပါးစီကြာသော တရားထိုင်ချိန် နှစ်ချိန်အပြီး နံနက် ၉ နာရီဝန်းကျင်တွင် တံတားဦးလေတပ်မှ တိုက်လေယာဉ်တက်လာကြောင်း အသိပေးချက်ထွက်လာသော်လည်း ဘာသာရေးပွဲဖြစ်သည့် တရားစခန်း ဖြစ်သည့်အတွက် အန္တရာယ် မကျရောက်နိုင်ဟု တွက်ဆခဲ့ကြသည်။
သို့သော်လည်း မျှော်လင့်မထားသည့် အန္တရာယ်က မိနစ်ပိုင်းအတွင်းမှာပင်ကျရောက်လာခဲ့သည်။ ခပ်နိမ့်နိမ့်ပျံသန်းလာသည့် လေယာဉ်က ရွာပေါ်ကိုကျော်၍ ပျံသန်းသွားပြီးနောက်တွင် ရွာအရှေ့ဘက်ဖျားရှိ ဘုန်းကြီးကျောင်းဝင်းကို ဗုံးကြဲချတော့သည်။
ပထမအကြိမ် ဗုံးနှစ်လုံးကြဲရာ တစ်ခုမှာ ဘုန်းကြီးကျောင်းဝင်း အတွင်း အမျိုးသား ယောဂီအဆောင်အနီး ကျရောက်ပေါက်ကွဲပြီး နောက်တစ်လုံးမှာ အရှေ့ဘက် ယာခင်းထဲကျခဲ့သည်။ ဘုရားပရဝဏ် ဝန်းကျင် အမျိုးသားယောဂီဆောင်အနီးကျရောက်ပေါက်ကွဲရာ ယောဂီများထိခိုက်သေဆုံးမှု များပြားခဲ့ရသည်ဟု ဒေသခံနှင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများက ဆိုသည်။ ထို့နောက် ငါးမိနစ်ခန့်အကြာ တကျော့ပြန်ဗုံးကြဲခဲ့ရာ ဘုန်းကြီးကျောင်းနှင့် ပေတစ်ရာခန့်အကွာ ကျေးရွာထဲကျရောက်ပေါက်ကွဲရာ လမ်းသွားလမ်းလာအပါအဝင် သေဆုံးမှုများရှိခဲ့သည်။
“ကျွန်တော်တို့က ယောဂီတွေဆွမ်းစားဖို့ ချက်တဲ့ဘက်မှာ ချက်ဖိုဘက်မှာ ဝိုင်းကူပြီးလုပ်ပေးနေတာ။ အဲ့ဒီလိုအချိန်မှာလေယာဉ်ကြီး ခေါင်းထိုးလာပြီဆိုပြီး တစ်ယောက်နဲ့တစ်ယောက်ပြောနေတာ။ တို့ဆီတော့ မချလောက်ပါဘူးကွာလို့ ပြောရင်းဆိုရင်းမတ်တတ်ကနေ ချသွားတာ။ ဒီဘက်တော့ မဟုတ်လောက်ပါဘူး ကျောင်းပြင်ဘက်နေမှာဆိုပြီးနေတုန်း ယောကျာ်းယောဂီဆောင်ဘက်ကျတာ ဆိုတော့ အဲ့ဒီဘက်သွားပြီးတော့ ကယ်ဖို့လုပ်မယ့်အချိန်မှာ နောက်တခါဝဲလာပြီး ပြန်ချသွားတာ”ဟု အသက် ၃၀ ဝန်းကျင်အရွယ် ရွာခံအမျိုးသားကပြောသည်။
“လေယာဉ်တစ်စီးထဲကနေနှစ်ခေါက်ကြဲသွားတာ”ဟု ၎င်းကဆက်ပြောသည်။
ထို့နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း ယောဂီ ကိုးဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ပြီး၊ နှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာပြင်းထန်သူများထဲမှ အမျိုးသမီးတစ်ဦးမှာ နောက်နှစ်ရက်အကြာ (ဩဂုတ်လ ၂၃ ရက်) တွင် သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ ဦးထိရှိလာသည်။ သေဆုံးသူများမှာ ဆွဲလွဲအိုရွာနှင့် အနီးပတ်ဝန်းကျင်မှ အသက် ၅၀ နှင့် ၇၀ ကြား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး လေးဦးတို့ဖြစ်ကြသည်။
အရပ်သားအရေခြုံထားသည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ၎င်း၏ မိတ်ဖက် ရုရှား၊ ဘယ်လာရုစ်တို့ကိုခြေဆန့်ပြီး နိုင်ငံတကာမျက်နှာစာတွင် နေရာရရန်ကြိုးပမ်းနေချိန် တစ်ဖက်တွင်လည်း ဘာသာရေးအဆောက်အအုံများပါမချန် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာအရ စစ်တပ်၏လေတပ်အတွက် တိုက်ခိုက်ရေးလေယာဉ်များနှင့် စစ်ဘက်သုံးပစ္စည်းများကို ရုရှားနှင့် တရုတ်နိုင်ငံတို့က အဓိကထောက်ပံ့ခဲ့ပြီး အိန္ဒိယနိုင်ငံမှလည်း လေကြောင်းဆိုင်ရာ စစ်ရေးပစ္စည်းများ ပံ့ပိုးခဲ့သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ပြုလုပ်ခဲ့သော စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲစတင်ချိန်ကတည်းက လေကြောင်းတိုက်ခိုက်မှုများအရှိန်မြှင့်နေသဖြင့် အရပ်သားဆယ်နှင့်ချီ သေဆုံးခဲ့ရပြီး ဆွဲလွဲအိုရွာ ဖြစ်စဉ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသည့် နောက်ဆုံး ဖြစ်ရပ် တစ်ခုဖြစ်သည်။
သွေးမြေကျခဲ့ရသည့် ဆွဲလွဲအိုရွာ
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ စစ်ကိုင်းတိုင်း အောက်ဘက်စွန်းရှိ မြောင်မြို့နယ်သည် ဒုတိယ အကြီးဆုံးမြို့တော် မန္တလေးမြို့ အနောက်ဘက် ၁၃၈ မိုင်ခန့်အကွာတွင်ရှိသည်။
မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ သုံးပွင့်ဆိုင်ရာ ဒေသရှိမြောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် စစ်တပ်အခြေစိုက် စခန်းရှိရာ ကျောက်ရစ်ရွာမှအပ ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
ယခုလေကြောင်းတိုက်ခိုက်ခံရသည့် ဆွဲလွဲအိုရွာမှာ မြောင်မြို့ တောင်ဘက်အထွက် မြောင် – ပရိမ္မ လမ်း ပေါ်တွင်ရှိပြီး ကားဖြင့်သွားပါက မြောင်မှ ၁၅ မိနစ်ခရီးသာကြာသည့် ထိုရွာကို ၂၀၂၂ ခုနှစ် ကတည်းကပင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည်။
ဆွဲလွဲအိုရွာတွင် အရပ်သားအစိုးရလက်ထက် ၂၀၁၅ ခုနှစ် မှစ၍ လေးနှစ်ဆက်တိုက် တရားစခန်းဖွင့်လှစ်ခဲ့ရာ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ၂၀၁၉ ကစပြီး ရပ်တန့်သွားခဲ့ရသော်လည်း ရွာခံများ၏ ကြိုးပမ်းမှုဖြင့် ယမန်နှစ်က တရားစခန်းကို ပြန်လည်စတင်နိုင်ခဲ့ကြသည်။ ဝါတွင်းကာလ ငါးရက် တရားစခန်းကို ဇေဋ္ဌဝါဒီဘုန်းကြီးကျောင်းတွင် ဩဂုတ်လ ၂၀ ရက် စတင်ခဲ့ပြီး ရွာခံများအပါအဝင် မြောင်မြို့နယ် ဒေသတွင်း ကျေးရွာများမှ ယောဂီ ၁၁၀ ဦးခန့် တရားစခန်းဝင်နေကြသည်။
“ ဒီတရားစခန်းလုပ်တယ်ဆိုတာက ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေကမှ ဦးဆောင်ပြီး လုပ်တာ မဟုတ်ဘူး။ ဟိုအရင်ကတည်းက ဘာသာရေးလူငယ်တွေက ဦးဆောင်ပြီးလုပ်တာ”ဟု ဆွဲလွဲအိုရွာခံ အမျိုးသားကပြောသည်။
ဒေသခံများ ပေးပို့လာသည့် ရုပ်သံဖိုင်များအရ လေကြောင်းတိုက်ခိုက်မှုကြောင့် ယောဂီများ တရားထိုင် သည့်နေရာဘေးရှိ အဆောက်အအုံများမှာ အမိုးနှင့် တိုင်များပျက်စီးသွားသလို ပြန့်ကျဲနေသည့် သွေးကွက်များ၊ ကျိုးပဲ့နေသည့် ဆင်းတုတော်များကိုတွေ့ရသည်။
ပွဲချင်းပြီးသေဆုံးသည့်ရုပ်အလောင်းအချို့ကို ကောက်ယူနိုင်သော်လည်း အချို့မှာ မည်သူမည်ဝါ မခွဲ ခြားနိုင်သည့်အတွက် မိသားစုမှတဆင့် ဆက်သွယ်အတည်ပြု ခွဲခြားခဲ့ရသည်ဟု ရွာခံ အမျိုးသားက ပြောသည်။
ထိခိုက်ဒဏ်ရာရသူများကို တော်လှန်ရေးအင်အားစုများထိန်းချုပ်နယ်မြေတွင် ဆေးကုသမှုပေးထားပြီး အချို့ကို မိသားစုက ပြန်လည်ခေါ်ဆောင်ပြီး ကျန်းမာရေး ကုသပေးနေသည်ဟု ၎င်းကဆိုသည်။ ဒဏ်ရာရသည့် နှစ်ဒါဇင်ကျော်အနက် လေးဦးထက်မနည်းမှာ ကိုယ်လက်အင်္ဂါဆုံးရှုံး ခဲ့ရသည်။
ဓမ္မာရုံတွင် PDF များတပ်စွဲပြီး ဆက်ကြေးကောက်နေကြောင်း သတင်းပေးပို့လာသည့်အတွက် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများက ဆိုသော်လည်း ထိုရွာထဲနှင့် ဘုန်းကြီးကျောင်းတို့တွင်ပါ တော်လှန်ရေးအင်အားစုများ အထိုင်ချ တပ်စွဲထားခြင်း မရှိကြောင်း ဒေသတွင်းလှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံများက တုံ့ပြန်သည်။
“ထိခိုက်တဲ့အထဲမှာလည်း PDF တစ်ယောက်မှမပါသလို အဲ့ဒီနေရာမှာလည်း PDF တွေနေတာ မဟုတ်လို့ PDF တွေစခန်းချတဲ့ နေရာလည်းမဟုတ်ဘူး”ဟု မြောင်မြို့နယ်အခြေစိုက် လှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ၏တာဝန်ခံကိုနွေဦး ကပြောသည်။
ဩဂုတ်လ ဒုတိယပတ် (၁၇) ရက်က မြောင်မြို့ပေါ်၊ စစ်တပ်စခန်းအနီးရှိ အလှပြင်ဆိုင်တွင် ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်းမှူးတစ်ဦးကို တော်လှန်ရေးအင်အားစုများက ဝင်ရောက် ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်ရှိခဲ့သည်။ ထိုတိုက်ခိုက်မှုနောက်ပိုင်း မြောင်မြို့ဝန်းကျင် မြောင်- ပရိမ္မလမ်းပေါ်ရှိ ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာသည်။
ဆွဲလွဲအိုရွာ လေကြောင်းတိုက်ခိုက်မှုမတိုင်မီ (ဩဂုတ်လ ၁၉ ရက်) တွင် မြောင်မြို့တောင်ဘက်ကပ်လျက်ရှိ လှေတင်ဦးရွာထဲ ဗုံးခြောက်ကြိမ်ကြဲခဲ့ရာ ပြည်သူ နှစ်ဦးသေဆုံးပြီး ၁၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“သူတို့ကိုလုပ်သွားရင် လုပ်သွားတဲ့အဖွဲ့အစည်းတွေ၊ လုပ်သွားတဲ့လူတွေကိုပဲ စုံစမ်းပြီးတော့ ဒါမျိုးတွေကို ပြန်တုံ့ပြန်တယ်ဆိုတာကတော့ ကျွန်တော်တို့ ရန်သူရန်သူချင်းဆိုတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ၊ လုပ်ရမယ့် ကိစ္စလို့ သတ်မှတ်တဲ့အတွက်ကြောင့်မလို့၊ အမှားအမှန်ကို ကျွန်တော်တို့အဲ့ဒီလောက်ကြီးထိ မပြောလိုဘူး။ဒါပေမဲ့ဒီလိုမျိုး အရပ်သားပြည်သူတွေပဲ သီးသန့်ရှိတဲ့ နေရာမျိုးတွေကိုပစ်မှတ်ထားပြီး လုပ်တာမျိုးကကျတော့ ဒါလူမဆန်တော့ဘူး” ကိုနွေဦးက မှတ်ချက် ပြုသည်။
တရားစခန်းကိုလေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပစ်မှတ်များ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် ဆွဲလွဲအိုရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်တပ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် စံညိုဝင်း၊ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
အမျိုးသားညီညွတ်ရေးအစိုးရပြောခွင့်ရ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ်ထားသော်လည်း တုံ့ပြန်ခြင်းမရှိသေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရ၏ အချက်အလက်များအရ အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဇူလိုင်လကုန်အထိ ငါးနှစ်ကျော်အတွင်း နိုင်ငံအနှံ့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ငါးထောင်ကျော် သေဆုံးပြီး၊ တစ်သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အရပ်ဘက်ပစ်မှတ်များဖြစ်သည့် ဘာသာရေးအဆောက်အအုံ ၇၈၀ ကျော်၊ စာသင်ကျောင်း ၅၀၀ ကျော်နှင့် ဆေးရုံဆေးခန်း ၁၀၀ ကျော် ပျက်စီးခဲ့ရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ သီတင်းကျွတ်လပြည့်ညတွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဘုံတိုရွာတွင် ဆီမီးသပိတ်ကျင်းပနေသည့် လူအုပ်ကြားထဲ လေကြောင်းမှဗုံးကြဲမှုကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ နှစ်ဒါဇင်ကျော်သေဆုံးခဲ့ရသည်။
စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပုံစံပြောင်းလဲလာပြီး မြေပြင်အခြေအနေ၊ အတွေ့အကြုံနှင့် ပစ် မှတ်အနေထားပေါ်မူတည်၍ ပစ်မှတ်နေရာကို ဖြတ်ကျော်ပြီးမှ ပြန်ဝဲပြီးပစ်ခတ်သည့် လှည့်စားမှုမျိုးအပါအဝင် ပုံစံမျိုးစုံကို အသုံးပြုလာကြောင်း CDM စစ်သားများဖြင့် ဖွဲ့စည်းထားသော မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) မှ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက သုံးသပ်သည်။
“ ဒါကြောင့် အခု (ဆွဲလွဲအို) ဘုန်းကြီးကျောင်းဝင်းကို တိုက်တဲ့နေရာမှာလည်း ပစ်မှတ်တနေရာတည်းကို ရှုထောင့်နှစ်ခုလောက်ကနေပြီးတော့ ကြဲတဲ့ပုံစံမျိုးကျင့်သုံးတယ်။ တပြိုင်တည်းကြဲတာထက် စာရင် ပစ်မှတ်ကိုထိရောက်မှု ၊ ပြင်းထန်ထိရောက်မှု ပိုပြီးသက်ရောက်စေရန်အတွက် ဒါမျိုးကျင့်သုံး တဲ့အနေထားမျိုးပေါ့။ ဒီရည်ရွယ်ချက်နဲ့ ဒီစစ်နည်းဗျူဟာနဲ့ကျင့်သုံးတဲ့ပုံစံမျိုးဖြစ်နိုင်တယ်လို့တော့ ယူဆပါတယ်”ဟု ကိုနောင်ရိုးက မှတ်ချက်ပြုသည်။



