အတွေးအမြင်

အရှေ့လေကို ဘယ်သူအန်တုမလဲ

နွေဦးတော်လှန်ရေးကာလအတွင်း မြေပြန့်မှ ဗမာတိုင်းရင်းသားများ၏ ERO များအပေါ် ချဉ်းကပ်ရှုမြင်ပုံသည် နွေဦးတော်လှန်ရေးမတိုင်မီက ရှုမြင်သုံးသပ်ပုံနှင့် ဖီလာဆန့်ကျင်ပြောင်းလဲသွားသည်။

နွေဦးတော်လှန်ရေးအတွင်းမှာ ပါဝင်မောင်းနှင်နေကြသော အင်းအားစုများကို လေ့လာကြည့်ပါက နှစ်မျိုးနှစ်စား ရှိသည်ဟု အကြမ်းဖျင်းမှတ်ယူနိုင်သည်။ (၁) နွေဦးတော်လှန်ရေးမတိုင်မီကတည်းက တည်ရှိနှင့်ပြီးသော တော်လှန်ရေးအင်အားစုများနှင့် (၂) နွေဦးတော်လှန်ရေးအင်အားစုများဖြစ်သည်။

နွေဦးတော်လှန်ရေးမတိုင်မီကတည်းက တည်ရှိခဲ့သော တော်လှန်ရေးအင်အားစုများ

ဤအင်အားစုများကို ERO (Ethnic Resistance Organizations) များဟုပင် ပြောပါရစေ။ နွေဦးတော်လှန်ရေးတွင် ERO များ၏ အခန်းကဏ္ဍသည် အင်မတန်မှ အရေးကြီးပါသည်။ နွေဦးတော်လှန်ရေးကာလအတွင်း မြေပြန့်မှ ဗမာတိုင်းရင်းသားများ၏ ERO များအပေါ် ချဉ်းကပ်ရှုမြင်ပုံသည် နွေဦးတော်လှန်ရေးမတိုင်မီက ရှုမြင်သုံးသပ်ပုံနှင့် ဖီလာဆန့်ကျင် ပြောင်းလဲသွားသည်ကို လေ့လာတွေ့ရှိရပါသည်။

အဆိုပါ ERO များထဲမှ နွေဦးတော်လှန်ရေးကို အစောဆုံးပါဝင်ခဲ့သောအဖွဲ့အစည်းများအနက် တစ်ခုမှာ KIO/ KIA ပင်ဖြစ်သည်။ KIO / KIA အနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လကတည်းကပင် မြေပြန့်မှ ဗမာတိုင်းရင်းသားလူငယ်များကို ကြိုဆိုလက်ခံ၍ စစ်ပညာများ သင်ကြားပေးနေပြီဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်တည်ထောင်ကြောင်း ကြေညာခြင်းသည် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်မှဖြစ်ရာ တော်လှန်ရေး၏ အစောပိုင်းကာလကတည်းက KIO / KIA နယ်မြေသို့ ဗမာလူငယ်များ ရောက်ရှိနေခဲ့ပြီးဖြစ်ပါသည်။ KIO / KIA အနေဖြင့် PDF အလောင်းအလျာများကို မွေးထုတ်ပေးရုံသာမက CDM ဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊ လွှတ်တော်ကိုယ်စားလှယ်များကိုပါ ၎င်း၏ ထိန်းချုပ်နယ်မြေအသီးသီးတွင် အခြေချနေထိုင်ခွင့် ခွင့်ပြုထားပါသည်။ ရောက်ရှိလာသော အသိပညာရှင် အတတ်ပညာရှင်များကို အားပြုပြီး KIO / KIA ထိန်းချုပ်နယ်မြေများတွင် ပညာရေး၊ ကျန်းမာရေး အစရှိသော ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းသို့ ရောက်ရှိလာသောအခါ ၎င်းတို့မွေးထုတ်ပေးလိုက်သော PDF များကို လက်နက်တပ်ဆင်ပေးပြီး ထိုအချိန်က နွေဦးတော်လှန်ရေး၏ ဗဟိုချက်မဟု ခေါ်ဆိုရမည့် စစ်ကိုင်းတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်စေပါသည်။

ယင်းကဲ့သို့ ထိုးဖောက်ဝင်ရောက်ရာတွင်လည်း PDF ချည်း သီးသန့်မသွားစေဘဲ KIO / KIA မှ အတွေ့အကြုံရင့်ကျက်သော စစ်သည်များကိုပါ ပေါင်းထည့်၍ စစ်ကိုင်းတိုင်းအတွင်း ဖြန့်ကြက်လှုပ်ရှားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး တိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်သည့် အညာသူ၊ အညာသား PDF များ၏ သုံးပုံနှစ်ပုံခန့်ကို KIO / KIA က မွေးထုတ်ပေးလိုက်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် နွေဦးတော်လှန်ရေးကာလအတွင်းမှာပင် KIO / KIA အနေဖြင့် ဗမာတိုင်းရင်းသားအများစု၏ ကိုယ်ထိလက်ရောက် အားပေးထောက်ခံမှုနှင့်အတူ နိုင်ငံရေးဂုဏ်သိက္ခာလည်း တစ်ရှိန်ထိုးတိုးတက်ခဲ့သည်။

အဆိုပါ နိုင်ငံရေးဂုဏ်သိက္ခာသည် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ချိန်ကာလအထိ ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်လာပါလိမ့်မည်။

၁၀၂၇ မဟာမိတ်များ 

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ စစ်ကောင်စီ၏ ကွမ်းလုံစစ်ဗျူဟာကို တိုက်ခိုက်သိမ်းပိုက်စဉ်က မြောက်ပိုင်းညီ နောင်သုံးဖွဲ့မှ တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – the Kokang)

မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေဖြင့်လည်း တော်လှန်ရေး၏ အစောပိုင်းကာလများကတည်းကပင် နွေဦးတော်လှန်ရေးအင်အားစုများကို ကြိုဆိုလက်ခံပေးခဲ့သည်။ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် စစ်ပညာသင်ကြားလိုသော ပြည်သူများကိုလက်ခံပြီး PDF များအဖြစ် မွေးထုတ်ပေးခဲ့သည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေဖြင့် KIO / KIA ကဲ့သို့ပင် ရောက်ရှိလာသော အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကူအညီဖြင့် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပိုမိုအားစိုက်ထုတ်သည်ကို သိသိသာသာ လေ့လာတွေ့ရှိရသည်။ 

ယင်းကဲ့သို့ ပြင်ဆင်နေစဉ်ကာလတစ်လျှောက်လုံး မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေဖြင့် စစ်ရေးအရ အစွန်းအစမထွက်စေဘဲ အကြမ်းဖက်စစ်ကောင်စီကို ကြိုးရှည်ရှည်နှင့် လှန်ထားခဲ့သည်။ အစောပိုင်းကာလ စစ်ရေးလှုပ်ရှားမှုများတွင် KIO / KIA ကဲ့သို့ မဟုတ်ဘဲ ကန့်လန့်ကာနောက်ကွယ်မှ တိတ်တဆိတ်လှုပ်ရှားနေသည့်အတွက် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ရပ်တည်မှုနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများအကြား တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ဝိရောဓိစကားသံများ ထွက်စေခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီအပေါ် ERO များ၏ စစ်ကြေညာမှု မတူညီကြသော်လည်း “Operation 1027” ကာလပြီးဆုံးချိန်မှာတော့ မြောက်ပိုင်းညီနောင်သုံးဖော်၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး အဖြူအမည်းသဲကွဲခဲ့ကြပြီဖြစ်ပါသည်။

တောင်ပိုင်းမှ KNU 

 ၂၀၁၉ ခုနှစ် ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်အခမ်းအနားတွင် တွေ့ရသည့် KNU တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ − KNU)

မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ERO တစ်ခုဖြစ်သော KNU အနေဖြင့်မူ နွေဦးတော်လှန်ရေးကာလအတွင်း ပြောပလောက်အောင် ခြေမပေါ်သေးဟု ဆိုရမည်။ အထက်တွင် တင်ပြခဲ့သော ERO များကဲ့သို့ပင် နွေဦးတော်လှန်ရေးမှာမှ ပေါ်ပေါက်လာသော အင်အားစုများကို KNU ၏ ထိန်းချုပ်နယ်မြေများတွင် လက်ခံနေရာချပေးထားသည့်အပြင် PDF စစ်ကြောင်းများ၊ တပ်ရင်းများပေါ်ပေါက်လာစေရေးအတွက်လည်း အားဖြည့်ကူညီ တိုက်ပွဲဝင်လျက်ရှိသည်။

သို့သော် ယနေ့အချိန်အထိ KNU အနေဖြင့် အမြတ်အစွန်းရသော စစ်ပွဲအောင်နိုင်မှုများ တိတိကျကျမရှိသေးသည်မှာလည်း ပကတိတရားဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာလည်း KNU အနေဖြင့် မြောက်ပိုင်းမှ ERO များကဲ့သို့ ဘဏ္ဍာငွေကြေးနှင့် လက်နက်ခဲယမ်းမပေါများမှုက အဓိက အကန့်အသတ်ဖြစ်နေစေသည်။ ထို့ပြင် ကရင့်နိုင်ငံရေးလောကအတွင်းတွင် NCA လမ်းကြောင်းပေါ် လျှောက်လိုသော အုပ်စုနှင့် တော်လှန်ရေးကို အားသန်သောအုပ်စုများကြား ဝိရောဓိဖြစ်မှုကလည်း KNU ၏ တော်လှန်ရေးမြင်းကို ဆွဲနေသည့် ဇက်ကြိုးသဖွယ်ဖြစ်နေသည်။

အဆိုပါ ဝိရောဓိအကြား မည်သည့်ဘက်မှ မပါဝင်ဘဲ ကြားနေသော ကရင်အင်အားစုများ၏ အင်အားရာခိုင်နှုန်းကလည်း မနည်းလှသည့်အတွက် တောင်ပိုင်းရှိ စစ်ရေးလှုပ်ရှားမှုများမှာ ယနေ့အချိန်ထိ အောင်မြင်သင့်သလောက် မအောင်မြင်ရခြင်းဖြစ်သည်။

အရှေ့ဆီမှ လေမုန်တိုင်း

ယနေ့အချိန်အထိ နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်တော်လှန်ရေးအခန်းကဏ္ဍကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့သော မြောက်ပိုင်း ERO များသည်လည်း ကြီးမားသော အခက်အခဲ အတားအဆီးတစ်ခု ရှိနေပါသည်။ အဆိုပါ အတားအဆီးမှာ အိမ်နီးချင်းတရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုများနှင့် ဖိအားများဖြစ်ပါသည်။

နွေဦးတော်လှန်ရေးအင်အားစုများနှင့် မပတ်သက်ရန်၊ NUG နှင့် ဆက်ဆံရေးမလုပ်ရန်၊ PDF များကို အားမပေးရန် တရုတ်နိုင်ငံအနေဖြင့် ၎င်းနှင့် ပတ်သက်ဆက်နွှယ်နေသော ERO များကို တဖွဖွမှာလေ့ရှိသည်မှာ နွေဦးတော်လှန်ရေး စတင်ကတည်းကပင် ဖြစ်ပါသည်။

ယင်းကဲ့သို့ တဖွဖွမှာနေသည့်ကြားမှ Operation 1027 ကဲ့သို့ နွေဦးတော်လှန်ရေးကို တစ်ဆစ်ချိုးပြောင်းလဲစေသည့် စစ်ဆင်ရေးများကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဖော်ဆောင်လာသည့်အခါ တရုတ်နိုင်ငံအနေဖြင့် ယမ်းပုံမီးကျ ဒေါသအမျက်ထွက်ခဲ့ရသည်။ ထို့ကြောင့်လည်း အရှိန်အဟုန်ကောင်းလှသည့် Operation 1027 ကို အချိန်မီ ဘရိတ်အုပ်နိုင်ရေးအတွက် မြောက်ပိုင်း ERO များကို အစွမ်းကုန် ဖိအားပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ဒေါသဖိအားသာ မရှိခဲ့ဘူးဆိုပါက Operation 1027 နှင့်အတူ မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးအဟုန်မှာ ကြောက်ခမန်းလိလိ တိုးတက်ဖြစ်ထွန်းမှာ အသေအချာပင်။

Operation 1027 အလွန်ကာလ KIO / KIA အနေဖြင့် စစ်ဆင်ရေးကြီးတစ်ရပ် ဖော်ဆောင်လာသည့်အပေါ် တရုတ်နိုင်ငံ၏ ဖိအားများ စတင်သက်ရောက်စပြုလာနေပေပြီ။ အဆိုပါ ဖိအားကို KIO / KIA အနေဖြင့် မည်ကဲ့သို့ ကြံ့ကြံ့ခံ ရင်ဆိုင်မည်နည်းဆိုသည်က စိတ်ဝင်စားစရာကောင်းလှပေသည်။

နွေဦးတော်လှန်ရေး အင်အားစုများ

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်အပြီး ပေါ်ပေါက်လာခဲ့သော နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက် ထူးခြားသော တော်လှန်ရေးဟု ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အစဉ်အဆက် အကြမ်းဖက်စစ်တပ်၏ လူသားအရင်းအမြစ်ရပ်ဝန်းဟု တင်စားနိုင်သည့် ဗမာတိုင်းရင်းသား (ဝါ) အညာသူ၊ အညာသားများကိုယ်တိုင်က အကြမ်းဖက်စစ်တပ်ကို တွန်းလှန်ထကြွနေကြခြင်းဖြစ်သည့်အတွက် အကြမ်းဖက်စစ်တပ်အနေဖြင့် ရေရှည်အသက်ရှင်ရပ်တည်နိုင်ဖို့ အင်မတန်ခက်ခဲသွားပြီဖြစ်သည်။

ထို့ပြင် ဘက်ပေါင်းစုံမှ ချွတ်ခြုံကျနေမှုသည်လည်း ဖုံးမရဖိမရဖြစ်လာသည့်အတွက် အကြမ်းဖက်စစ်တပ်မှ စစ်သားများ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည်မှာလည်း ဒလဟောထိုးကျလျက်ရှိသည်။

ယင်းအခြေအနေမျိုးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အုံနှင့်ကျင်းနှင့် ပေါ်ထွက်လာခြင်းသည် နွေဦးတော်လှန်ရေးအတွက် အားသာချက်တစ်ခုဖြစ်သည်။ နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့် တရုတ်နိုင်ငံ၏ ကိုယ်ထိလက်ရောက် ဖိအားပေးနှောင့်ယှက်မှု မခံရနိုင်ခြင်းသည်လည်း ပိုမိုသာလွန်သည့် အားသာချက်တစ်ခု ဖြစ်ပါသည်။

အဆိုပါ အားသာချက်ကြီးများကို နွေဦးတော်လှန်ရေးအင်အားစုများ (ဝါ) PDF များက ပိုင်ဆိုင်ထားသော်လည်း “PDF များသည် ERO များ၏ အကူအညီမပါဘဲ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ပြီလော” ဆိုသည့် မေးခွန်းက အခရာကျလာပါသည်။

ယခုကာလအတွင်း လေ့လာဆန်းစစ်ချက်များအရ ERO ကျောထောက်နောက်ခံပြုထားသော PDF များက အတော်အသင့် အားကောင်းသော်ငြား ERO အထောက်အပံ့မရသော PDF များမှာမူ ရှင်သန်ရပ်တည်ဖို့ရန်ပင် ခက်ခဲလာသည်။ NUG ၏ PDF များဟုဆိုသော်လည်း ERO တစ်ခုခု၏ စစ်ရေးအကူအညီ (လူ + လက်နက်) မရှိပါလျှင် တိုက်ပွဲတစ်ပွဲအောင်နိုင်ဖို့ အတော်လုံးပန်းကြရသည်။ ERO ၏ အကူအညီဆိုရာတွင်လည်း လက်နက်ခဲယမ်းအကူအညီသာမက စစ်ရေးအကြံဉာဏ်နှင့် တိုက်ပွဲတွင်းဦးဆောင်နိုင်မှုလည်း ပါဝင်သည်။

ERO များ ကိုယ်တိုင်သည်ပင် ရင်းမြစ်အကန့်အသတ်များ ရှိနေသည့်အတွက် NUG ၏ PDF များကို ရေရှည်ကူညီပေးနိုင်ရန်မှာ မည်သို့မျှမဖြစ်နိုင်ပေ။ မြောက်ပိုင်းညီနောင်သုံးဖွဲ့အနက် PSLF / TNLA နှင့် MNTJP / MNDAA နှစ်ဖွဲ့အနေဖြင့် ၎င်းတို့သိမ်းပိုက်ရရှိထားသော မြို့များကို အခိုင်အမာခြေကုပ်ယူ ထိန်းထားနိုင်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ယန္တရားများလည်ပတ်နိုင်ရေးတို့သည် 1027 စစ်ဆင်ရေးအလွန်ကာလတွင် စစ်တိုက်ဖို့ထက် ဦးစားပေးရမည့် လုပ်ငန်းစဉ်များ ဖြစ်လာပါသည်။ 

တစ်ဖန် အရှေ့အရပ်ဆီမှ တရုတ်နိုင်ငံကြီး၏ ဖိအားကလည်း လှုပ်မရအောင် ချုပ်ထားပြန်သည်။

ဤအခြေအနေမျိုးတွင် တရုတ်နိုင်ငံ၏ ကိုယ်ထိလက်ရောက် စွက်ဖက်မှုမခံရနိုင်သည့် NUG / PDF များ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာပါသည်။ မည်မျှ ကြီးမားသောစစ်ဆင်ရေးများ ဖော်ဆောင်စေကာမူ အချိန်တန်လျှင် မြောက်ပိုင်း ERO များအပေါ် တရုတ်နိုင်ငံ၏ဖိအားက သက်ရောက်လာစမြဲဖြစ်သည့်အတွက် အကြမ်းဖက်စစ်တပ်ကို အမြစ်ကစပြီး ဖြိုလှဲပစ်ရန် အကန့်အသတ်ရှိနေပါသည်။

စစ်အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရေး ရေရှည်စစ်ပွဲကြီးတွင် တရုတ်နိုင်ငံ၏ ဇာတ်ကြိုးဆွဲမှု မခံရနိုင်သည့် NUG / PDF များကသာလျှင် အဆုံးအဖြတ်ပေးနိုင်လိမ့်မည်။ အညာမြေသည်သာလျှင် နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ဖြစ်စေမည့် အောင်ပွဲရကွင်းပြင်ဖြစ်လာပါလိမ့်မည်၊၊

တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအနေဖြင့် ၎င်းတို့မျိုးနွယ်စုအသီးသီး၏ စုစည်းညီညွတ်မှုအားနှင့် နွေဦးတော်လှန်ရေးအတွင်း တိကျခိုင်မာသော စစ်ရေးအောင်ပွဲများ အောင်နိုင်သင့်သလောက် အောင်နိုင်ခဲ့ပြီးဖြစ်သော်လည်း နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့်မူ ပြည်သူ့လွတ်မြောက်နယ်မြေများ သိမ်းပိုက်ရရှိနိုင်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်။

တိကျသေသပ်သော နယ်မြေပိုင်စိုးမှုမရှိဘဲ နိုင်ငံတကာ၏ အားပေးထောက်ပံ့မှု မရနိုင်သလို တရုတ်နိုင်ငံ၏ ဖိအားကိုလည်း ပြန်လည်ခုခံနိုင်ရန် ခက်မည်။ ပြည်သူ့လွတ်မြောက်နယ်မြေများ ဖော်ဆောင်ရန်မှာလည်း ‘ ထု ‘ တည်ဆောက်ပြီး ရန်သူကို စစ်ဆင်နိုင်မှသာလျှင် ဖြစ်နိုင်မည်။

ထို့ကြောင့် ဗျူဟာမြောက်သောစစ်ဆင်ရေးများ ဖော်ဆောင်ရန်အတွက် “NUG ၏ PDF များသည် ERO များထံမှ နို့သက်မခံဘဲ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ပြီလော” ဆိုသည့်မေးခွန်းကို ဦးစွာ မဖြစ်မနေ ဖြေဆိုကြရပါလိမ့်မည်။

(မှတ်ချက် – ကလောင်ရှင်သည် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ကာ လက်ရှိအချိန်တွင် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသူတစ်ဦးဖြစ်သည်။)

Show More

Related Articles

Back to top button