လေ့လာသုံးသပ်ချက်

စစ်ရှုံးနေသော မင်းအောင်လှိုင်၏ ရွေးကောက်ပွဲထွက်ပေါက်နှင့် ဆင်ခြေအမျိုးမျိုး

သမ္မတဖြစ်လိုသော၊ စစ်ရှုံးနေသော မင်းအောင်လှိုင်က ၎င်းတို့၏ အမာခံနယ်မြေများတွင်သာ ရွေးကောက်ပွဲလုပ်ရန် လေသံပစ်လာသည်၊ ထိုသို့လုပ်ရန် ဖိအားပေးခံနေရခြင်းလည်း ဖြစ်နိုင်သည်။

၂၀၂၀ ရွေးကောက်ပွဲကြီးသည် အားနည်းချက်တချို့ ရှိခဲ့သော်လည်း လွတ်လပ်မျှတသော ရွေးကောက်ပွဲအင်္ဂါရပ်ကို မထိခိုက်ကြောင်း နိုင်ငံတကာနှင့် ဒေသတွင်း စောင့်ကြည့်လေ့လာသူများက တညီတညွတ်တည်း ထုတ်ပြန်ကြေညာခဲ့သော်လည်း၊ မင်းအောင်လှိုင်က မဲစာရင်းမှားနေသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် အာဏာရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ မဲမသမာမှုကျူးလွန်သည်ဟု စွပ်စွဲပြီး၊ အာဏာသိမ်းခဲ့သည်။

ထိုစဉ်ကတည်းက စစ်တပ်သည်သာလျှင် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သူ (Guardian) ဖြစ်ပြီး၊ တရားမျှတသော ရွေးကောက်ပွဲများကို စစ်တပ်ကသာလျှင် ကျင်းပပေးနိုင်စွမ်းရှိသည်၊ သို့ဖြစ်၍ အရေးပေါ်ကာလ ပြီးဆုံးပါက ယခင် ရွေးကောက်ပွဲများထက် သာလွန်သော ရွေးကောက်ပွဲအသစ် ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွန်ခဲ့သော ၃နှစ် ကျော်ကာလအတွင်း လူသိရှင်ကြား အမျိုးမျိုး ပြောဆိုလာခဲ့သည်။

ယခုနောက်ဆုံး မတ်လ ၁၈ ရက်နေ့တွင် ရုရှားအစိုးရပိုင် TASS သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုအတွင်း ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်သည် စစ်တပ် ထိန်းချုပ်ထားနိုင်သော မြို့များတွင် အပိုင်းလိုက် ဦးစွာကျင်းပမည် ဆိုသည့်သဘော ပြောလာသည်။

“မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့ လုပ်ပါမယ်၊ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည် တည်ငြိမ်မှုကောင်းပြီ ဆိုတာနဲ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု မင်းအောင်လှိုင်က TASS သတင်းဌာနကို ပြောကြားခဲ့သည်။

ဤနေရာတွင် လွန်ခဲ့သော ၃ နှစ်အတွင်း ကျင်းပခဲ့သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးများတွင် မင်းအောင်လှိုင် အစဉ်တစိုက်ပြောခဲ့သော ရွေးကောက်ပွဲကို “တစ်နိုင်ငံလုံး အကြားအလပ်မရှိ” ကျင်းပမည် ဆိုသည့် စကားရပ်မှ သိသိသာသာ ကွဲလွဲလာခြင်းကို သတိပြု လေ့လာမိသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ပဥ္စမ (၆) လ အရေးပေါ်ကာလ သက်တမ်းတိုးချိန် ကာလုံအစည်းအဝေးတွင် “မိမိတို့အစိုးရအနေဖြင့် နိုင်ငံအတွင်း အကြားအလပ်မရှိ ပါတီစုံ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဟု မင်းအောင်လှိုင် ပြောခဲ့သေးသည်။

အလားတူ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ စတုတ္ထ (၆) လ အရေးပေါ်ကာလ သက်တမ်းတိုးချိန် ကာလုံအစည်းအဝေးတွင် “နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အကြားအလပ်မရှိ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ပင် ဖြစ်ပါကြောင်း” ဟုလည်း ပြောခဲ့ဖူးသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ တတိယ (၆) လ အရေးပေါ်ကာလ သက်တမ်းတိုးချိန် ကာလုံအစည်းအဝေးတွင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲများကျင်းပရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရမည့် လိုအပ်ချက်ဖြစ်ကြောင်း အောက်ပါအတိုင်း ပြောဆိုခဲ့ဖူးသည်။

“ရွေးကောက်ပွဲသည် ၅ နှစ် တစ်ကြိမ်ပြုလုပ်ရသည့် အထွေထွေရွေးကောက်ပွဲဖြစ်ပြီး အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်ရမည့် အခြေအနေဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များကို ဖွဲ့စည်းပြီး၊ ၎င်းအဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်သမ္မတ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် စသည့် အစိုးရအဖွဲ့ အကြီးအကဲများကို ရွေးချယ်ရခြင်းကို တစ်ပြိုင်တည်းဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထွေထွေရွေးကောက်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် တစ်ပြိုင်တည်း လုပ်ဆောင်ရန် လိုအပ်ပါကြောင်း” ဟု မင်းအောင်လှိုင် ပြောဆိုခဲ့သည်။

ထိုသို့ အစည်းအဝေးတိုင်းတွင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲများကျင်းပမည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့ရသည့် အကြောင်းရင်း မင်းအောင်လှိုင်တွင် ရှိနေပါသည်။

စစ်တပ်နှင့် စစ်တပ်ကြောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးစီးကျင်းပခဲ့သော ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို တစ်နိုင်ငံလုံး မဲဆန္ဒနယ်မြေ ၃၃၀ ရှိသည့်အနက် ၃၂၅ နှင့် ၃၂၃ နယ်မြေ အသီးသီးတွင် ကျင်းပနိုင်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဦးစီးကျင်းပ သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၃၁၅ နယ်မြေတွင်သာ ကျင်းပနိုင်ခဲ့သည်။

ထို့အပြင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် NLD က မဲလိမ်မဲခိုးပြီး မသမာသောနည်းလမ်းဖြင့် အနိုင်ရရှိအောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲချက်များဖြင့် ထိုရွေးကောက်ပွဲကို အသရေဖျက်ရုံမက၊ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲများတွင် မဲဆန္ဒနယ်မြေ အနည်းဆုံး ဖြစ်ခဲ့သောကြောင့် ပြည်သူများ၏ ဒီမိုကရေစီအခြေခံရပိုင်ခွင့်ဖြစ်သော မဲပေးပိုင်ခွင့်များဆုံးရှုံးခဲ့ရသဖြင့် ဒီမိုကရေစီစံနှုန်းမမီသော ရွေးကောက်ပွဲတစ်ခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရကို ပြစ်တင်ရှုတ်ချ အရှက်ခွဲခဲ့သည်။

ဤသို့ ပြောဆိုချက်များကို အရေးပေါ်သက်တမ်းကာလ တိုးမြှင့်သည့် ကာလုံအစည်းအဝေးများ၊ စစ်ကောင်စီအစည်းအဝေးများနှင့် တစ်နှစ်တစ်ကြိမ်ကျင်းပသော စစ်ရေးပြအခမ်းအနားများတွင် စစ်တပ်က အာဏာသိမ်းခဲ့ရခြင်းအပေါ် တရားထူထောင်ရန် မင်းအောင်လှိုင် အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

ထို့အပြင် ၎င်းကိုယ်တိုင်ဦးဆောင်သော စစ်ကောင်စီက လာမည့် အထွေထွေရွေးကောက်ပွဲများကို ကျင်းပရာတွင် ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့်မတူ “တစ်နိုင်ငံလုံး အကြားအလပ်မရှိ” ကျင်းပမည်ဟု အကြိမ်ကြိမ် ကြွားလုံးထုတ် ပြောဆိုခဲ့သည်။

သို့သော် မင်းအောင်လှိုင် လက်တွေ့ရင်ဆိုင်နေရသော လက်ရှိအခြေအနေအရ ရွေးကောက်ပွဲအသစ်ကို အပိုင်းလိုက် ကျင်းပမည်ဆိုပါက NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ် ၃၁၅ နေရာထက် များစွာလျော့နည်းသည့် အခြေအနေဖြင့် ကျင်းပရဖွယ် ရှိနေပါသည်။ ရှက်ဖွယ်အလီလီ ပါပဲ။

ရွေးကောက်ပွဲ မဖြစ်မနေကျင်းပရန် ဖိအားများရှိနေပြီလား

TASS သတင်းဌာနကို မင်းအောင်လှိုင်၏ ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုချက်သည် ယခင်ကာလုံအစည်းအဝေးများတွင် ပြောကြားခဲ့သော စကားများနှင့် လုံးဝ ဆန့်ကျင်ကွဲလွဲနေရခြင်းမှာ အဘယ်ကြောင့်နည်း။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံအစည်းအဝေး ဆိုသည်မှာ နိုင်ငံတွင် အရေးပေါ်အခြေအနေတွင် ခေါ်ယူကျင်းပရသော အဆင့်မြင့်ဆုံးအစည်းအဝေးဖြစ်ပြီး၊ ထိုအစည်းအဝေးအတွင်း ပြောဆိုချက်များကို မှောက်ချီလှန်ချီ လုပ်၍မရပေ။ (စာကြွင်း – စစ်အာဏာရှင်စနစ်ဆန့်ကျင်သော တော်လှန်ရေးအင်အားစုများက ထိုခြေ/ဥကို အကြွင်းမဲ့လက်မခံကြပါ။)  

ထို့ကြောင့် မင်းအောင်လှိုင်၏ ရှေ့နောက်မညီ အမျိုးမျိုးပြောဆိုနေမှုများက စစ်အာဏာရှင်တို့၏ စရိုက်လက္ခဏာအတိုင်း ၎င်းတို့ နှုတ်ကပြောသမျှ “အမိန့်အာဏာ” ဖြစ်သွားသည့် ပြောဆိုခြင်းမျိုးလား၊ သို့တည်းမဟုတ် ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မဆို မဖြစ်မနေကျင်းပရန် ၎င်းတွင် ဖိအားများရှိနေပြီလား၊ အဆိုပါ ဖိအားများ မည်သည့်အရပ်က လာနေသနည်း အလေးထား သုံးသပ်ရန် ဖြစ်လာပါသည်။

လက်တလော စစ်ကောင်စီ၏ ပကတိအခြေအနေကို လေ့လာရာတွင် နိုင်ငံအနှံ့ စစ်မျက်နှာတိုင်းတွင် မရှုမလှ စစ်ရှုံးနေပြီး၊ ၎င်းတို့ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်စွမ်းရှိသော နယ်မြေများ တဖြည်းဖြည်း ကျုံ့ဝင်လာနေသည်ကို တွေ့နေရသည်။

ရလဒ်အနေဖြင့် အာဏာသိမ်းစဉ်ကတည်းက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ပြန်လည် ကျင်းပပြီး အနိုင်ရသည့်ပါတီကို အာဏာပြန်လွှဲပေးမည်ဟု ကမ္ဘာသိ ကြေညာထားသော စစ်ကောင်စီသည် အချိန်ကြာလာသည်နှင့်အမျှ တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲများ တစ်ပြိုင်နက်တည်း ကျင်းပနိုင်သော အခြေအနေနှင့် ဝေးကွာလာပြီး၊ ၎င်းတို့၏အာဏာတည်မြဲရေးအတွက် ကျားကုတ်ကျားခဲ ခုခံကာကွယ်နေရသည့် အခြေအနေကို တဖြည်းဖြည်း ဆိုက်ရောက်နေပြီ ဖြစ်သည်။

အဆိုပါ ပကတိအခြေအနေကပင်လျှင် စစ်ကောင်စီအဖွဲ့အတွင်း မင်းအောင်လှိုင်၏ ဦးဆောင်မှုအပေါ် မေးခွန်းထုတ်မှုများ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ရှိလာရာမှ၊ ၎င်းအပေါ် ဖိအားများရှိလားသလား စဉ်းစားစရာ ဖြစ်ပါသည်။

အခြားဖြစ်နိုင်ခြေမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ စနစ်တကျ ဟန်ချက်ညီထိုးစစ်များ တစ်လှိုင်းပြီးတစ်လှိုင်း ပေါ်ပေါက်လာရာ၊ စစ်တပ်သည် နှစ်ပေါင်း ၅၀ အတွင်း မကြုံဖူးသော စစ်ရှုံးနိမ့်မှု၊ နယ်မြေများစွာ လက်လွတ်ဆုံးရှုံးသွားသည့် အခြေအနေတို့နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ထိုစစ်ဆင်ရေးများကြောင့် နယ်စပ်ဒေသရှိ တပ်စခန်းများတွင် တပ်စွဲထားသော ရာနှင့်ချီသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လက်နက်များနှင့်အတူ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများထဲသို့ နယ်မြေကျူးကျော်ဝင်ရောက် ထွက်ပြေးခဲ့ကြသည့် ဖြစ်စဉ်များ ခပ်စိပ်စိပ် ဖြစ်ပေါ်လာခဲ့သည်။ တရုတ်နိုင်ငံသည် ကိုဗစ်ကပ်ဘေးကာလအတွင်း မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးများကာရံခဲ့သဖြင့် ထိုကဲ့သို့ မကြုံရသော်လည်း၊ မြန်မာနှင့်ကုန်သွယ်နေသော နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးနီးပါး ပိတ်လိုက်ရသည်။

ထို့အခြေအနေတွင် အိမ်နီးချင်းနိုင်ငံများ အစဉ်အလာအရ လက်ခံထားခဲ့သော “မြန်မာစစ်တပ်သည် နိုင်ငံမပြိုကွဲရန် စုစည်းထားနိုင်သော တစ်ခုတည်းသော အဖွဲ့အစည်း” ဆိုသည့် ယူဆချက်များ မှန်ကန်နေသေးသလား ဆိုသည့် သံသယ စတင်ဝင်ရောက်စ ပြုလာနိုင်ပါသည်။

အဆိုပါ သံသယနောက်ကွယ်တွင် စစ်တပ်ပြိုလဲပါက မြန်မာနိုင်ငံလည်း ပြိုကွဲနိုင်ခြေရှိသည်၊ ထိုသို့ဖြစ်လာပါက ၎င်းတို့နယ်စပ်ဒေသများ လုံခြုံရေးအခြေအနေသည် လက်ရှိကာလထက် များစွာ ထိန်းချုပ်ရခက်ခဲသော အခြေအနေသို့ ဦးတည်သွားမည်ဟု အိမ်နီးချင်းနိုင်ငံများ စိုးရိမ်လာနိုင်သည်။

မူလကတည်းက တရုတ်၊ အိန္ဒိယ၊ ထိုင်း အစိုးရများနှင့် စစ်တပ်များသည် မြန်မာစစ်တပ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး ရှိခဲ့ကြပါသည်။ အထူးသဖြင့် တရုတ်အစိုးရသည် စစ်ကောင်စီအပေါ် ဩဇာရှိပြီး၊ တရုတ်နယ်စပ်အနီး ကိုးကန့်ဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင် ဖြစ်ပွားခဲ့သော စစ်ပွဲများရပ်တန့်ရန် ကြားဝင်ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ ယနေ့ကြုံတွေ့နေရသော နိုင်ငံရေးပြဿနာများကို မြန်မြန်ဆန်ဆန် ဖြေရှင်းကျော်လွှားနိုင်ရန် အာဏာသိမ်းမှုကို အဆုံးသတ်ပြီး၊ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိမ်နီးချင်းနိုင်ငံများက ဖိအားပေးတိုက်တွန်းမှုများ ရှိနေသလား စဉ်းစားစရာ ဖြစ်ပါသည်။

အာဏာသိမ်းအစိုးရထက် ရွေးကောက်ခံအစိုးရကိုသာ ဆက်ဆံကြသော ကမ္ဘာ့ဓလေ့

၂၀၀၈ ခြေ/ဥ ကို အားထား၍ စစ်တပ်ကသာ အာဏာချုပ်ကိုင်ထားမည့် နိုင်ငံရေးအပြောင်းအလဲကို လုပ်ခဲ့သော ယခင်အာဏာရှင်ဟောင်း သန်းရွှေ၏အမှား၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လူထုက ၎င်းတို့ကို သောင်ပြိုကမ်းပြိုထောက်ခံမဲပေးခဲ့ပြီဟု ယုံကြည်လျက် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်နှင့် ပြုပြင်ပြောင်းလဲရေးအမည်ခံ စစ်ဗိုလ်တစ်သိုက်တို့၏ ဒေါ်ဆောင်ဆန်းစုကြည်နှင့် NLD ကို နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ထဲ ဆွဲသွင်းခဲ့ပြီး၊ ၂၀၀၈ ခြေ/ဥ နှင့် ဘောင်ခတ်ချုပ်နှောင်ထားလိုက်မည်ဟူသော အတွက်အချက်အမှားတို့ကို မင်းအောင်လှိုင် သင်ခန်းစာယူထားပြီး ဖြစ်သည်။

ထို့ကြောင့် နောက်ထပ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပါကလည်း ပြည်သူအများစုထောက်ခံမှု မရရှိနိုင်သော စစ်တပ်ပါတီ  သေချာပေါက်အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲကျင့်သုံးရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

အကယ်၍သာ စီစဉ်ထားသည့်အတိုင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ – ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုများ အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဆိုပါက၊ ရရှိလာသော လူဦးရေစာရင်းအရ မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားနိုင်ပါသည်။ စင်စစ် ထိုနှစ် ထိုလသည် ၅ နှစ်တစ်ကြိမ် ပုံမှန်ကျင်းပရမည့် အထွေထွေရွေးကောက်ပွဲများ ကျင်းပရန် အချိန်ကာလလည်း ဖြစ်သည်။

နိုင်ငံတကာအစိုးရများသည် အာဏာသိမ်းအစိုးရထက် ရွေးကောက်ခံအစိုးရများကိုသာ ဆက်ဆံကြသည်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် မသိဘဲ မရှိပေ။ အာဏာသိမ်းခဲ့သည့် ၃ နှစ်အတွင်း သူ့ကို နိုင်ငံအကြီးအကဲအဖြစ် ဖိတ်ကြားကာ ကော်ဇောနီခင်းပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသောနိုင်ငံ လုံးဝမရှိခဲ့သည်က သက်သေပင်။

ကမ္ဘာ့ဓလေ့အရလည်း အတိုက်အခံပြိုင်ဘက်မရှိ ကျင်းပသော ရွေးကောက်ပွဲများ၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲများမှ တက်လာသော အစိုးရများကိုပင်၊ အာဏာသိမ်းအစိုးရများထက် အသိအမှတ်ပြု ဆက်ဆံကြသည်။

ထို့ကြောင့် ၎င်းစိတ်တိုင်းကျ ရွေးကောက်ပွဲ စီမံကျင်းပနိုင်ရန် အစစအရာရာ ပြင်ဆင်ထားသော မင်းအောင်လှိုင်သည် ထိုရွေးကောက်ပွဲကို ယခုအခါ အမြန်ဆုံးကျင်းပချင်ပေလိမ့်မည်။ သို့မှသာ အာဏာသိမ်း စစ်ခေါင်းဆောင်ဘဝမှ ကျွတ်လွတ်ပြီး၊ ကာလကြာရှည် အိမ်မက်မက်ခဲ့သော ရွေးကောက်ခံသမ္မတ ဖြစ်ရန် လမ်းပွင့်ပေလိမ့်မည်။

သို့သော် ပြဿနာမှာ ၎င်းကိုယ်တိုင် မဲလိမ်မဲခိုးခဲ့ပါသည်ဟု စွပ်စွဲခဲ့သော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို နိုင်ငံတကာအစိုးရများက စာနာမှု၊ ယုံကြည်မှုနှင့် ထောက်ခံပံ့ပိုးမှု အမျိုးမျိုး ပေးနေခြင်း ဖြစ်သည်။

အကယ်၍ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) များက တစ်ပိုင်းတစ်စ ဒီမိုကရေစီလွတ်လပ်ခွင့်ကို အသက်ပေးကာကွယ်ရန် ဆုံးဖြတ်ချက်ဖြင့် ၎င်းတို့နယ်မြေများထဲ ရောက်ရှိလာသော Generation Z လူငယ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အဖြစ် စနစ်တကျ လေ့ကျင့်၊ ဖွဲ့စည်း၊ လက်နက်တပ်ဆင်ပေးခဲ့ခြင်း မရှိဘဲ၊ ၎င်းတို့၏ ဟန်ပြငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ခဲ့လျှင်၊ ယခုအချိန် သူ သမ္မတဖြစ်နေလောက်ပြီဟု မင်းအောင်လှိုင် မချိတင်ကဲ ဖြစ်နေနိုင်ပါသေးသည်။

ထိုစိတ်သောကများ၏ စေ့ဆော်မှုကြောင့် စိတ်ဖိစီးနေသော မင်းအောင်လှိုင်သည် သဘာဝဓမ္မအရ ရရှိလာသော စိတ်ဖိအားကြောင့် ကမ္ဘာကြီးက ဝိုင်းဝန်းဖယ်ကြဉ်ခံထားရသော အခြေအနေကို အဆုံးသတ်ရန် ရသည့်နည်းဖြင့် ရွေးကောက်ပွဲကို “အပိုင်းလိုက်” ကျင်းပရန် ကြံစည်နေခြင်းလား ဆင်ခြင်စရာ ဖြစ်လာပေသည်။

ရုရှားနှင့် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံများ၊ အခြားအိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံတချို့က ထိုရွေးကောက်ပွဲကို အသိအမှတ်ပြုနိုင်ပါသည်။ အာဆီယံအသင်းကြီးပင်လျှင် သဘောထားပြောင်းနိုင်သည်ဟု မင်းအောင်လှိုင် မျှော်လင့်နိုင်ပါသည်။

သို့သော် TASS ကို ပြောခဲ့သည့်အတိုင်း ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခြင်းမပြုဘဲ၊ စစ်တပ်ထိန်းချုပ်နိုင်သော နိုင်ငံ၏နယ်မြေဒေသ တချို့တွင်သာ ရွေးကောက်ပွဲကျင်းပပါက ယင်းသည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ရုံမျှမက၊ ပိုမိုရှုပ်ထွေးသော အခြေအနေတစ်ရပ်ဆီသို့ ဦးတည်သွားနိုင်ပါသည်။

တစ်နည်းအားဖြင့် စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး ရွေးကောက်ပွဲကျင်းပရန် လိုအပ်ချက်နှင့် နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာများဖြေရှင်းရေး ရွေးကောက်ပွဲကျင်းပရန် လိုအပ်ချက် ထပ်တူမကျပါ။

အဆိုးရွားဆုံးဖြစ်လာနိုင်သော အခြေအနေမှာ စစ်တပ်က တစ်ဖက်သတ် အတင်းအကျပ် ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် ၎င်းတို့၏ တိုင်းရင်းသားနယ်မြေများကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များသည် လွတ်လပ်သော အစိုးရများနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေများ သီးခြားခွဲထွက် ထူထောင်လာနိုင်ပြီး၊ ပို၍စေ့စပ်ရန် အလှမ်းကွာဝေးသော အခြေအနေတစ်ရပ်ဆီ ဦးတည်နိုင်ပါကြောင်း လေ့လာသုံးသပ်မိပါသည်။

Show More

Related Articles

Back to top button