သတင်း

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကို ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်းနေ 

ဝါရင့် ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်၍ သတင်းမီဒီယာတစ်ခုထံ ဦးဖေသန်း၏ ပြောကြားချက်အပေါ် တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) တို့ဖြင့် စစ်ကောင်စီလက်အောက်ခံ မြေပုံမြို့မရဲစခန်းမှ အရာရှိတစ်ဦးက ယမန်နေ့ (စက်တင်ဘာ ၁၇) တွင် အမှုဖွင့်ခဲ့သည်။

ထိုသို့အမှုဖွင့်ပြီးနောက် စစ်ကောင်စီက ၎င်းကို ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း ဦးဖေသန်းက Myanmar Now ကို ယနေ့ပြောသည်။

“ဒီလ ၁၅ ရက်နေ့က DMG သတင်းဌာနမှာ အင်တာဗျူး‌ဆောင်းပါးတစ်ပုဒ်ပါတယ်။ အဆုံးအဖြတ် ရှုံးထွက် အဲဒါတွေနဲ့ ပတ်သက်လို့ အထက်က ခရိုင်ရဲတပ်ဖွဲ့က မြို့နယ်ရဲတပ်ဖွဲ့ကို ပုဒ်မ ၅၀၅(က)၊ ၆၆ (ဃ) နဲ့ အမှုဖွင့်ဖို့ခိုင်းတယ်။ မြို့နယ်ရဲမှူးကနေပြီးတော့ အဲဒီပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ တရားခံကို ရှာဖွေ ဖမ်းဆီးဖို့နဲ့ တရားရုံးကိုတင်ဖို့ လုပ်နေကြတယ်” ဟု ဦးဖေသန်းက ပြောသည်။

ယခုလ ၁၄ ရက်က AA ၏ထုတ်ပြန်ချက် အပါအဝင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းဌာနက မေးမြန်းရာတွင် ဦးဖေသန်းက မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ 

၎င်းအနေဖြင့် လက်လွတ်စပယ်ပြောခြင်းမျိုး မဟုတ်ဘဲ မြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေမှန်များကို ပြောခြင်းသာဖြစ်ကြောင်း စစ်ကောင်စီလက်မှ လွတ်မြောက်နေသူ ဦးဖေသန်းက တုံ့ပြန်သည်။

“တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ ကိုယ့်တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ၊ အဲဒီအခြေအနေကို ကျွန်တော့်အနေနဲ့ မျက်ကွယ်ပြုလို့ မရဘူးလေ။ သူတို့ မကြိုက်တဲ့ စကားလုံးတွေပါလို့ တရားစွဲတာ နေမှာပေါ့” ဟု ၎င်းက ဆိုသည်။

ဦးဖေသန်းသည် ရခိုင်အမျိုးသားပါတီ (ANP) တွင် မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ပါတီမှ နုတ်ထွက်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကာ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများလည်း ရှိနေသည်။

လွန်ခဲ့သည့်နှစ်ရက်က ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်တွင် စစ်ရေယာဉ် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက အနည်းဆုံး လူ ၅ ဦးခန့်ကို ဖမ်းဆီးခဲ့ကာ မြို့အဝင်အထွက်နှင့် ရေလမ်းကြောင်းများကိုပါ ပိတ်ဆို့ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button