
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခု စတင်ခဲ့သည့် “၁၀၂၇” စစ်ဆင်ရေးက နွေဦးတော်လှန်ရေးကို အရှိန်တက်စေခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲနိုင်သည်အထိ အခြေအနေပြောင်းလဲခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်ဩဇာခံအဖွဲ့များက ဘီလျံချီ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအပေါ် စစ်ကောင်စီက မဟန့်တားနိုင်သည်ကို တရုတ်အစိုးရက မချိတင်ကဲဖြစ်နေချိန် မြောက်ပိုင်းအဖွဲ့များက အချိန်ကိုက်ဝင်တိုက်ခြင်းဖြစ်ကြောင်း၊ တန်ပြန်ထိုးစစ်ဆင်ရန်ပင် အချိန်မရတော့ဘဲ စစ်ကောင်စီ ပြုတ်ကျတော့မည်ဖြစ်ကြောင်း စသည့်မျှော်မှန်းချက်များ ဖြစ်ပေါ်လာသည်။
စစ်တပ်က တစ်ကျော့ပြန်အာဏာပြီးနောက် လက်နက်ကိုင်တော်လှန်မှုများ နေရာအနှံ့ ပေါ်ပေါက်ခဲ့သည်။ ပြင်းထန်သော ခုခံတော်လှန်မှုကို ဖြိုခွင်းနှိမ်နင်းနိုင်ရေး စစ်တပ်က လူမရွေးနေရာမရွေး ဖမ်းဆီးသတ်ဖြတ်ခြင်းသာမက ရွာပေါင်းများစွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ လူသန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးရသည်။
နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်လုချိန်တွင် မြောက်ပိုင်းအဖွဲ့များ၏ “၁၀၂၇” စစ်ဆင်ရေးက စစ်ကောင်စီကို တစ်ပူပေါ်နှစ်ပူဆင့်စေခဲ့သည်။ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေသူများအတွက်မူ အလှည့်အပြောင်းတစ်ခုဖြစ်သည်။ တစ်နည်းနည်းဖြင့် စစ်ကောင်စီကို အင်အားချည့်နဲ့စေမည့်အစီအမံဖြစ်သည်။ အဆင်မသင့်ပါက နှစ်ပေါင်း ၇၀ ကျော် ရပ်တည်လာသည့် မြန်မာစစ်တပ် အဆုံးတိုင် ပြိုလဲသွားနိုင်သည်။
သို့ရာတွင် တရုတ်နိုင်ငံ၏ မကြာသေးမီက ကြားဝင်ဆောင်ရွက်မှုကြောင့် ထိုအခြေအနေသို့ အမှန်တကယ် ဆိုက်ရောက်ပါ့မလားဆိုသော မေးခွန်းများထွက်ပေါ်လာသည်။
ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးအဟုန်ကို စီးကာ ၎င်းတို့၏ မူလစစ်ရေး နိုင်ငံရေးရည်မှန်းချက်များကို အဓိကဦးတည်လုပ်ဆောင်သည်ဟု ယေဘုယျတွက်ယူနိုင်သည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် တရုတ်ဖိအားကို ထောက်ထားစရာမလိုပါက အခြားတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ နိုင်ငံအနှံ့ ဆက်လက်ထိုးစစ်ဆင်နွှဲနိုင်မည့်အနေအထားမှာ ကျိန်းသေပေါက်ဖြစ်သည်။
သို့သော် မလွန်ဆန်နိုင်သော တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ထိုအနေအထား အမှန်တကယ်ဖြစ်ပေါ်လာမည်လား စဉ်းစားစရာဖြစ်နေသည်။
“ညီနောင်သုံးဖွဲ့ဟာ တရုတ်ရဲ့ဩဇာခံတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူသူလက်နက် လှုပ်ရှားရေးတွေကျတော့ တရုတ်ရဲ့ မသိမသာမျက်ကွယ်ပေးမှု မရှိဘဲ မလုပ်နိုင်တာတွေရှိတယ်။ အထူးသဖြင့် တရုတ်စကားပြောပြီး တရုတ်နယ်စပ်မှာ အဓိကလှုပ်ရှားတဲ့ ကိုးကန့်အဖွဲ့အတွက်ပဲ” ဟု မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံရသူတစ်ဦးက ဆိုသည်။
“ဒါပေမဲ့ ကျွန်တော်တို့ အနည်းဆုံးအားဖြင့် ပြောနိုင်တာကတော့ ညီနောင်သုံးဖွဲ့ခေါင်းဆောင်တွေဟာ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို အမှန်တကယ် ထောက်ခံအားပေးတယ်ဆိုတာပဲ” ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

လက်ရှိတွင် တရုတ်က ရှမ်းမြောက်ရှိ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ခေါင်းဆောင်များကို ဖယ်ရှားပြီး စစ်ကောင်စီအပေါ် ပိုမိုသြဇာညောင်းရန် ကြိုးပမ်းလာသည့်နည်းတူ၊ စစ်ကောင်စီပြုတ်ကျပြီး ဒီမိုကရေစီအိပ်မက်များ အထွတ်တင်ထားသည့် နွေဦးတော်လှန်ရေးကိုလည်း အရှိန်ရပ်တန့်စေလိုသည့် သဘောထားရှိသည်ကို တွေ့ရသည်။
စစ်ကောင်စီဘက်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးတွင် တရုတ်က နောက်ကွယ်မှ အားပေးသည်ဟု ယူဆသော်လည်း ပိုမိုဆိုးရွားလာသော စစ်ရေးအခြေအနေကို တန်ပြန်ကျားကန်ရန် တရုတ်လိုလားသမျှ လုပ်ပေးမည်ဆိုသော အခြေအနေသို့ ဆိုက်နေသည်။
တရုတ်၏မူဝါဒ ၎င်းတို့အပေါ် ဆက်လက်တင်းမာလာပါက စစ်ကောင်စီက ကျောက်ဖြူစီးပွားရေးဇုန်၊ တရုတ်နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် ယူနန်ပြည်နယ်မှ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ခြေဆန့်ရေး တရုတ်၏အိပ်မက်များကို ဖျက်လိုဖျက်ဆီးလုပ်မည်ဟူသော အခြေအနေကို ပြသလျက်ရှိသည်။
ညီနောင်သုံးဖွဲ့ဘက်ကမူ တရုတ်၏မူဝါဒကြောင့် လက်ရှိထိုးစစ်များကို အရှိန်လျှော့ရလျှင်ပင် နိုင်ငံအနှံ့ ရှိ တော်လှန်ရေးအင်အားစုများကို ဆက်လက်၍ နည်းအမျိုးမျိုးဖြင့် ပံ့ပိုးမည့်အနေအထားရှိသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်လည်း တော်လှန်ရေးအင်အားစုများနည်းတူ စစ်ကောင်စီပြုတ်ကျရေး ဘုံရည်မှန်းချက်ရှိသကဲ့သို့ ပို၍လက်တွေ့ဆန်သည့် အကြောင်းတရားဖြစ်သော နိုင်ငံအနှံ့ တော်လှန်ရေးအရှိန် လျော့သွားပါက ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့ သိမ်းပိုက်ခဲ့သည့်နယ်မြေများကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဖြင့် ပြန်လည်သိမ်းပိုက်နိုင်မည့် အခြေအနေလည်း ရှိနေသည်။

“တရုတ်က နောက်ဆုံးဘာပြောသလဲ”
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ နောက်ဆုံးထုတ်ဖော်ပြောဆိုချက်မှာ သဘောတူထားသည့်အတိုင်း အပစ်အခတ်ရပ်စဲရေးဆက်လုပ်ရန်နှင့် တိုက်ပွဲအရှိန် လျှော့ချရန်ဖြစ်သည်။
မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် မကြာသေးမီက ပြုလုပ်ခဲ့သော စေ့စပ်ဆွေးနွေးပွဲတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အကြား ယာယီအပစ်ရပ်စဲရေး အပါအဝင် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ယမန်နေ့ (ဒီဇင်ဘာ ၁၄) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုသည်။
နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရရှိထားသည့် သဘောတူညီချက်အတိုင်း အရှိန်မြှင့်ဆောင်ရွက်ကြရန် တရုတ်က သတိပေးသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲအရှိန် သိသိသာသာ လျော့ကျလာသည်ဟုလည်း ဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ၏ ထိုပြောဆိုချက်ကို ရန်ကုန်မြို့ရှိ တရုတ်သံရုံးကလည်း လူမှုကွန်ရက်စာမျက်နှာ၌ ပြန်တင်ထားသည်။ ရှမ်းမြောက်တိုက်ပွဲများနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရံဖန်ရံခါပြောဆိုချက်များအနက် တရုတ်သံရုံးက ပထမဆုံးအကြိမ် တကူးတက ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။
ပေါက်ကြားလာသည့် သဘောတူညီချက်မူကြမ်း
တရုတ်မြေပေါ်တွင် လျှို့ဝှက်ပြုလုပ်ခဲ့သည့် MNDAA၊ AA၊ TNLA ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် တရုတ်အစိုးရက ဒီဇင် ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်မဖော်ပြပေ။
သို့သော် ထိုစေ့စပ်ဆွေးနွေးပွဲနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ ပေါက်ကြားခဲ့သည်။ တရုတ်ဘာသာဖြင့် ရေးသားထားသည့် သဘောတူညီချက်မူကြမ်းအရ တရုတ်အလိုရှိနေသူများ ဖမ်းမိရေး၊ လောက်ကိုင်မြို့ လက်လွှဲပေးရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေး အဓိက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို စွန့်လွှတ်ရမည့်အပြင် တရုတ်က အလိုရှိနေသော ကိုးကန့်ဒေသမှ သစ္စာခံခေါင်းဆောင်များကိုလည်း လွှဲပြောင်းပေးရမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်တို့က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို အနှောင့်အယှက်မပေးရန် စစ်ကောင်စီဘက်က တောင်းဆိုခဲ့သည်။
စစ်ကောင်စီဘက်မှ ဦးဆောင်တက်ရောက်ခဲ့သူမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ဖြစ်သည်။ မြောက်ပိုင်းမဟာမိတ်များဘက်မှ ကိုယ်စားပြုတက်ရောက်ခဲ့သူများမှာ MNDAA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးဖုန်းဝင်းနိုင်၊ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်နှင့် AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ဖြစ်သည်ကို ပေါက်ကြားလာသည့်စာအရ သိရှိရသည်။

မသိမသာအသွင်ပြောင်းလာသည့် တိုက်ပွဲအခြေအနေ
အာဏာသိမ်းစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးသည့်အပေါ် သို့လောသို့လော ဝေဖန်ဆန်းစစ်မှုများ မြင့်တက်လာပြီးနောက် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြရန် မလိုကြောင်း၊ ၎င်းတို့အနေဖြင့် စစ်ဆင်ရေး မူလရည်ရွယ်ချက်အတိုင်း စစ်အာဏာရှင်ပြုတ်ကျရေး အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်သည်။
လက်ရှိအချိန်ထိ တိုက်ပွဲများဆက်ဖြစ်နေဆဲပင်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မူဆယ်၊ သီပေါ၊ လားရှိုး စသည့်မြို့နယ်များနှင့် ရခိုင်ပြည်နယ် မြောက်ဦးတွင် ဖြစ်နေသော တိုက်ပွဲများအတွင်း စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုအပြင် ပို၍ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း မြောက်ပိုင်းအဖွဲ့က ဆိုသည်။
အာဏာလက်လွှတ်ရန် လက်တစ်လုံးအလိုရောက်နေသော စစ်ကောင်စီက တိုက်ပွဲနှင့်မဆိုင်သော အရပ်သားပြည်သူများ၊ လူနေအိမ်၊ စေတီပုထိုးနှင့် ဘုရားကျောင်းကန်များကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာသည်ဟု မြောက်ပိုင်းအဖွဲ့များက ထုတ်ပြန်သည်။
အလားတူပင် စစ်ကောင်စီကလည်း နေ့စဉ်ထုတ်ပြန်ချက်များ၌ မြောက်ပိုင်းအဖွဲ့ဝင် TNLA နှင့် AA တို့က လေသံပြောင်းတိုက်ခိုက်လာသည်ဟု ဆိုသည်။
တရုတ်စေ့စပ်မှုဖြင့် ဆွေးနွေးအပြီး မြေပြင်၌ တိုက်ပွဲများဆက်ဖြစ်နေသော်လည်း အခြေအနေစတင်ပြောင်းလဲနေပြီဖြစ်သည်။ နယ်မြေစိုးမိုးရေးနှင့် ခြေကုပ်ယူနိုင်နိုင်ရေးအတွက် မြောက်ပိုင်းအဖွဲ့ဝင်များ အလိုလားဆုံးဖြစ်မည်ဟု ယူဆရသည့် မြို့နယ်များအနီးတစ်ဝိုက်တွင် အခြားနေရာများထက် တိုက်ပွဲ ပိုပြင်းထန်နေသည်ကို တွေ့ရသည်။
ပေါက်ကြားလာသည့် စေ့စပ်ဆွေးနွေးပွဲသဘောတူညီချက်အရ ယာယီအပစ်ရပ်စဲရေး မစတင်မီ အလိုရှိနယ်မြေများရရှိရေး အသည်းအသန် ကြိုးစားနေကြဖွယ်ရှိသည်။ ထို့ကြောင့်ပင် အပစ်ရပ်သဘောတူညီချက်အတိုင်း ဆက်သွားကြရန် တရုတ်က ထပ်မံသတိပေးပြောဆိုလာခြင်းလည်း ဖြစ်နိုင်သည်။
ယခုရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပိုပြင်းထန်လာသော်လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ထိုးစစ်အရှိန်ကျနေသည့် အခြေအနေရှိသည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ Myanmar Now ၏ သတင်းရစ်မြစ်တချို့က ဆိုသည်။
“ညီနောင်သုံးဖွဲ့ဟာ တရုတ်ရဲ့ သြဇာခံတော့မဟုတ်ဘူး။ ဒါပေမဲ့ လူသူလက်နက် လှုပ်ရှားရေးတွေကျတော့ တရုတ်ရဲ့ မသိမသာမျက်ကွယ်ပေးမှုမရှိဘဲ မလုပ်နိုင်တာတွေရှိတယ်။ အထူးသဖြင့် တရုတ်စကားပြောပြီး တရုတ်နယ်စပ်မှာ အဓိကလှုပ်ရှားတဲ့ ကိုးကန့်အဖွဲ့အတွက်ပဲ။ ဒါပေမဲ့ ကျနော်တို့ အနည်းဆုံးအားဖြင့် ပြောနိုင်တာကတော့ ညီနောင်သုံးဖွဲ့ခေါင်းဆောင်တွေဟာ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို အမှန်တကယ် ထောက်ခံအားပေးတယ်ဆိုတာပဲ” ဟု ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဆင်ရေးများတွင် ပါဝင်လှုပ်ရှားပြီး ညီနောင်သုံးဖွဲ့ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံရသူတစ်ဦးက ဆိုသည်။

လောက်ကိုင်မြို့ အဆုံးသတ်အဖြေ
တရုတ်၏ကြားဝင်မှုဖြင့် ပြုလုပ်ခဲ့သော စေ့စပ်ဆွေးနွေးပွဲတွင် အဓိကအကျဆုံးအချက်မှာ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့အရေးဖြစ်သည်။ ကိုးကန့်ဒေသတစ်ခွင်ရှိ စစ်တပ်စခန်းအားလုံးနီးပါးကို တိုက်ခိုက်သိမ်းယူထားသည့် MNDAA အနေဖြင့် လောက်ကိုင်မြို့တစ်ခုတည်းသာ သိမ်းပိုက်ရန် ကျန်ရှိနေသည်။
အသေးစိတ်အခြေအနေ မသိရသော်လည်း လောက်ကိုင်မြို့ကို လက်လွှဲပေးရန် စစ်ကောင်စီဘက်က လိုက်လျောသဘောတူထားသည်ကို တွေ့ရသည်။ လောက်ကိုင်မြို့ဧရိယာ တချို့တစ်ဝက်ကို ကိုးကန့်တပ်များ ခြေချထားပြီးဖြစ်သည်။ စစ်ကောင်စီသစ္စာခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် စစ်တပ်များလည်း ရှိနေသည့်အတွက် အဆုံးသတ်တိုက်ပွဲ မည်သို့ဖြစ်လာမည်ကို မသိရသေးပေ။
ထူးခြားချက်တစ်ခုမှာ စစ်ကောင်စီ၏ နေ့စဉ်ထုတ်ပြန်ချက်များတွင် MNDAA ကိုးကန့်အဖွဲ့နှင့် လောက်ကိုင်အခြေအနေကို ထည့်သွင်းပြောဆိုခြင်း မရှိသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။
စေ့စပ်ဆွေးနွေးပွဲ သဘောတူညီချက်မူကြမ်းအရ တရုတ်ဘက်က တောင်းဆိုသည့်အချက်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းဆက်စပ်ခေါင်းဆောင်များကို လွှဲပြောင်းပေးရေးဖြစ်သည်။ မြန်မာစစ်တပ်၏ ကာလကြာရှည် သစ္စာခံများဖြစ်ကြသည့် ကိုးကန့်ဒေသမှ ခေါင်းဆောင်များဖြစ်သည့် ဦးပယ်ဆောက် ချိန်၊ ဦးဝေဆန်း၊ ဦးလီ ကျိန်းချန် (ခ) ဦးလျိုပေါက်အတို့ အပါအဝင် ၁၀ ဦးကို တရုတ်အစိုးရက ဒီဇင်ဘာ ၁၁ တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
စိတ်ဝင်စားဖွယ်အချက်မှာ တရုတ်က ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်ခေါင်းဆောင်များနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုမှု မရှိခြင်းပင်။
တရုတ်က ဖမ်းဝရမ်းထုတ်ခဲ့သူများကို စစ်ကောင်စီကလည်း လိုက်လံဖမ်းဝရမ်းထုတ်ခဲ့ပြီး တချို့ကို ချက်ချင်းလက်ငင်း လက်ရဖမ်းပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အသံတိတ်နေသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲအရှိန် လျှော့ချနိုင်ရေးနှင့် စစ်မျက်နှာခွဲထုတ်ရေးအတွက် လောက်ကိုင်မြို့ကို အမှန်လက်လွှတ်ခံမလား၊ သစ္စာတော်ခံများကို တရုတ်ထံ လွှဲပြောင်းမလား စောင့်ကြည့်ရမည် ဖြစ်သည်။ ထို့အတူ မြောက်ပိုင်းအဖွဲ့ဝင်များအနေဖြင့်လည်း ၎င်းတို့အလိုရှိသည့် ထိန်းချုပ်နယ်မြေ ရရှိပြီးနောက် အခြေအနေတစ်ဆစ်ချိုးကို လက်ခံမည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ပင်။
အရေးကြီးဆုံးအနေဖြင့် တရုတ်က နယ်စပ်ရှိ တိုင်းရင်သားအဖွဲ့များကို မမျှော်မှန်းနိုင်သော အနာဂတ်ကာလအထိ အားပေးနေမည်လား သို့တည်းမဟုတ် နယ်စပ်ဒေသတွင် ၎င်းတို့အလိုရှိသူကို ဩဇာခံအုပ်ချုပ်သူအဖြစ် ပြောင်းလဲကာ နိုင်ငံကိုယ်စားပြုလက်နက်ကိုင်အဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ကိုသာ ဆက်ရှိစေမည်လားဆိုသည်မှာ ထည့်သွင်းစဉ်းစားစရာဖြစ်နေသည်။
တရုတ်အနေဖြင့် ယခင်အစိုးရလက်ထက်များကတည်းက မြန်မာနိုင်ငံတည်ငြိမ်ရေးကိုသာ လိုလားခဲ့ကြောင်း၊ ၎င်း၏အကျိုးစီးပွားများရှိနေသည့်အတွက် စစ်ကောင်စီကိုလည်း ထိုအတိုင်းပင် ပြောမည် ထင်ကြောင်း၊ ပြောမရ၍သာ အခြားနည်းစဉ်းစားနိုင်ကြောင်း ဒုအာဏာသိမ်းခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အတူတူတက်ရောက်ခဲ့သည့် စစ်တပ်အရာရှိဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
“စီမံကိန်းတွေက မြန်မာပြည်မငြိမ်းချမ်းရင် လုပ်မရတော့ စကစ (စစ်ကောင်စီ) ကိုလည်း အကြိမ်ကြိမ် ပြောမှာပဲ။ ပြောလို့မရတော့ တခြားနည်း စဉ်းစားနိုင်ပါတယ်။ စကစမရှိဘဲ နောက်အစိုးရတက်လာရင် ပထမဆုံးအသိအမှတ်ပြုကြိုဆိုမှာက တရုတ်ပဲလေ” ဟု ၎င်းက ဆိုသည်။