သတင်း

၁၀၂၇ စစ်ဆင်ရေးပါဝင်သူများကို ချေမှုန်းမည်ဟု စစ်တပ်ကြုံးဝါး၊ AA အမည်ကို ချန်လှပ်

၁၀၂၇ စစ်ဆင်ရေးနှင့် ပတ်သက်၍ MNDAA နှင့် TNLA တို့တွင် တာဝန်ရှိသည်ဟု စစ်ခေါင်းဆောင်က ပြောဆိုသော်လည်း ယင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် AA အမည်ကို ချန်လှပ်ထားသည်။

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲသူများကို တန်ပြန်ချေမှုန်းမည်ဟု စစ်ခေါင်းဆောင်က ယမန်နေ့ (နိုဝင်ဘာ ၂) နေပြည်တော်အစည်းအဝေးတွင် ကြုံးဝါးပြောဆိုခဲ့သော်လည်း ရက္ခိုင့်တပ်တော် (AA) အမည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

AA သည် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့နှင့်အတူ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီကို စစ်ကြေညာထားသည့် အဖွဲ့ဖြစ်သည်။ ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးနှင့်အပြိုင် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီစခန်းများကို တိုက်ခိုက်ရာတွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်အတူ တိုက်ပွဲဝင်နေသည်။

မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့၏ စစ်ဆင်ရေး သီတင်းတစ်ပတ်အတွင်း စစ်စခန်း ၉၀ ကျော်နှင့် မြို့လေးမြို့ ကျသွားခဲ့ပြီး ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ်TNLA တို့တွင် တာဝန်ရှိသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

ထို့အတူ ၁၀၂၇ စစ်ဆင်ရေးနှင့်အပြိုင် ကချင်ပြည်နယ်အတွင်း စစ်တပ်စခန်းများ တိုက်ခိုက်ခံရမှုအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို အပြစ်တင်ခဲ့သည်။ သို့သော်လည်း KIA နှင့်အတူ ပူးတွဲကာ စစ်ဆင်ရေးဖော်ဆောင်နေသည့် AA ကိုမူ ထည့်သွင်းဝေဖန်ခြင်း မပြုပေ။

ကချင်ပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများတွင် KIA နှင့်အတူ AA တပ်သားများ ပါဝင်တိုက်ခိုက်နေသည့် ဓာတ်ပုံများနှင့်အတူ မြောက်ပိုင်းမဟာမိတ်များက သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၃၁ က ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမအနီးရှိ စစ်ကောင်စီ၏ ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်းကို KIA တပ်များနှင့်အတူ တက်သိမ်းခဲ့သည့် AA တပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ – ၁၀၂၇ စစ်ဆင်ရေး)

အလားတူ ၁၀၂၇ စစ်ဆင်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီထိန်းချုပ်သတင်းစာများက နေ့စဉ်ဖော်ပြရာ၌ AA နှင့် စပ်လျဉ်း၍ တစ်လုံးတစ်ပါဒမျှ ထည့်သွင်းဖော်ပြခြင်း မရှိဘဲ MNDAA၊ TNLA နှင့် KIA တို့၏ အုံကြွတိုက်ခိုက်မှုများဖြစ်သည်ဟု ရေးသားသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့်လ ၃၁ ရက်နေ့က နေပြည်တော်တွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong နှင့် တွေ့ဆုံချိန်တုန်းကလည်း ၁၀၂၇ စစ်ဆင်ရေးသည် MNDAA ၏ တိုက်ခိုက်မှုဟုသာ ပြောဆိုခဲ့ပြီး AA အကြောင်း ထည့်သွင်းပြောဆိုခြင်းမရှိခဲ့ပေ။

၁၀၂၇ စစ်ဆင်ရေးနှင့် ကချင်ပြည်နယ် တိုက်ခိုက်မှုများအတွက် AA ကို ချန်လှပ်ပြီး ကျန်အဖွဲ့များကို အပြစ်ဖို့သည့် စစ်ခေါင်းဆောင်၏ ပြောစကားကို သတင်းစာများက ပြန်လည်ဖော်ပြခဲ့သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ကို အပြစ်မဖို့ 

နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ မိုင် ၇၀၀ နီးပါး ဝေးသည့် နိုင်ငံအရှေ့မြောက် ကိုးကန့်ဒေသတွင် မဟာမိတ်တပ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပါဝင်နေသည်ကို သိရှိကြောင်း စစ်ကောင်စီဘက်က တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

“လားရှိုးရဲ့အရှေ့ဘက် နှစ်နေရာလောက်မှာတော့ TNLA နဲ့ AA ပူးပေါင်းအဖွဲ့လို့ ကျွန်တော်တို့ ယူဆရတယ်။ အဲ့ဒီအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတာရှိတယ်” ဟု အောက်တိုဘာ ၂၇ တွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ကျောထောက်နောက်ခံ သတင်းဌာနများကို ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ထို့အတူ စစ်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ပထမဆုံး သဘောထားမှတ်ချက်ပေးခဲ့သည့် နိုဝင်ဘာ ၁  ရက်နေ့ ပြောဆိုချက်များတွင်လည်း AA တပ်များ ပါဝင်တိုက်ခိုက်နေသည့်အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ကိုးကန့်ခေါင်းဆောင်၏ AA အတွက် လက်ဆောင်သေနတ် ၁၀၀

၂၀၀၉ တွင် AA တပ်ဖွဲ့ကို လူ ၂၆ ယောက်ဖြင့် စတင်တည်ထောင်ချိန်၌ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က သေနတ်အလက် ၁၀၀ နှင့် RPG ပခုံးထမ်းလောင်ချာ နှစ်လက် လက်ဆောင်ပေးခဲ့သည်ဟု AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယမန်နှစ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ဟာ အဲဒီသေနတ် ၁၀၀ ရယ်၊ RPG နှစ်လက်ရယ်။ အဲဒါကို ကိုင်ပြီးမှ ရခိုင်ပြည်ကို ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ ရခိုင်တော်လှန်ရေးအတွက် အင်မတန်အရေးပါတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

AA ခေါင်းဆောင်က ယမန်နှစ် မတ်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) အခြေစိုက်ရာ မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် အသက် ၉၄ နှစ်အရွယ် ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားတွင် ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးဖုန်ကြားရှင်၏ ဈာပန၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝမ်းနည်းကြောင်း သဝဏ်လွှာနှင့် လွမ်းသူ့ပန်းခွေပေးပို့ခဲ့သည်။ နောက်တစ်ရက်တွင် MNDAA ကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ဦးဖုန်ကြားရှင်၏ နာရေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် လွမ်းသူ့ပန်းခြင်း။ ဓာတ်ပုံ- The Kokang

ထိုနေ့မှ စတင်ရေတွက်ပါက တစ်နှစ်နှင့် ၁၀ လပြည့်ချိန် ၂၀၂၃ အောက်တိုဘာတွင် ဦးဖုန်ကြားရှင် တည်ထောင်ခဲ့သည့် ကိုးကန့်တပ် MNDAA ကို သူ၏ သားဖြစ်သူ ဦးဆောင်ပြီး AA၊ TNLA တို့နှင့်အတူ စစ်ကောင်စီကို စစ်ကြေညာခဲ့သည်။

ထိုစစ်ပွဲက ၎င်းတို့ကို တော်လှန်သည့် တိုက်ခိုက်မှုမဟုတ်ဘဲ ကိုးကန့်မျိုးနွယ်စုချင်း နယ်မြေလုသည့် စစ်ပွဲဟုသာ သဘောထားကြောင်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ထုတ်ဖော်ပြောဆိုသည်။

ကွယ်လွန်ချိန်တွင် မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း စစ်ခေါင်းဆောင်က သဝဏ်လွှာပို့ခဲ့သော်လည်း တော်လှန်ချိန်တွင်တော့ ကိုးကန့်မျိုးနွယ်စုများသည် စစ်အာဏာရှင်စနစ်ထက် ပိုဆိုးသည့် စစ်ဘုရင်စနစ်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝေဖန်ခဲ့သည်။

ရခိုင်ဒေသခံများ ဗုံးခိုကျင်းတူးနေ

၁၀၂၇ စစ်ဆင်ရေးကြောင့် ရခိုင်ဒေသတွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာနိုင်သည်ဟု ဒေသခံများက ယူဆထားကြသည်။ ထို့ကြောင့် မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော် စသည့် မြို့နယ်များရှိ ကျေးရွာများတွင် ဒေသခံများက ဗုံးခိုကျင်းများ တူးနေကြသည်ဟု သိရသည်။

ထိုသို့ပြင်ဆင်ကြရန် AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မြေပြင်အရာရှိများက ညွှန်ကြားထားသည်ဟု ဒေသခံများက ဆိုသည်။

“တိုက်ပွဲဖြစ်လာမယ်လို့တော့ ပြောနေကြတယ်။ စပါးရိတ်သိမ်းပြီးရင် ဖြစ်ရင်လည်း ကောင်းမှာပဲ။ အခုက စပါးရိတ်ကြတုန်း” ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကတော့ တစ်နိုင်ငံလုံး ရန်သူဝိုင်းနေသည့် စစ်ကောင်စီသည် ရခိုင်တွင် စစ်မျက်နှာသစ် ဖွင့်မည်ဟု မထင်ကြောင်း ပြောသည်။

“ဒီနေ့ဖို့အချိန်မှာတော့ မြောက်ပိုင်းမဟာမိတ်စစ်ဆင်ရေးမှာလည်း စစ်ကောင်စီ အထိနာနေတယ်။ လက်နက်ချသူ၊ ထွက်ပြေးသူ၊ လက်နက်တွေသိမ်းဆည်းရမိတာတွေနဲ့ ဒီဘက်က အောင်ပွဲရနေတဲ့ကာလ။ ဒီလိုကာလမျိုးမှာတော့ သူတို့ ရခိုင်မှာ စစ်မျက်နှာဖွင့်ချင်မယ်လို့ မထင်ဘူး။ ဖွင့်ရင်လည်း သူတို့အတွက် အရူးမီးဝိုင်းဖြစ်သွားနိုင်တယ်” ဟု ရခိုင်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်းက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – AA Info Desk)

စစ်ကောင်စီနှင့် AA တို့သည် ၂၀၁၉ ဇန်နဝါရီ ၄ ရက် မှစတင်ပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ကြရာမှ အာဏာမသိမ်းခင်နှင့် သိမ်းပြီးချိန်များတွင် နှစ်ကြိမ်တိုင် အပစ်ရပ်သဘောတူခဲ့ကြသည်။ အာဏာမသိမ်းခင် လပိုင်းအလို ၂၀၂၀ နိုဝင်ဘာတွင် ပထမဆုံးအပစ်ရပ်သဘောတူညီခဲ့ကြသော်လည်း ၂၀၂၂ သြဂုတ်လဆန်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

တစ်ကျော့ပြန်တိုက်ပွဲများ စတင်ပြီး လေးလခန့်အကြာ ၂၀၂၂ နိုဝင်ဘာတွင် နောက်တစ်ကြိမ် အပစ်ရပ်ခဲ့ကြပြန်သည်။

အပစ်ရပ်သဘောတူညီမှု နှစ်ခုစလုံးတွင် ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ကြားဝင်စေ့စပ်ပေးခဲ့ပြီး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခြင်းမဟုတ်ဘဲ နားလည်မှုဖြင့် အပစ်ရပ်ထားကြသည်ဟု ယုံကြည်ရသည်။ ၂၀၁၉-၂၀၂၀ အတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင်သာ ဖြစ်ပွားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ၂၀၂၂ အတွင်း တိုက်ပွဲများတွင် ရခိုင်တောင်ပိုင်းဒေသများအထိ AA တပ်များက ရောက်လာကာ စစ်ကောင်စီကို ထိုးစစ်ဆင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button