အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေသည့် ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သော ဂွမြို့နယ် မှ ဒေသခံအများအပြား နယ်မြေချင်း ထိစပ်နေသော ဧရာဝတီတိုင်းဘက်သို့ စစ်ဘေးရှောင်ကြရာ နေရာသစ်တွင် စစ်ကောင်စီ၏ အသေးစိတ်စစ်ဆေးမှု၊ တည်းခိုနေထိုင်ခွင့်ရရန် ခက်ခဲမှုတို့နှင့် ရင်ဆိုင်နေကြရသည်။
ဂွမြို့နယ်တွင် သြဂုတ် ၁၀ ရက်နေ့တွင် တိုက်ပွဲအစပြုခြင်း ဖြစ်ပြီး ဒေသခံတို့က ကပ်လျက် တည်ရှိသည့်၊ AA တပ်ဖွဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်သည့်၊ မိုင် ၄၀ ဝေးကွာသည့် သံတွဲမြို့နယ်ဘက်သို့ သွားရောက်ခိုလှုံရန် အခြေအနေ မပေးသဖြင့် ဧရာဝတီတိုင်းဘက်သို့ တိမ်းရှောင်ကြခြင်း ဖြစ်သည်။
ထိုသို့ တိမ်းရှောင်စဉ် စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “စီမံစာ” ဟု ခေါ်သည့် တံဆိပ်တုံး ပါသော စာရွက်စာတမ်းပြသနိုင်မှ ဧရာဝတီတိုင်းဘက်ကို ဖြတ်သန်းသွားလာခွင့် ရကြသည်ဟု ယခုလဆန်းက နေရပ်စွန့်ခွာလာခဲ့သော ဂွဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
AA နှင့် ဆက်စပ်မှု သံသယဖြင့် ဒေသခံအများအပြားကို ဖမ်းဆီးနေသည့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ၄ ခုထက်မနည်း ကျော်ဖြတ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။
“ဆိုင်ကယ်နဲ့ဆို သိပ်မစစ်ဘူး။ ကားနဲ့ လူများရင်၊ အထုတ်အပိုးတွေပါရင်တော့ တော်တော်စစ်တယ်”ဟု ၎င်းက ပြောပြသည်။
လိုအပ်လျှင် အချိန်မရွေး နေရပ်ပြန်နိုင်ရန်အတွက် နေအိမ်နှင့် များစွာမဝေးသည့် ဒေသတွင် အိမ်ငှားနေထိုင်ကြကြောင်း ၎င်းက ဆိုသည်။
“အိမ်က ထားခဲ့ရတာ။ ခိုးတဲ့သူတွေရှိတော့ နှစ်နာရီလောက် ဆိုင်ကယ်မောင်းပြန်လာလို့ရတာမို့ ဧရာဝတီကို ပြောင်းကြတာ” ဟု ၎င်းက ဆက်ပြောသည်။
ဂွဒေသခံအများစု ရေကြည် ၊ ငါးသိုင်းချောင်း၊ အသုတ်၊ ကျုံပျော်၊ ပုသိမ်၊ ဟင်္သာတနှင့် သာပေါင်းမြို့နယ် များသို့ သွားရောက် ခိုလှုံကြသည်။
စစ်ကောင်စီထိန်းချုပ်သည့် မြို့နယ်များ၏ ထုံးစံအတိုင်း နေရာသစ်တွင်လည်း စစ်ရှောင်လာသူများ ဧည့်စာရင်း မဖြစ်မနေ တိုင်ကြားရကြောင်း ဂွဒေသခံ အမျိုးသား နောက်တစ်ဦးက ဆိုသည်။
“ဒီရောက်တာနဲ့ အုပ်ချုပ်ရေးမှူးကို ဧည့်စာရင်း တိုင်နေရတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်နေသည့် ရခိုင်ပြည်နယ်အတွင်း AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ စသည့်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။
၂၀၂၃ နှစ်ကုန်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ စစ်ကောင်စီကို စစ်ကြေညာပြီး အစပြုခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ထိုမြို့များကို သိမ်းလိုက်ခြင်း ဖြစ်သည်။တိုက်ပွဲများကြောင့် ရခိုင်ဒေသခံ သိန်းချီ နေရပ်စွန့်ကာ ထွက်ပြေးနေကြရသည်။
ရခိုင်ဒေသခံ အများအပြားသည် တိုက်ပွဲများနှင့် ဝေးရာ ရန်ကုန်၊ နေပြည်တော်၊ ဧရာတီတိုင်း စသည့် ဒေသများသို့ ပြောင်းရွှေ့သွားကြသည်။
နေရာသစ်ရှိ အခက်အခဲ
ဖျာပုံမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးပိုင်းက စစ်ရှောင်များကို သံသယဖြင့် စောင့်ကြည့်နေကြကြောင်း၊ ကျေးရွာတစ်ရွာဆိုလျှင် အုပ်ချုပ်ရေးမှူးက ရခိုင်ဒေသခံများကို ရွာထဲ ဝင်ခွင့် မပြုကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာက ကျောင်းထိုင်ဆရာတော်ရဲ့အမျိုးတွေတောင်၊ ဘုန်းကြီးကျောင်းမှာပဲထားမယ်ပြောတာတောင် အုပ်ချုပ်ရေးမှူးက အလာမခံတာမျိုးတွေရှိတယ်” ဟု ၎င်းက ပြောသည်။
ထိုသူက ရွာအမည်ကို လုံခြုံရေးအခြေနေအရ ထုတ်ဖော်ပြောလိုခြင်းမရှိပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်စစ်ရှောင်များကို ပုံမှန်ထက် ပိုမို စစ်ဆေးကြောင်း၊ အထောက်အထား အပြည့်အစုံ ပြနိုင်သူကိုလည်း လက်ဖက်ရည်ဖိုးတောင်းသည့်ပုံစံဖြင့် ပိုက်ဆံ သောင်းဂဏန်းခန့် တောင်းလေ့ရှိကြောင်း ၎င်းက ဆိုသည်။
ငွေတောင်းသည်ဟူသော ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင်မူ ဧရာဝတီတိုင်းသို့ ရခိုင်စစ်ရှောင်များ ဝင်ရောက်လာမှုကို တင်းကျပ်စွာ စစ်ဆေးသင့်ပြီး AA တပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်မှုများ ရှိ၊ မရှိကို ရှာဖွေသင့်ကြောင်း လှုံ့ဆော်ရေးသားနေကြသည်။
ရခိုင်စစ်ရှောင်များ ဧရာဝတီဘက်သို့ ရောက်လာသဖြင့် စစ်မီးကူးစက်မည်ကို စိုးရိမ်ခြင်း မရှိကြောင်း ဟင်္သာတဒေသခံတစ်ဦးက ပြောသည်။
“သူတို့ ရောက်လာလို့ စစ်ပွဲက ရောက်လာတာမှ မဟုတ်တာ၊ တစ်နိုင်ငံလုံး တိုက်ပွဲ ဖြစ်နေတာ …လာလည်း မိုးပြိုအများပဲ၊ ကြောက်မနေတော့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်သူတို့ အိမ်ငှားခကြီးမြင့်မှုနှင့် ရင်ဆိုင်နေရပြီး ယခင်က တစ်လ ကျပ်ငါးသောင်းသာရှိသည့် ရေကြည်နှင့် ငါးသိုင်းချောင်းမြို့ရှိ အိမ်ငှားခသည် ကျပ်တစ်သိန်းကျော် ဖြစ်လာသည်ဟု စစ်ရှောင် အမျိုးသားနောက်တစ်ဦးက ပြောသည်။
ဂွမြို့နယ်တွင် ကျန်ရစ်ခဲ့သူတို့မှာ တိမ်းရှောင်ရန် ငွေကြေးမတတ်နိုင်သည့် အခြေခံလူတန်းစားများ၊ ပစ္စည်းခိုးခံရမည်ကို စိုးရိမ်သဖြင့် နေအိမ်ကို စောင့်ရှောက်နေသူများ ဖြစ်သည်ဟု သိရသည်။
ရခိုင်တောင်ပိုင်းနှင့် နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းတွင် တော်လှန်ရေးပြောက်ကျားအခြေစိုက် အဖွဲ့တချို့သာ ရှိပြီး စစ်ကောင်စီ အားကောင်းသည့် ဒေသဖြစ်သည်။
ယခုနှစ် ဧပြီလဆန်းပိုင်းတွင် ရခိုင်တောင်ပိုင်းသို့ စစ်မီးကူးစက်လာခဲ့ပြီး တောင်ကုတ်၊ သံတွဲ နယ်စပ်တွင် တိုက်ပွဲများ စတင်ခဲ့သည်။
ထို့နောက် သံတွဲမြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာကာ သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများ အားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုကို ဇူလိုင်လအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
သံတွဲမြို့နယ်တစ်ခုလုံး သိမ်းပိုက်ရန် အဓိကကျသည့် မောင်ရွှေလေးရေတပ်စခန်းကို AA က တိုက်ခိုက်လျက် ရှိသည်။
ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ဒေသများမှာ ပြည်နယ်မြို့တော် စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့ ဖြစ်သည်။
AA သည် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့တွင် အပြင်းအထန် ထိုးစစ်ဆင်နေသလို အမ်းမြို့နယ် တစ်ခုလုံးကို ပိတ်ဆို့ထားသည်။
ဂွမြို့၏ မြောက်ဘက်တွင် ရခိုင် သံတွဲမြို့၊ အရှေ့ဘက်တွင် ဧရာဝတီတိုင်း အင်္ဂပူ၊ ရေကြည်၊ လေးမျက်နှာ မြို့နယ်၊ တောင်ဘက်တွင် သာပေါင်းမြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်ရှိကာ မော်တင်စွန်းကို ကွေ့၍ ငဝန်မြစ်အတိုင်း ဆန်တက်လျှင် ပုသိမ်မြို့သို့ ရောက်ရှိသည်။
ဂွမြို့နယ်တွင် ကျိန္တလီမြို့နှင့် ဂွမြို့တို့ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ အစိုးရစာရင်းများအရ စုစုပေါင်း လူဦးရေမှာ ၆၅,၀၀၀ ကျော် ဖြစ်သည်။
သံတွဲ-ဂွ- ငါးသိုင်းချောင်း- ရန်ကုန် အဝေးပြေးလမ်းပေါ်ရှိ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သည့် ဂွမြို့နယ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဝန်ကြီးချုပ် ဦးညီပု၏ မဲဆန္ဒနယ် ဖြစ်သည်။