
မြန်မာ့အရေးနှင့် ပတ်သက်၍ လတ်တလောလွှမ်းမိုးနေသော အကြောင်းအရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ပွဲများပင်။ ထိုဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ ရုတ်တရက်စစ်ဆင်ရေးကြောင့် အာဏာသိမ်းစစ်တပ် အရေးမလှဖြစ်နေကာ စစ်စခန်းများစွာလည်း လက်လွတ်ဆုံးရှုံးထားသည်။
ရှမ်းမြောက်အခြေစိုက် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းအဖွဲ့ (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က အောက်တိုဘာ ၂၇ ရက်နေ့တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ကြောင်း ကြေညာပြီး နေရာအနှံ့ရှိ စစ်တပ်စခန်းများကို တစ်ပြိုင်နက်တိုက်ခိုက်ကြသည်။
ယခင်ကတည်းက မြန်မာစစ်တပ်နှင့် ပဋိပက္ခဖြစ်နေသည့် ထိုလက်နက်ကိုင်အဖွဲ့သုံးဖွဲ့မှာ အာဏာသိမ်းပြီးနောက်တွင်လည်း မကြာခဏ စစ်ပွဲဆင်နွှဲနေကြသည်။ စတင်ပေါ်ပေါက်လာချိန်က လက်နက်ကိုင်အဖွဲ့ငယ်များသာ ဖြစ်သော်လည်း လက်ရှိ၌ စစ်တပ်ယန္တရားတစ်ခုလုံးကို ကိုင်လှုပ်နိုင်သည်အထိ အင်အားကြီးထွားနေပြီဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” သီတင်းတစ်ပတ်ကျော်လာချိန်တွင် အနည်းဆုံး မြို့သုံးမြို့နှင့် စစ်စခန်းများ လက်လွတ်ဆုံးရှုံးခဲ့ရသည်ဟု စစ်ကောင်စီက လူသိရှင်ကြား ဝန်ခံပြောဆိုသည်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် နပ်စပ်မြို့ ချင်းရွှေဟော်၊ ကြူကုတ် (ပန်းဆိုင်း)၊ ဖောင်းဆိုင်နှင့် သိန္နီမြို့များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်လိုက်ပြီဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကူလာရောက်နိုင်မည့် လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားသည်။
အချိန်တိုအတွင်း နယ်စပ်ရှိ ပြည်သူ့စစ်အဖွဲ့ အပါအဝင် တပ်ရင်းတစ်ခုလုံး ဘက်ပြောင်းခိုလှုံသွားခြင်း၊ မြောက်မြားစွာသော လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ခြင်းတို့က စစ်ကောင်စီတပ်ကို ပို၍သွေးပျက်စေသည်။
စစ်ရေးနှင့် နိုင်ငံရေးအရ အလှည့်အပြောင်းတစ်ခုကို ဦးတည်စေနိုင်သည့် ရှမ်းမြောက်စစ်ပွဲများနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် နောက်ခံအကြောင်းရင်းများ ရှိနေသည်။
ကျားဖြန့်ဂိုဏ်းဂယက်နှင့် တရုတ်ဖိအား

တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့၏ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်ကို ကျော်လွန်နေပြီဖြစ်သည်။ စစ်တက္ကသိုလ်များနှင့် တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်တည်ရှိရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ဝန်းကျင်အထိ စစ်ပွဲရောက်လာသည့်အပြင် အခြားဒေသများအထိပါ ကူးစက်နေပြီဖြစ်သည်။
စစ်အာဏာရှင်ဖြုတ်ချရေး လက်နက်ကိုင်ခုခံတော်လှန်မှုမှာ သုံးနှစ်နီးပါးရှိလာချိန်အထိ အရှိန်ကောင်းနေဆဲဖြစ်သော်လည်း အာဏာသိမ်းစစ်တပ်ကို သိသိသာသာဖြိုလှဲနိုင်ခြင်း မရှိသေးပေ။ စုဖွဲ့မှုနှင့် လက်နက်ခဲယမ်းတွင် အကန့်အသတ်ရှိနေသောကြောင့် ထင်သလောက် ခရီးမပေါက်နိုင်သေးပေ။
သို့သော် နိုင်ငံတစ်နံတလျား ပုန်ကန်ထကြွမှုများကြောင့် အာဏာသိမ်းစစ်တပ် အလုပ်များနေချိန် တရုတ် – မြန်မာနယ်စပ်တစ်လျှောက် ခြေကုပ်ယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခွင့်ကောင်းရနေသည်။
စစ်ကောင်စီအတွက်မူ လက်နက်ကိုင်ပဋိပက္ခအပြင် အခြားဖိအားများလည်း ရှိနေသည်။
ရှမ်းမြောက်ဒေသတစ်ခွင် အကြီးအကျယ်စစ်ဖြစ်လာစေသည့် အကြောင်းရင်းတစ်ရပ်မှာ ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြု ငွေလိမ်ဂိုဏ်းများဂယက်နှင့် တရုတ်အစိုးရ၏ ဖိအားပေးမှုဖြစ်သည်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ နယ်စပ်ဒေသများတွင် ကာလကြာရှည် အမြစ်တွယ်နေသည့် လောင်းကစားလုပ်ငန်းများ ဖြိုခွင်းရေးအတွက် ယခုနှစ်အစောပိုင်းမှစ၍ တရုတ်အစိုးရက တိုက်ရိုက်ဖိအားပေးလာခဲ့သည်။
ယခုနှစ် မေလအတွင်း နေပြည်တော်သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် ချင်ကန်း ရောက်လာခဲ့သည်။ တရုတ်အစိုးရက နေပြည်တော်နှင့် ဆက်ဆံရေးကို တစ်မျိုးတစ်ဖုံပြောင်းလဲကာ စစ်ကောင်စီကို အလေးပေးဆက်ဆံလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အမှန်တကယ်၌မူ တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်စက်စက်၏ (နေပြည်တော်ခရီးစဉ်အပြီး မကြာမီ ရာထူးမှ ဖယ်ရှားခံရ) ခရီးစဉ်မှာ ကျားဖြန့်နှိမ်နင်းရေးနှင့် ဆက်စပ်နေသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ထိုခရီးစဉ်မှာ ကျားဖြန့်နှိမ်နင်းရေး တိုက်ရိုက်ဖိအားပေးရန်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် (၂၀) မြောက် နိုင်ငံလုံးဆိုင်ရာညီလာခံလမ်းညွှန်မှုကို အပြည့်အဝဖော်ဆောင်ရန် နေပြည်တော်သွားရောက်ခြင်းဖြစ်သည်ဟု တရုတ်သတင်းဌာန ဆင်ဟွာက ရေးသားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းမှာ မြန်မာနယ်စပ်ရှိ ကျယ်ခေါင်နှင့် ရွှေလီမြို့တို့ကို ဝင်ရောက်စစ်ဆေးပြီး နောက်တစ်ရက်တွင် နေပြည်တော်ရောက်လာခြင်းဖြစ်သည်။ ချင်ကန်းသည် နေပြည်တော်၌ စစ်ကောင်စီအပြင် အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ပါ တွေ့ဆုံခဲ့သည်။
ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်အစိုးရ၏ BRI စီမံကိန်းကြီးများအကြောင်း ဆွေးနွေးသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ဖော်ပြခဲ့ခြင်းမရှိပေ။
နောက်ပိုင်းတွင် ရန်ကုန်ရှိ တရုတ်သံအမတ် နေပြည်တော်သို့ အကြိမ်ကြိမ်သွားရောက်ကာ စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ တရုတ်သံအမတ်သည် လအနည်းငယ်အတွင်း နေပြည်တော်သို့ ၇ ကြိမ်ထက်မနည်း သွားရောက်ခဲ့သည်။ သံအမတ်သာမက တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ်ဖြစ်သူလည်း နေပြည်တော်သို့ ဒုတိယအကြိမ်ရောက်လာခဲ့သည်ကို တွေ့ရသည်။
တရုတ်သံအမတ် နှစ်လနီးပါး ပျောက်ပြီးနောက် ပေါ်လာသည့် စစ်ဆင်ရေး

လွန်ခဲ့သည့် ဇွန်လတွင် စစ်ကောင်စီက အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ သံသယရှိသူ ၆ ဦးကို ဖမ်းဆီးပြီး ရန်ကုန်လေဆိပ်၌ တရုတ်ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်။ တရုတ်ဘက်က အလိုရှိနေသော အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူများကို စစ်ကောင်စီက ပထမဆုံးဖမ်းပေးခဲ့ခြင်းဖြစ်သည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင် တရုတ်သံအမတ်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနှင့် လာအိုသံအမတ်တို့ကို တွေ့ဆုံပြီး အွန်လိုင်းလောင်းကစားလုပ်ငန်း ပူးပေါင်းတိုက်ဖျက်ရေးအတွက် ဆွေးနွေးသည်။ ထိုအတောအတွင်း၌ပင် တရုတ်၊ ထိုင်း၊ မြန်မာနှင့် လာအိုတို့မှ ရဲတပ်ဖွဲ့များ သုံးလေးကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးကြသည်။
ထို့နောက် ရက်ပိုင်းအကြာတွင် စစ်ကောင်စီက ငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်သူ ၂၆ ဦးကို နှစ်ကြိမ်ခွဲ ဖမ်းဆီးကာ တရုတ်လက်အပ်နှံသည်။ သို့သော် နောက်ပိုင်းတွင် ဘာသံမျှ ထပ်မကြားရတော့ပေ။
ကျားဖြန့်ဂိုဏ်းဆက်နွှယ်သူများ ဖမ်းဆီးရေး စစ်ကောင်စီဘက်က ငြိမ်သက်သွားချိန်တွင် တရုတ် – မြန်မာနယ်စပ်၌ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများ ပေါ်ပေါက်လာသည်။ စက်တင်ဘာလဆန်းတွင် “ဝ” တပ်ဖွဲ့က ကျားဖြန့်လုပ်ငန်းမှ တရုတ် ၁၂၀၀ ကျော်ကို ဖမ်းကာ တရုတ်လက် အပ်နှံလိုက်သည်။ “ဝ” တပ်ဖွဲ့က လူပေါင်း ၁၂၀၀ ကျော်ကို ဖမ်းဆီးအပ်နှံသည့်သတင်းမှာ ဟိုးလေးတကျော်ဖြစ်သွားကာ ကမ္ဘာ့သတင်းမီဒီယာများကပင် ရေးသားဖော်ပြကြသည်။
သို့သော် ကျားဖြန့်ဂိုဏ်းဂယက် အစပိုင်းသာဖြစ်သည်။
အောက်တိုဘာ ၁ ရက်နေ့တွင် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး တရုတ်နိုင်ငံဘက်ခြမ်းတွင် အဖမ်းခံရသည်။ စီးပွားရေးဆိုင်ရာပွဲတစ်ခုကို သွားတက်စဉ် တရုတ်အာဏာပိုင်များက အင်အားသုံးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် စစ်ကောင်စီနှင့် နီးစပ်သည့် ကြံ့ခိုင်ရေးပါတီဝင် လုပ်ငန်းရှင်တစ်ဦးလည်း ပါဝင်သည်။ ရက်ပိုင်းအကြာတွင် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့က ကျားဖြန့်ဂိုဏ်းများနှင့် ဆက်စပ်ဖွယ်ရှိသူ ၄၀၀ နီးပါးကို တရုတ်အစိုးရထံ အပ်နှံသည်။
ကျားဖြန့်ဂိုဏ်းဂယက် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး အောက်တိုဘာ ၁၂ ရက်နေ့တွင် “ဝ” ပြည်အစိုးရအဖွဲ့ ခေါင်းဆောင်ပိုင်းနှင့် ဆက်စပ်သူနှစ်ဦးကို တရုတ်အစိုးရက ဆုကြေးငွေဖြင့် ဖမ်းဝရမ်းထုတ်သည်။ အွန်လိုင်းလောင်းကစားလုပ်ငန်းကို ဦးဆောင်နေသည့် ထိပ်သီးဂိုဏ်းခေါင်းဆောင်နှစ်ဦး ဖြစ်သည်ဟု တရုတ်အစိုးရက အတိအလင်းကြေညာသည်။ သုံးလေးရက်အကြာတွင် စစ်ကောင်စီကလည်း ထိုဝခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ကြောင်း လိုက်ကြေညာသည်။
ထိုအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ပျောက်ကွယ်နေကာ အရိပ်အယောင်မျှပင် မတွေ့ရပေ။ စက်တင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ်နိုင်ငံတည်ထောင်မှု (၇၄) နှစ်မြောက် အခမ်းအနားတွင် စစ်ကောင်စီဘက်က ဒုဝန်ကြီးချုပ်အဆင့် တက်ရောက်လာခဲ့သော်လည်း တရုတ်ဘက်မှ သံရုံးယာယီတာဝန်ခံသာ ဦးဆောင်ခဲ့သည်ကို တွေ့ရသည်။
အောက်တိုဘာလလယ်ပိုင်း၌ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် တတိယအကြိမ် BRI ထိပ်သီးဖိုရမ် ကျင်းပသည်။ တရုတ်နှင့် နီးကပ်သည့် နိုင်ငံတကာခေါင်းဆောင်အတော်များများ တက်ရောက်ခဲ့သော ထိုပွဲတွင် မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်တက်ရောက်ခွင့်ရခဲ့သူမှာ ပို့ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဘေဂျင်းမြို့တော်သို့ ခြေချခွင့်ရသည့် ပထမဆုံးသော စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည်။
တရုတ်အစိုးရက နေပြည်တော်နှင့် အဆက်အဆံမပြတ်သော်လည်း စစ်ကောင်စီကိုယ်စားပြုဝန်ကြီးများအနေဖြင့် တရုတ်နိုင်ငံအစွန်အဖျားဒေသဖြစ်သော ယူနန်နှင့် အနီးတစ်ဝိုက်ကိုသာ သွားလာခွင့်ရသည်။
နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရချိန် အိမ်နီးချင်း အင်အားကြီးနိုင်ငံ၏ အားပေးထောက်ခံမှု အရေးတကြီးလိုအပ်နေသော်လည်း နေပြည်တော်ရှိ စစ်ခေါင်းဆောင်များ ဘေဂျင်းသို့ ဖိတ်ခေါ်မခံရပေ။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်မူ တရုတ်နိုင်ငံဘက်ခြမ်းသို့ ခြေချခွင့်မရသည်မှာ အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိဖြစ်သည်။
ကျားဖြန့်ဂိုဏ်းကိစ္စ ဂယက်ထလာချိန် ထူးထူးဆန်းဆန်းပျောက်နေသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Chen Hai ကို အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြန်တွေ့ရသည်။ ရန်ကုန်မြို့၌ တရုတ်သံရုံးက ကြီးမှူးပြုလုပ်သည့် “Belt and Road” ဆွေးနွေးပွဲတက်ရောက်ခဲ့ခြင်းပင်။ နှစ်လနီးပါး ပျောက်နေရာမှ ရုတ်တရက် ပြန်ပေါ်လာခြင်းဖြစ်သည်။
နောက်တစ်ရက်တွင် ရှမ်းမြောက်ဒေသ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ စစ်ဆင်ရေးကြီး ပေါ်ထွက်လာသည်။ နှစ်လနီးပါး ပျောက်နေသည့် တရုတ်သံအမတ် လူမြင်ကွင်းပြန်ရောက်လာချိန် ထိုစစ်ဆင်ရေး ပေါ်ပေါက်လာခြင်းမှာ ထူးဆန်းသောတိုက်ဆိုင်မှုပင်။

ကျားဖြန့်ကိစ္စ တိုင်းရင်းသားအဖွဲ့တွေကို အပြစ်ပုံချ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအကြာ အောက်တိုဘာ ၃၀ ရက်နေ့တွင် နေပြည်တော်သို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong ရောက်လာသည်။ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဦးဆောင်သော အဖွဲ့နှင့် ဆွေးနွေးပွဲပြုလုပ်ပြီး ကျားဖြန့်ကိစ္စ အဓိကထားဆွေးနွေးသည်။
တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်သော Wang Xiaohong က နောက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့သည်။ ထို့ပြင် စစ်ကောင်စီ၏ လဝကဝန်ကြီးနှင့်လည်း သီးသန့်တွေ့ဆုံခဲ့သည်။ ခရီးစဉ်တစ်လျှောက် နှစ်ဖက် အသေးစိတ်ဆွေးနွေးချက်များကို မသိရသော်လည်း ထုတ်ပြန်ချက်များအရ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေးပင်ဖြစ်သည်။
တရုတ်လုံခြုံရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်နှင့် အချိန်ကိုက်ပင် စစ်ကောင်စီက ကျားဖြန့်ဂိုဏ်းကိစ္စ ပထမဆုံးအကြိမ် အကျယ်တဝင့် ထုတ်ဖော်ပြောဆိုသည်။ တရုတ်နိုင်ငံမှ Phoenix သတင်းဌာနနှင့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ တွေ့ဆုံမေးမြန်းခန်းကို နိုင်ငံပိုင်သတင်းစာများမှနေ၍ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။
သီတင်းတစ်ပတ်ခန့်အကြာ အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်ထားသည့် ထိုတွေ့ဆုံမေးမြန်းခန်းမှ ကောက်နုတ်ချက်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နေပြည်တော်၌ တရုတ်အစိုးရထိပ်ပိုင်းခေါင်းဆောင် ရောက်နေချိန် စစ်ကောင်စီထုတ်ပြန်ချက်၏ အဓိကဆိုလိုရင်းမှာ ကျားဖြန့်ကိစ္စ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်သာ တာဝန်ရှိသည်ဟု လက်ညှိုးထိုး အပြစ်ပုံချခြင်းဖြစ်သည်။ ကျားဖြန့်လုပ်ငန်းတွင် ၎င်းတို့ပါဝင်ပတ်သက်မှု မရှိကြောင်း၊ “ဝ” နှင့် မိုင်းလား အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လုပ်ကိုင်နေကြောင်း၊ ၎င်းတို့ထိန်းချုပ်မှုမှ လွတ်မြောက်နေသည့် ဝနှင့် မိုင်းလားဒေသကို ဝင်ရောက်အရေးယူနိုင်ရေး တရုတ်အကူအညီလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
တရုတ်အစိုးရနှင့် ပူးပေါင်းပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ယခုနှစ်အကုန် အမြစ်ပြတ်ချေမှုန်းသွားရန်ရှိသည်ဟုလည်း စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်က ကတိပြုသည်။
သို့သော် ကျားဖြန့်ကိစ္စတွင် ၎င်းတို့အနေဖြင့် သာမန်အနေအထားဖြင့်သာ ကိုင်တွယ်ခဲ့ပြီး ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ တရုတ်ဘက်က အကြောင်းကြားလာမှသာ တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီဘက်က ဝန်ခံပြောဆိုသည်။
၁၀၂၇ စစ်ဆင်ရေး ရည်ရွယ်ချက်

မြောက်ပိုင်းအခြေစိုက် မဟာမိတ်ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးရည်ရွယ်ချက်ထဲတွင် တရုတ်အစိုးရလိုလားသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ နှိမ်နင်းရေးလည်း ပါဝင်နေသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော MNDAA၊ TNLA နှင့် AA တို့၏ အောက်တိုဘာ ၂၇ ရက်နေ့ ကြေညာချက်တွင် စစ်အာဏာရှင်အမြစ်ပြတ်ရေးဆိုသည့် ဦးတည်ချက်ကို ရှေ့တန်းတင်ထားကာ နယ်မြေဒေသ ပိုမိုထိန်းချုပ်ရေးကိုလည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။
စစ်ဆင်ရေးရည်ရွယ်ချက်နှင့် ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို နိုဝင်ဘာ ၂ ရက်နေ့တွင် ဆက်သွယ်မေးမြန်းရာ၌ စစ်အာဏာရှင်အမြစ်ပြတ်ရေးနှင့် ကျားဖြန့်ဂိုဏ်းနှိမ်နင်းရေး အဓိကဖြစ်သည်ဟု တုံ့ပြန်ပြောဆိုသည်။
အတိုင်းအတာတစ်ခုထိ တရုတ်အစိုးရ၏ လွှမ်းမိုးမှုရှိနေသည့် နယ်စပ်တစ်လျှောက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ထိုမျှကြီးကျယ်သော စစ်ဆင်ရေးမျိုး တစ်မုဟုတ်ချင်းဆင်နွှဲနိုင်ခြင်းမှာ နောက်ကွယ်တွင် တရုတ်အစိုးရထောက်ခံမှုရှိနေသည်ဆိုသော ယူဆချက်များလည်း ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခု၏ စစ်ဆင်ရေးရည်ရွယ်ချက်တွင် စစ်ကောင်စီကို တော်လှန်နေသော မြန်မာပြည်သူများ၏ ထောက်ခံမှုကိုသာမက တရုတ်အစိုးရလိုလားနေသော ကျားဖြန့်နှိမ်နင်းရေးကိုပါ ချိတ်ဆက်ထားသည်။
မြောက်ပိုင်းအခြေစိုက် MNDAA၊ TNLA နှင့် AA တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်သော်လည်းကောင်း၊ နွေဦးတော်လှန်ရေး ဆင်နွှဲနေသော လက်နက်ကိုင်အဖွဲ့များနှင့်သော်လည်းကောင်း ပေါ်ပေါ်ထင်ထင် ပူးပေါင်းဆောင်ရွက်နေခြင်း မရှိပေ။ သို့သော် PDF အဖွဲ့များကိုမူ တစ်နည်းနည်းဖြင့် ကူညီထောက်ပံ့ခဲ့သည်ကို တွေ့ရသည်။
၎င်းတို့နည်းတူ အင်အားကြီးလက်နက်ကိုင်အဖွဲ့များဖြစ်သော ဝ၊ မိုင်းလားနှင့် SSPP/SSA တို့ကလည်း စစ်ကောင်စီနှင့် ထိပ်တိုက်တွေ့ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားကာ နွေဦးတော်လှန်ရေးကာလတစ်လျှောက် သိုသိုသိပ်သိပ် နေထိုင်လှုပ်ရှားခဲ့ကြသည်။
ထိုသုံးဖွဲ့၏ထိုးစစ်တွင် အာဏာသိမ်းပြီးမှ ပေါ်လာသော ငယ်ရွယ်ပြီး စိတ်ဓာတ်တက်ကြွနေသည့် ပြည်မမှ လူငယ်အများအပြားနှင့် စုဖွဲ့ထားသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (PDF-MDY) တို့ ပါဝင်ခဲ့ကြသည်။
PLA သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင်တပ်ဖြစ်သည်။ ဗကပသည် ၁၉၈၉ မှစပြီး လက်နက်ကိုင်တပ်မရှိတော့ရာမှ နွေဦးတော်လှန်ရေးကာလတွင် PLA ကို ပြန်လည်စုဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် သုံးလခန့်အကြာ ၂၀၂၁ ဧပြီတွင် ဖွဲ့စည်းခဲ့သည့် ဗမာလူမျိုးကိုယ်စားပြုတပ် (BPLA) သည်လည်း ကာလအတန်ကြာ ငြိမ်သက်နေခဲ့ရာမှ မြောက်ပိုင်းတပ်များနှင့်အတူ ရုတ်တရက်ပါဝင်တိုက်ခိုက်ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF-MDYသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ စုဖွဲ့မှုအောက်တွင် ရှိသည်။
သို့သော် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် လူထုတစ်ရပ်လုံး ဝိုင်းဝန်းထောက်ခံကြရန်၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် ၎င်းတို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ကြရန် မြောက်ပိုင်းသုံးဖွဲ့က ဖိတ်ခေါ်သည်။ နေရာဒေသအနှံ့တွင် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသော စစ်ရေးလှုပ်ရှားမှုများ စတင်နေပြီဖြစ်ရာ မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေးရည်မှန်းချက် အထမြောက်အောင်မြင်သည်ဟု ဆိုနိုင်သည်။

စစ်ကောင်စီတပ် အခြေအနေ
လက်နက်ကိုင်ပုန်ကန်တော်လှန်မှုကို ဆယ်စုနှစ်နှင့်ချီ ကြုံတွေ့ခဲ့ပြီးဖြစ်သောကြောင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် မြန်မာစစ်တပ်အတွက် အထူးအဆန်းမဟုတ်ဟု ဆိုမည်ကဆိုနိုင်သည်။
သို့သော် အတိတ်ကာလနှင့် သိသိသာသာ ကွဲပြားခြားနားသည့် အခြေအနေကို အာဏာသိမ်းစစ်တပ် ရင်ဆိုင်နေရသည်။ အထူးသဖြင့် လူထုထောက်ခံမှုမရှိခြင်းနှင့်အတူ စစ်သည်များ စိတ်ဓာတ်ပျက်ယွင်းလာကာ တပ်ရင်းတပ်ဖွဲ့များ အခြေပျက်လာသည်မှာ ငြင်းမရနိုင်ပေ။ ရှမ်းမြောက်တိုက်ပွဲများအတွင်း မဆုတ်တမ်းခံစစ်စခန်းများ လွယ်လင့်တကူ လက်လွတ်ဆုံးရှုံးခြင်း၊ အချိန်မီ စစ်ကူရောက်မလာနိုင်ခြင်း၊ သံချပ်ကာယာဉ် အပါအဝင် လက်နက်ကြီးငယ်နှင့် ခဲယမ်းများ မရေမတွက်နိုင်အောင် ဆုံးရှုံးခြင်းတို့က အခြေအနေအရပ်ရပ်ကို သိသာမြင်သာစေလျက်ရှိသည်။
ထိုအချက်ကို စစ်တပ်အရာရှိဟောင်းများပင် လက်ခံထားသည်။
“တပ်တွေက ပင်ပန်းနေပြီ။ တိုက်ရည်ခိုက်ရည်ကျတယ်” ဟု ဆိုလာသူမှာ လက်ရှိ စစ်တပ်ထိပ်ပိုင်းခေါင်ဆောင်များနှင့် စစ်တက္ကသိုလ် အတူတူတက်ရောက်ခဲ့သူ အရာရှိဟောင်းတစ်ဦးဖြစ်သည်။ အခြေအနေအရ ထိုစစ်တပ်အရာရှိက ၎င်း၏အမည်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပေ။
“တပ်တွေက ခိုင်းရင် လုပ်မှာပါ။ သို့သော် အသေအလဲ မလုပ်တော့ဘူးထင်တယ်” ဟုလည်း ၎င်းက မှတ်ချက်ပြုပြီး မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့၏ စစ်ရေးစီမံချက်ကိုလည်း ချီးမွမ်းသည်။
“မဟာမိတ်တွေ ခုလောက် အောင်မြင်တာလည်း စစ်ရေးအရ ထက်မြက်တာ ပြတာပဲလေ။ ဒါကို ထိန်းထားဖို့လိုမယ်။ တပ်မတော်ကတော့ သိက္ခာကျသွားတယ်” ဟု သူက ဆိုသည်။

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီဘက်က အလွန်အကျွံ အထိနာခဲ့ရသည့် အကြောင်းရင်းများတွင် စစ်သားများ၏ အခြေအနေနှင့်လည်း သက်ဆိုင်နေသည်ဟု အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်က ထောက်ပြသည်။
“အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ရောက်နေတဲ့ စစ်သားတွေဟာ တရားမဝင်စီးပွားရေးကိစ္စတွေနဲ့ပဲ လုံးပန်းနေတာများတယ်။ ဒုတိယအနေနဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးစီမံချက် အရမ်းကောင်းတယ်။ စစ်ကူတက်လာမယ့်နေရာတွေကို ဟန့်တားထိန်းချုပ်ထားနိုင်တယ်”
ထို့ပြင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကွာခြားချက်ရှိနေပြီး၊ စစ်တပ်ခေါင်းဆောင်များသည် အောက်က တင်ပြသည်ကို လက်မခံဘဲ တိုင်းရင်းသားအဖွဲ့များတွင်မူ မြေပြင်တပ်မှူးများကို ဦးစားပေးသည်ဟုလည်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
စစ်ကောင်စီကမူ တိုင်းရင်းသားအဖွဲ့များက အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့်ဟု အကြောင်းပြသည်။
ထိုသို့ဆိုသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်တော့မည့်အကြောင်း စစ်ကောင်စီဘက်က ကြိုတင်သိရှိခဲ့သည့်အပြင် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသအာဏာပိုင်များက သတိပေးတင်ပြခဲ့သည်ဟုလည်း သိရသည်။
စစ်ကောင်စီဘက်က ကြိုသိနေခဲ့ကြောင်း၊ မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေးမစတင်မီ သုံးရက်အလိုကပင် ရှမ်းမြောက်ဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်များ၏ လုံခြုံရေးကို သတိထားဆောင်ရွက်ရန် စစ်ကောင်စီလက်အောက်ခံ ပို့ဆက်ဝန်ကြီးဌာနက ညွှန်ကြားလာသည်ဟု မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ဖွင့်ဟသည်။
ရှမ်းမြောက်တိုက်ပွဲများအတွင်း MNDAA၊ TNLA၊ AA နှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် အင်အားမည်မျှဖြင့် ဝင်ရောက်တိုက်ခိုက်သည်ကို မသိရပေ။ ထိုသုံးဖွဲ့ပေါင်းသည် အင်အား တစ်သောင်းခွဲမှ နှစ်သောင်းဝန်းကျင်ဖြင့် စစ်ဆင်ရေးဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု အကဲခတ်များက ယူဆထားသည်။
ရှမ်းမြောက်စစ်ပွဲ အလားအလာ
စစ်ကောင်စီသာမက မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးအပေါ် ဩဇာသက်ရောက်မှုရှိသည့် တရုတ်အစိုးရက စစ်ပွဲရပ်ရန်၊ သက်ဆိုင်သူများ ညှိနှိုင်းဖြေရှင်းရန် နိုဝင်ဘာ ၂ ရက်နေ့တွင် ဒုတိယအကြိမ် ထုတ်ဖော်ပြောဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာသတင်းဌာနများ၏ မေးမြန်းမှုအပေါ် တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတို့က ပြန်လည်ဖြေကြားစဉ် ထိုသို့ထည့်သွင်းပြောဆိုခြင်းဖြစ်ကာ မြန်မာနယ်စပ်တွင် ဖြစ်ပေါ်နေသော အခြေအနေများကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဆိုသည်။
တရုတ်နှင့် နီးကပ်သည့်အပြင် MNDAA၊ TNLA၊ AA တို့၏ ကာလကြာရှည်မဟာမိတ်များဖြစ်သော “ဝ” နှင့် မိုင်းလားအဖွဲ့တို့က ၎င်းတို့အနေဖြင့် စစ်ရေးပဋိပက္ခတွင် ပါဝင်မည်မဟုတ်ကြောင်း နိုဝင်ဘာ ၁ ရက်နေ့တွင် ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ပြီး အမြန်ဆုံးအပစ်အခတ်ရပ်စဲကြရန်လည်း တိုက်တွန်းသည်။
အင်းအားအကြီးဆုံး တိုင်းရင်းသားလက်နက်အဖွဲ့ဖြစ်သည့် “ဝ” တပ်ဖွဲ့ (UWSA) ၏ ကြေညာချက်တွင် စစ်ပွဲတွင် ပါဝင်စွက်ဖက်မည်မဟုတ်သော်လည်း နယ်မြေထိပါးကျူးကျော်လာပါက လက်တုံ့ပြန်တိုက်ခိုက်မည်ဟု ဖော်ပြသည်။ မည်သည့်အဖွဲ့၏ နယ်မြေကျူးကျော်မှုကို ရည်ညွှန်းသည်ဟု ထည့်သွင်းပြောဆိုခြင်းမရှိသော်လည်း လေပိုက်နက်ဟု ဆိုသောကြောင့် လေတပ်ရှိသည့် တစ်ခုတည်းသောအဖွဲ့ စစ်ကောင်စီကို ရည်ညွှန်းသည်ဟု နားလည်ရသည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ “၁၀၂၇ စစ်ဆင်ရေး” တွင် ပါဝင်သူများကို တိုက်ခိုက်ချေမှုန်းမည်ဟု ကြွေးကြော်သည်။ ရှမ်းမြောက်တိုက်ပွဲများတွင်သာမက ကချင်နှင့် စစ်ကိုင်းတိုင်းမှ စစ်ရေးလှုပ်ရှားမှုများတွင်ပါ ထဲထဲဝင်ဝင်ပါဝင်နေသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ အမည်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။
အလားတူပင် ရှမ်းမြောက်တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုရာတွင်လည်းကောင်း၊ စစ်ကောင်စီထိန်းချုပ် သတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များတွင်လည်းကောင်း AA ၏အမည်ကို တမင်တကာချန်လှပ်ထားသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် လပေါင်းများစွာကြာသည်အထိ မြန်မာစစ်တပ်နှင့် တစ်ကြိမ်တစ်ခါမက စစ်ဆင်နွှဲဖူးသည့် AA တပ်ဖွဲ့သည် MNDAA၊ TNLA တို့နှင့် မဟာမိတ်ပြုထားသည်သာမက KIA အပါအဝင် မိုင်းလားအဖွဲ့၊ “ဝ” အဖွဲ့တို့နှင့်လည်း ခိုင်ခိုင်မာမာ ကူးလူးဆက်ဆံနေသော အဖွဲ့ဖြစ်သည်။
“အချုပ်အခြာအာဏာကို အစွမ်းကုန်ကာကွယ်မည်၊ ဆုံးရှုံးသွားသည့်နယ်မြေများ ပြန်လည်ရရှိအောင် တိုက်ခိုက်မည်” ဟု စစ်ကောင်စီဘက်က ကြွေးကြော်ထားကာ ရှမ်းမြောက်ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” ရက်ပေါင်းတစ်ဆယ်နီးပါးမျှ ရှိလာချိန် ယနေ့ (နိုဝင်ဘာ ၄) အထိ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။ ရှမ်းမြောက်သာမက ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်း နေရာအနှံ့အပြားတွင်လည်း ဒေသကာကွယ်ရေးတပ်များက မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီစခန်းများကို တစ်ပြိုင်နက်တိုက်ခိုက်ခြင်းများရှိနေသည်။ ထို့အတူ ကရင်ပြည်နယ်နှင့် ကရင်နီဒေသတွင်လည်း မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေးကို ထောက်ခံကြောင်း ပြသရန် တိုက်ပွဲများဖော်ဆောင်နေသည်။
မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေးကြောင့် စစ်နယ်ဝန်း ကျယ်သည်ထက်ကျယ်လာကာ စစ်ကောင်စီအတွက် အလွန်ခက်ခဲသော အခြေအနေဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“ဒီတစ်ပွဲကတော့ စစ်ကောင်စီ တောင့်ခံထားနိုင်ရင် တောင့်ခံထား။ တောင့်မခံနိုင်ရင်တော့ အခု တပ်ရင်းလိုက် လက်နက်ချလာတာတွေ ရှိလာပြီ။ နောက်ပိုင်းဆိုရင် ဗျူဟာအလိုက်၊ တပ်မအလိုက်ပါ လက်နက်ချလာဖို့ အနေအထားတွေ ဖြစ်လာနိုင်တယ်”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့ အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)