သတင်း

‘ဝ’နယ်မှ ငွေလိမ်ဂိုဏ်းခေါင်းဆောင် နှစ်ဦးဖမ်းမိရေး တရုတ်က ဆုကြေးငွေထုတ်

ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်တို့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ကျားဖြန့်ဂိုဏ်းမှ အရေးကြီးခေါင်းဆောင်များဖြစ်ကာ ၎င်းတို့ကို ဖမ်းမိရေး သတင်းပေးနိုင်ပါက ဆုကြေးငွေ ယွမ်တစ်သိန်းမှ ငါးသိန်းအထိ ပေးမည်ဟု တရုတ်က ကြေညာသည်။

မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ‘ဝ’ အဖွဲ့ (UWSA) ကြီးစိုးရာ နယ်မြေတွင် ကျင်လည်ကျက်စားနေသည့် “ကျားဖြန့်” ခေါ် အွန်လိုင်းမှ ငွေလိမ်သည့်ဂိုဏ်း၏ အရေးကြီးခေါင်းဆောင်နှစ်ဦးကို ဖမ်းမိရေး တရုတ်အစိုးရက ဆုကြေးငွေထုတ်လိုက်သည်။

ချန်ရန်ပန် (ပေါက်အိုက်ပန်း) နှင့် ရှောက်ရန်ပန် (ဟော်ချွင်ထင်) တို့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ကျားဖြန့်ဂိုဏ်မှ အရေးကြီးခေါင်းဆောင်များဖြစ်ကာ ၎င်းတို့ကို ဖမ်းမိရေး သတင်းပေးနိုင်ပါက တရုတ်ယွမ်ငွေ တစ်သိန်းမှ ငါးသိန်းအထိ ဆုကြေးပေးမည်ဟု ဆိုသည်။ မြန်မာကျပ်ငွေအားဖြင့် ကျပ် သိန်း ၄၅၀ မှ ကျပ်သိန်း ၂၀၀၀ ကျော်ဖြစ်သည်။

ယမန်နေ့ (အောက်တိုဘာ ၁၂) က ထုတ်ပြန်သည့် တရုတ်အစိုးရ၏ အများပြည်သူလုံခြုံရေးဌာန ကြေညာချက်တွင် ဂိုဏ်း ခေါင်းဆောင်နှစ်ဦးအမည်ကို Chen Yanban (also known as Bao Yanban) and Xiao Yanblock (also known as He Chuntian) ဟု ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် ကျားဖြန့်ဂိုဏ်းများ၏ ခေါင်းကိုင်များဖြစ်ကြောင်း လုံလောက်သည့် သက်သေအထောက်အထားများရှိကြောင်းနှင့် လာရောက်အဖမ်းခံရန်ကိုလည်း တရုတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြကာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၂) မှ ဖြစ်သည်ဟု ဆိုသည်။

အထူးဒေသ (၂) သည် မြန်မာအစိုးရအဆက်အဆက် အသိအမှတ်ပြုထားသည့် ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်သည်။

တရုတ်ဘက်က အလိုရှိနေသူနှစ်ဦးမှာ ဝတပ်ဖွဲ့မှ ခရိုင်မှူးနှင့် ဗျူဟာမှူးအဆင့်ရှိ ခေါင်းဆောင်များဖြစ်ကာ လက်ရှိတာဝန်ထမ်းဆောင်ဆဲဖြစ်သည်ဟု ဝပြည်နယ်၊ ပန်ဆန်းမြို့တွင် လက်ရှိနေထိုင်လျက်ရှိသည့် ဝလူငယ်တစ်ဦးက ဆိုသည်။

ဝပြည်အစိုးရအဖွဲ့၏ လှုပ်ရှားမှုများတွင် တွေ့ရလေ့ရှိသူများဖြစ်သည့်နည်းတူ ယခင်အစိုးရများလက်ထက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးနှင့် ဆိုင်သော အခမ်းအနားများတွင်လည်း လိုက်ပါလေ့ရှိသည်ဟု ဝလူငယ်က အတည်ပြုသည်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဝပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူးနှင့် UWSA ဝနယ်၊ မိုင်းလင်းခရိုင်မှူးတို့ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးသုတေသီ ဦးရဲမျိုးဟိန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားပြီး ထိုသူတို့သည် ‘ဝ’ခေါင်းဆောင် ပေါက်ယူချန်း၏ တူနှင့် သမက်ဟောင်းတို့ ဖြစ်သည်ဟုလည်း ဆိုသည်။

ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန၏ ၂၀၁၈ အတွင်းက သတင်းတစ်ပုဒ်တွင်လည်း ပေါက်အိုက်ပန်းသည် ဝခေါင်းဆောင် ပေါက်ယူချမ်း၏ တူဖြစ်ပြီး ဝလက်နက်ကိုင်တပ် တပ်မဟာ ၄၆၈ ခေါင်းဆောင်ဟု ဖော်ပြသည်။

တရုတ်ဘက်က ဆုကြေးငွေထုတ်ထားသူနှစ်ဦးနှင့် ပတ်သက်၍ UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာတွင် အသေးစိတ်မသိရသဖြင့် ဌာနချုပ်ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်ဟု ယနေ့တွင် တုံ့ပြန်ပြောဆိုသည်။

“ကျားဖြန့်” ဆိုသည်မှာ အင်တာနက် (သို့) တယ်လီဖုန်း စသည်တို့မှတစ်ဆင့် လောင်းကစားအပါအဝင် ငွေကြေးလိမ်လည်သည့် လုပ်ငန်းဖြစ်သည်။ တရုတ်နိုင်ငံသားများကို လူကုန်ကူးခြင်း၊ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းအလုပ်ခိုင်းစေခြင်း၊ တရုတ်တို့ကို ဦးတည်လိမ်လည်ခြင်း အစရှိသည့် တိုင်ကြားမှုများကြောင့် တရုတ်အစိုးရက လောက်ကိုင်ကျားဖြန့်ဂိုဏ်းများကို နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ကာ ဖြိုခွဲလျက်ရှိသည်။

ကျားဖြန့်ဂိုဏ်းများက မြန်မာပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များ ထိန်းချုပ်ရာဒေသများ၊ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်တို့တွင် အခြေစိုက်ကြောင်း တရုတ်ဘက်က မကြာခဏ ထုတ်ပြောလေ့ရှိသည်။

ကျားဖြန့်ဂိုဏ်းများကို ဖမ်းဆီးပေးရန် တရုတ်က ‘ဝ’ တပ် UWSA အပါအဝင် လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတို့ကို အပြင်းအထန် ဖိအားပေးနေသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ နှင့် ၇ ရက်နေ့များက တရုတ်အစိုးရ၏ တောင်းဆိုမှုကြောင့်  ‘ဝ’ လက်နက်ကိုင်တပ် UWSA က ၎င်းတို့နယ်ထဲမှ ကျားဖြန့်ဂိုဏ်းဝင်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပေးခဲ့သည်ဟု UWSA ပိုင် WSTV သတင်းဌာနက ကြေညာခဲ့သည်။

သို့သော် ယခုတစ်ကြိမ် ‘ဝ’ တပ်ဖွဲ့ အရာရှိများကို တရုတ်ဘက်က ဖမ်းဝရမ်းထုတ်သည့် သတင်းကိုမူ UWSA ပိုင် သတင်းဌာနက တုံ့ပြန်ခြင်းမရှိသေးပါ။

နယ်စပ်လောင်းကစားဂိုဏ်းဝင်များဟု သဲံသယရှိသူများကို ‘ဝ’ လက်နက်ကိုင်တပ် UWSA က တရုတ်ရဲများထံ ၂၀၂၃ စက်တင်ဘာ ၆ နှင့် ၇ ရက်များအတွင်းက လွှဲပြောင်းပေးနေစဉ် (ဓာတ်ပုံ – WSTV)

ထို့အတူ မြန်မာ-တရုတ် နယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကိုးကန့်စီးပွားရေးသမား ၁၁ ဦးကိုလည်း ကျားဖြန့်သံသယဖြင့် အောက်တိုဘာ ၁ ရက်နေ့တွင် တရုတ်ရဲတို့က တရုတ်ပြည် လင်ချန်းပြည်နယ်တွင် ဖမ်းဆီးခဲ့သည်။ ဖမ်းခံရသူများထဲတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်လောင်း၊ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့၏ အဆက်အနွယ်များ ပါရှိခဲ့သည်။

ကိုးကန့်သူဌေးများ ဖမ်းဆီးခံရပြီး သီတင်းတစ်ပတ်အကြာ အောက်တိုဘာ ၇ ရက်နေ့တွင် ကိုးကန့်၊ လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရန် စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်များက သဘောတူခဲ့ရပြီး သံသယရှိသူ ၃၈၀ နီးပါးကို တရုတ်ထံ အပ်ခဲ့ရသည်။

ကျားဖြန့်ဂိုဏ်းဝင်များဟု သံသယရှိသူများကို စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်များက၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့က တရုတ်ထံ ပြန်လည်အပ်နှံနေပုံ (ဓာတ်ပုံ – ကိုးကန့်သတင်းပြန်ကြားရေး)

တရုတ်အစိုးရသတင်းဌာန ဆင်ဟွာ (မြန်မာပိုင်း) ၏ အဆိုအရ မြန်မာပြည်မြောက်ပိုင်းမှ ကျားဖြန့်ဂိုဏ်းဝင် သံသယရှိသူ ၂၀၁၇ ဦးကို မြန်မာဘက်ခြမ်းမှ ဖမ်းဆီးပြီး တရုတ်ဘက်သို့ ပို့ဆောင်ထားသည်ဟု အောက်တိုဘာ ၉ ရက်နေ့က ရေးသားသည်။

သံသယတရားခံများကို တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား၊ ဟေးလုံကျန်း၊ ကျဲ့ကျန်း၊ အန်းဟွေး၊ ဖူကျန့်၊ ဟဲနန်၊ ချုံချင့် စသည့် စစ်ကြောရေးစခန်းများထံ ဆက်လက်ပို့ဆောင်သည်ဟုလည်း ရေးသားသည်။

UWSA သည် မြန်မာ-တရုတ် နယ်စပ် ပန်ဆန်းတွင် အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် ၁၉၈၉ တွင် တည်ထောင်ထားသည့် ထိုအဖွဲ့သည် အင်အား ၃၀၀၀၀ နှင့်အထက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များတွင် အင်အားအကြီးဆုံးဖြစ်ကြောင်း သုတေသီတို့က တွက်ဆကြသည်။

 ‘ဝ’ တပ်သည် စစ်ကောင်စီနှင့် တိုက်ရိုက်စစ်ပွဲများ မဖြစ်ပွားသော်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေးရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button