အတွေးအမြင်

စစ်တပ်ခေါင်းဆောင်မှု ပြောင်းလဲရေး အလားအလာ

မင်းအောင်လှိုင်သည် နိုင်ငံရေးထွက်ပေါက်ရှိနေသေးသော်လည်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရန် ဆက်လက်ချီတက်နေဆဲဖြစ်သည်ဟု ထိပ်တန်းစစ်အရာရှိဟောင်းတစ်ဦးက ပြောသည်။

အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဆုတ်ယုတ်လာမှုများကြောင့် စစ်တပ်သည် “တပ်ပြိုလဲခံမည်လား၊ တပ်ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်မည်လား” ဆိုသည်ကို ရွေးချယ်ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း တပ်တွင်းအခြေအနေများနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း Myanmar Now က ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုခွင့် ရရှိခဲ့သော စစ်တပ်၏ ထိပ်တန်းစစ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပြောဆိုလာပါသည်။

အဆိုပါ ထိပ်တန်းစစ်အရာရှိဟောင်း၏ ဆွေးနွေးသုံးသပ်ပြောဆိုမှုများထဲမှ အလေးထားသင့်သည့် အချက်များကို ထုတ်နုတ်ပြီး စစ်တပ်၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သုံးသပ်တင်ပြသွားပါမည်။

တပ်ချုပ်ရာထူးကို အရည်အချင်းအရ ရွေးချယ်ခဲ့ခြင်းမဟုတ်သည့် အခြေခံပြဿနာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့သည် အရည်အချင်းမရှိသော်လည်း ၎င်းတို့ထက် ဝါရင့်ပြီး အတွေ့အကြုံရှိသော ဗိုလ်ချုပ်ကြီးများကို ကျော်ဖြတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒု-ဦးစီးချုပ် ရာထူးနေရာများ ပေးအပ်ခံခဲ့ရသည်၊ လက်ရှိ ရင်ဆိုင်နေရသော အကျပ်အတည်းကို ဖြေရှင်းနိုင်သော အစွမ်းအစနှင့် အရည်အချင်း ၎င်းတို့တွင် ရှိမနေဟု အဆိုပါ ထိပ်တန်းစစ်အရာရှိဟောင်းက သုံးသပ်ထားပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်ဘက်နှင့်အရပ်ဘက် အာဏာခွဲဝေကျင့်သုံးသော အုပ်ချုပ်ရေးပုံစံသစ်ဖြင့် နိုင်ငံရေးအပြောင်းအလဲများကို ဦးဆောင်ပြုလုပ်ခဲ့သော တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် စစ်တပ်ခေါင်းဆောင်နေရာများကို ၂၀၁၁ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရွေးကောက်ခံ အစိုးရသက်တမ်းနှင့် ချိန်သားကိုက် ရွေးချယ်ခန့်အပ်ခဲ့သည်။

ပထမ ရွေးကောက်ခံအစိုးရသက်တမ်း ၅ နှစ်ပြည့်ချိန်တွင် ကာကွယ်ရေးဦးစီးချုပ်လည်း အသက် ၆၀ ပြည့်ပြီး တပ်မှအငြိမ်းစားယူလိမ့်မည်၊ ဒုတပ်ချုပ်က ဒုတိယရွေးကောက်ခံအစိုးရသက်တမ်း ၅ နှစ် ကာလတွင် တပ်ချုပ်ဖြစ်လာမည်ဟု တွက်ချက်ပြီးနောက် ထိပ်တန်းတပ်မှူးများထဲမှ ထိုအသက်အရွယ်နှင့် ကိုက်ညီသောသူ နှစ်ဦးကို အလေးထားရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ထို့ကြောင့် သမ္မတ ဦးသိန်းစိန်အစိုးရ၏ ၅ နှစ်သက်တမ်း စတင်ချိန် ၂၀၁၁ ခုနှစ်တွင် အသက် ၅၅ နှစ်ရှိသော မင်းအောင်လှိုင် (မွေးနေ့ ၁၉၅၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့) ကို တပ်ချုပ်၊ အသက် ၅၀ နှစ်ရှိသော စိုးဝင်း (မွေးနေ့ ၁၉၆၁ ခုနှစ် မတ်လ ၁ ရက်နေ့) ကို ဒုတပ်ချုပ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထိုအစီအမံကြောင့် တပ်ချုပ်ဖြစ်လာခဲ့သော မင်းအောင်လှိုင်သည် ထိုရာထူးရရှိချိန်ကတည်းက စစ်တပ်၏အမိန့်ပေးစနစ် တစ်ခုလုံး ၎င်း၏လက်ထဲတွင် အကြွင်းမဲ့ ထိန်းချုပ်ထားသည်၊ ဒုတပ်ချုပ် စိုးဝင်းမှာ တပ်နှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်မရှိသဖြင့်   မင်းအောင်လှိုင်ကို ဖယ်ရှားပြီး အာဏာယူမည် ဆိုသည့်သတင်းမှာ မဖြစ်နိုင်ဟု သုံးသပ်သည်။

ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်သည် ၎င်း၏ဆရာသမား ဦးသန်းရွှေထံ ပုံမှန်အဝင်အထွက် ပြုလုပ်ပြီး၊ တိုင်းပြည်အခြေအနေများကို အစီရင်ခံသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း၊ ယခု နောက်ဆုံးအခြေအနေမှာ ဦးသန်းရွှေထံ မသွားတော့ဘဲ ခပ်ခွာခွာနေလျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတစ်ဖွဲ့လုံးအပေါ် မကျေနပ်မှု အမြင့်ဆုံးဖြစ်ပေါ်နေ

အာဏာသိမ်းစဉ်ကတည်းက မင်းအောင်လှိုင်၏ ဦးဆောင်မှုနှင့်စပ်လျဉ်းပြီး တပ်တွင်းတပ်ပြင် စစ်တပ်ထောက်ခံသူများအကြား မေးခွန်းထုတ်ခဲ့ကြပြီး၊ ယနေ့အချိန်သည် ၎င်းအပေါ်တွင်သာမက စစ်ကောင်စီတစ်ဖွဲ့လုံးအပေါ် မကျေနပ်မှု အမြင့်ဆုံးသို့ ရောက်ရှိနေပြီဟု သိရပါသည်။

မင်းအောင်လှိုင် ဦးဆောင်မှုကို အားမရဘူး၊ စိုးဝင်း ဦးဆောင်မှုကို အားရတယ် ဆိုတာမျိုး မဟုတ်ဘဲ၊ စစ်ကောင်စီတစ်ဖွဲ့လုံး၏ ခေါင်းဆောင်မှုကြောင့် နိုင်ငံ၏နယ်မြေများ ပဲ့ပါသွားရုံမျှမက၊ ယခင်က တပ်ရင်းဌာနချုပ်အဆင့်သာ ကျသွားခြင်းမျိုး ရှိခဲ့ဖူးပြီး၊ ယခုအခါ အခြေချစစ်ဗျူဟာအဆင့်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အဆင့်အထိ ကျသွားခြင်းက စစ်တပ်သမိုင်းတွင် မကြုံခဲ့ဖူးသော ဖြစ်ရပ်များ ဖြစ်လာသဖြင့် ၎င်းတို့ကို အားမရခြင်းထက် မကြိုက်တော့သည်အထိ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ထိုအခြေအနေကို ကျယ်ကျယ်လောင်လောင်ပြောလျှင် ဒုက္ခပေးမည်ဖြစ်၍ စစ်တပ်အသိုင်းအဝန်းအတွင်း တိုးတိုးတိတ်တိတ်ဆွေးနွေးမှုမျိုးသာ လုပ်ရဲသည်ဟု ဆိုပါသည်။

မကြာသေးခင်က တပ်မြို့ဖြစ်သော ပြင်ဦးလွင်တွင် အမျိုးသားရေးအမည်ခံအုပ်စုက တပ်ချုပ်ရာထူးကို စိုးဝင်းလက်ထဲ လွှဲပေးရန် တောင်းဆိုခဲ့ကြသေးသည်၊ သို့သော်လည်း စိုးဝင်းသည်လည်း တပ်ထဲတွင် ပြောင်မြောက်သော လုပ်ဆောင်ချက်သမိုင်း၊ ထူးခြားသောစွမ်းရည် မရှိ၊ သူဦးစီးပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက် အောင်မြင်ခဲ့သော တိုက်ပွဲသမိုင်း မရှိ၊ မှီခိုအားထားလောက်စရာ ခေါင်းဆောင်မှုအရည်အချင်းမရှိဟု ဆိုသည်။

ပြန်လည်ဆန်းစစ်ကြည့်ပါက ၁၉၆၂ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း၊ ဒုတိယအကြိမ် စစ်အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တို့တွင် စစ်တပ်သည် ယနေ့အချိန်အခါလောက် အင်အားနှင့် စိတ်ဓာတ် ယိုင်နဲ့ကျဆင်းခြင်းမျိုး မရှိခဲ့ဘဲ၊ မင်းအောင်လှိုင်လက်ထက်မှ အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

 ဇန်နဝါရီ ၁၆ ရက်နေ့က ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲ။ (ဓာတ်ပုံ – ပေါက်ကိုယ်တော် FB)

မင်းအောင်လှိုင် အာဏာသိမ်းရခြင်းနောက်ကွယ်မှ အခြေခံအကြောင်းတရား

ဦးသန်းရွှေ၏အစီအမံအရလည်းကောင်း၊ တပ်တွင်းဥပဒေအရလည်းကောင်း မင်းအောင်လှိုင်သည် ၂၀၁၅ ခုနှစ် အလွန်တွင် အငြိမ်းစားယူရမည် ဖြစ်ပြီး၊ စိုးဝင်းက ၎င်း၏နေရာကို ဆက်ခံမည်ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်သည် တပ်ချုပ်ရာထူးကို မစွန့်လွှတ်လိုသည့်အတွက်၊ စစ်တပ်၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ကန့်သတ်ချက်များကို ပြင်ဆင်ပြဋ္ဌာန်းပိုင်ခွင့်ရှိသော ကာကွယ်ရေးဌာနကောင်စီ၏ အငြိမ်းစား အသက်ကန့်သတ်ချက်အမိန့်ကို ၎င်း၏သဘောဆန္ဒအတိုင်း ၆၅ နှစ်အထိ ပြင်ဆင်ခဲ့သည်။

မင်းအောင်လှိုင်၏အကြံအစည်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် စစ်တပ်၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ရွေးကောက်ပွဲမတိုင်မီ ၎င်းကို ထောက်ခံကြောင်းပြသကြသည့် နိုင်ငံရေးပါတီ ၃၄ ပါတီတို့၏ အနိုင်မဲရလဒ်များဖြင့် သမ္မတဖြစ်ရေး ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲရလဒ်က မင်းအောင်လှိုင်တွက်ချက်ထားသလို ဖြစ်မလာပေ။ ၂၀၂၁ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် အသက် ၆၅နှစ် ပြည့်ပြီး အငြိမ်းစားယူရမည့် အခြေဆိုက်လာပါသည်။

ထိုအချိန် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှုစွဲချက်ဖြင့် ၎င်းကို နိုင်ငံတကာတရားရုံးများဖြစ်သော ICJ နှင့် ICC တွင် တရားစွဲမည့် သတင်းများ‌ ထွက်ပေါ်လာရာ အာဏာလက်မလွှတ်ရေးအတွက် မဲစာရင်း မှားယွင်းမှုအကြောင်းပြပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု အဆိုပါ ထိပ်တန်းစစ်အရာရှိဟောင်းက သုံးသပ်ပါသည်။

မင်းအောင်လှိုင်သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်သော စိတ်နေစိတ်ထားရှိပြီး၊ ၎င်းအာဏာသိမ်းခဲ့လျှင် ၁၉၈၈ ခုနှစ်မှာကဲ့သို့ လူထုက မကျေနပ်၍ ဆန္ဒပြလိမ့်မည်၊ နှိပ်နင်းလိုက်လျှင် ခဏအတွင်း ပုံမှန်အခြေအနေ ပြန်ရောက်သွားမည်ဟု တွက်ဆထားခဲ့သည်။

၂၀၀၈ ခြေ/ဥအရ လွှတ်တော်အတွင်း စစ်ဗိုလ်များအတွက် နေရာ ၂၅ ရာခိုင်နှုန်းနှင့် အချိုးကျကိုယ်စားပြု (Proportional Representation – PR) ရွေးကောက်ပွဲစနစ် ပေါင်းစပ်ပြီး၊ ကျိန်းသေပေါက် သမ္မတဖြစ်ရေး စီစဉ်ထားခဲ့သည်။ သို့သော် ထိုအရာများ တစ်ခုမျှ ဖြစ်မလာသဖြင့် ယခုအခါ မလုပ်တတ်မကိုင်တတ် ဖြစ်နေသည်ဟု ဆိုပါသည်။

အဆိုပါ သုံးသပ်ချက်ကို ယခင်ကာလက ဒီမိုကရေစီလိုလားသော အင်အားစုများအကြား သုံးသပ်ပြောဆိုမှုအဖြစ်သာ လူသိများခဲ့ပြီး၊ ယခုလို စစ်တပ်၏ ထိပ်တန်းစစ်အရာရှိဟောင်းတစ်ဦးထံမှ ကြားသိရခြင်းသည် ပထမဆုံးအကြိမ်ဟု ဆိုနိုင်ပါသည်။

အတွက်အချက်မှားများနှင့် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှု စိတ်နေစိတ်ထား

အာဏာသိမ်းဖြစ်စဉ်မှစပြီး မင်းအောင်လှိုင်သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး၊ အတွက်အချက်အမှားများကို လုပ်ဆောင်လာခဲ့သည်။ စစ်တိုင်းမှူးများ၊ ကစထမှူးများက ၎င်းတို့၏နယ်မြေများအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို တင်ပြသည့်အခါမျိုးတွင် မကောင်းသောသတင်းဆိုလျှင် မကြားချင် လက်မခံချင်ဘဲ၊ တင်ပြသူကို ပြဿနာပြန်ရှာသော မေးခွန်းများဖြင့် တုံ့ပြန်တတ်သည်ဟု သိရသည်။

မင်းအောင်လှိုင်၏ အဆိုပါ စိတ်နေစိတ်ထားက အခြေအနေမှန်ကို မသိခြင်းမဟုတ်ဘဲ၊ မသိလိုခြင်းသာ ဖြစ်နေကြောင်း အဆိုပါ ထိပ်တန်းစစ်အရာရှိဟောင်းက သုံးသပ်ပါသည်။ ထို့ကြောင့် လက်အောက်ခံတပ်မှူးများသည် မြေပြင်က အခြေအနေမှန်ထက် အဆင့်ဆင့် လျှော့ပြီးတင်ပြကြတော့သည်။ တိုင်းမှူး၊ တပ်မမှူးများက ၎င်းတို့ရာထူး ထိခိုက်မည် စိုးသဖြင့် သူကြားလိုသည့်အတိုင်းသာ အစီရင်ခံကြတော့သည်ဟု သိရှိရသည်။

စစ်တပ်၏ လက်ရှိအခြေအနေသည် အင်းအားနှင့် စွမ်းရည် နှစ်ရပ်စလုံး မရှိဖြစ်နေသည်။ အင်အားဆိုရာတွင် လူအင်အားမှာ တစ်နေ့တစ်ခြား လုံးပါးပါးလာပြီး၊ စိတ်ဓာတ်အင်အားတွင်လည်း အနားမရဘဲ စစ်ပန်းနေကြပြီဟု သုံးသပ်ပါသည်။

အာဏာသိမ်းချိန်ကတည်းက ယနေ့အထိ သုံးနှစ်ကာလအတွင်း တပ်မများနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များတွင် မည်သည့်တပ်မျှ နောက်တန်းပြန်နားရခြင်း မရှိဘဲ စိတ်ပိုင်းရုပ်ပိုင်း အလွန်ပင်ပန်းနေကြပြီ ဖြစ်သည်။ နယ်မြေဒေသအသီးသီးတွင် ထိတွေ့တိုက်ပွဲများ စဉ်ဆက်မပြတ် ကြုံတွေ့နေရကာ ပြည်သူတို့၏ ရွံရှာမုန်းတီးမှုများကိုသာ ရရှိပြီး ထောက်ခံမှုလုံးဝမရှိသော အခြေအနေဖြစ်သည်။ ယုတ်လျော့သွားသော အင်အားကို အစားထိုးဖြည့်ပေးနိုင်ခြင်းလည်း ရှိမနေပေ။

ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက် ခလရ (၂၈၉)၊ စကခ (၁၉) ရှေ့တန်းစခန်းတို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရရှိထားသည့် မှတ်တမ်းဓာတ်ပုံကို ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုကဲ့သို့ အဘက်ဘက်က ချွတ်ခြုံကျနေသော အခြေအနေကို မင်းအောင်လှိုင်သည် ဟန်ကိုယ့်ဖို့နှင့် မာန်တင်းပြီး နေနေခြင်း ဖြစ်ကြောင်း အဆိုပါ ထိပ်တန်းစစ်အရာရှိဟောင်းက သုံးသပ်ပါသည်။

စစ်တပ်တစ်ခုတွင် စစ်သဘောတရားအရ “အရန်တပ်မ” ဆိုပြီး ထားရှိရသော်လည်း မင်းအောင်လှိုင်လက်ထက် တပ်အားလုံး ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် ရောက်ရှိနေသည်၊ ကွမ်းလုံဗျူဟာ တိုက်ခံရချိန်တွင် အရန်တပ် မရှိ၍ မြေပြင်စစ်ကူမလွှတ်နိုင်ဘဲ ထိရောက်မှုမရှိသော လေကြောင်းပစ်ကူနှင့် အဝေးမှ လက်နက်ကြီးပစ်ကူသာ ပေးခဲ့သည်ကို တွေ့ရသည်။

ရှမ်းမြောက်နှင့် ရခိုင်စစ်မျက်နှာများကို မဆိုထားနှင့် စစ်ကိုင်းတိုင်း ကောလင်းခရိုင်မြို့ကို တပ်အင်အား နည်းပါး၍ ယခုအချိန်ထိ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသည့်အချက်က တပ်အင်အား မည်မျှချို့တဲ့နေပြီ ဆိုသည့်အချက် ပေါ်လွင်နေကြောင်း ထောက်ပြပါသည်။

ထို့ကြောင့် စစ်တပ်၏ လက်ရှိအခြေအနေသည် အကျဘက်ကို ဦးတည်နေပြီး၊ အချိန်မီပြုပြင်ပြောင်းလဲမှု မလုပ်လျှင် ယိုင်ထွက်သွားနိုင်ကြောင်း (ပြိုလဲသွားနိုင်ကြောင်း) အဆိုပါ ထိပ်တန်းစစ်အရာရှိဟောင်းက သုံးသပ်ပါသည်။

ဂုဏ်သိက္ခာရှိသော နိုင်ငံရေးထွက်ပေါက်ကို မင်းအောင်လှိုင် ရွေးချယ်ရန် ဆန္ဒမရှိ

လက်ရှိအခြေအနေတွင် မင်းအောင်လှိုင်အတွက် ဂုဏ်သိက္ခာရှိသော နိုင်ငံရေးထွက်ပေါက်တစ်ခုကို ရွေးချယ်လိုက ရွေးချယ်နိုင်သေးသည်ဟု အဆိုပါ ထိပ်တန်းစစ်အရာရှိဟောင်းက သုံးသပ်ပါသည်။

ဥပမာ နိုင်ငံရေးပုဒ်မနှင့် ထိန်းသိမ်းထားသူအားလုံးကို လွှတ်ပေးပြီး၊ အားလုံးက လက်ခံယုံကြည်သောသူများ ပါဝင်သည့် ကြားဖြတ်အစိုးရမျိုး ဖွဲ့စည်းပြီး၊ ရွေးကောက်ပွဲကျင်းပပေးခြင်း၊ ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံရေးတွင် ရာထူးတာဝန်ရယူမည်မဟုတ်ဟု ကတိပေးခြင်း စသဖြင့် လုပ်ဆောင်မည်ဆိုပါက မင်းအောင်လှိုင်အတွက် ဂုဏ်သိက္ခာရှိသော ထွက်ပေါက်တစ်ခု ဖြစ်နိုင်သည်၊ သူကျူးလွန်ခဲ့သော ကိစ္စများအတွက် အရေးယူခြင်း၊ မယူခြင်းက နောင်ပေါ်ပေါက်လာသော အစိုးရအပေါ် တွင် မူတည်နိုင်သည်ဟု ဆိုပါသည်။

သို့သော် မင်းအောင်လှိုင်သည် ၎င်း၏အာဏာလောဘကြောင့် အာဏာသိမ်းထားခြင်းဖြစ်၍ ထိုနည်းလမ်းမျိုးကို မရွေးချယ်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံပေးရန် ငြင်းဆန်ခဲ့သော မင်းအောင်လှိုင်သည် အများလက်ခံသောပုဂ္ဂိုလ်များပါဝင်သော ကြားဖြတ်အစိုးရဖွဲ့စည်းရေး နည်းလမ်းကို ရွေးချယ်မည် မဟုတ်ပါ။

မင်းအောင်လှိုင်သည် အာဏာရှင် ဟစ်တလာကဲ့သို့ နောက်ဆုံးအချိန်ထိ တိုင်းပြည်ကို တရွတ်တိုက်ဆွဲခေါ်သွားရန် ပြင်ဆင်နေကြောင်း စစ်တပ်အတွင်း လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး အဆိုပါ ထိပ်တန်းစစ်အရာရှိဟောင်းက Myanmar Now ကို ပွင့်လင်းနက်ရှိုင်းစွာဆွေးနွေး ဆင်ခြင်သုံးသပ်ပြခဲ့ပါသည်။

Show More

Related Articles

Back to top button