သတင်း

ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီရေယာဉ် လက်နက်ကြီးဖြင့် ပစ်ခံရ

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်တွင်  ယမန်နေ့ (စက်တင်ဘာ ၁၆) က စစ်ရေယာဉ်တစ်စီးကို ရက္ခိုင့် တပ်တော် (AA)က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မွန်းလွဲ ၁ နာရီဝန်းကျင်က တောင်ကုတ်မြို့အနောက်ဘက် တစ်မိုင်ခန့်အကွာ ရွှေလင်းယုန်ဆိပ်ကမ်းအနီး တောင်ကုတ်‌ချောင်းအတွင်း ရိက္ခာများတင်လာသည့် စစ်ရေယာဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

“အဲဒီပစ်ခတ်ခံရတဲ့ ရေယာဉ်က တောင်ကုတ်ချောင်းကနေ မာန်အောင်ဘက်ကိုလာတဲ့ လမ်းမှာရှိတဲ့ မကျည်းကျွန်းအနီးမှာ ရပ်သွားတယ် စက်နှိုးလို့ မရတော့ဘူး ပါလာတဲ့ရိက္ခာတွေကို တခြားဇက်တစ်စီးနဲ့ ချိန်းပြီးတော့ မာန်အောင်ဘက်ကို သွားတာတွေ့တယ်” ဟုပြောသည်။ 

စစ်ရေယာဉ် ပစ်ခတ်ခံရသည့်နေရာမှ တစ်မိုင်ခန့်အကွာ မှိုဟင်းတောကျေးရွာမှ တောင်ကုတ်‌ချောင်းအတွင်းမှ ပစ်ခတ်သံများ ကြားရကြောင်းလည်း မှိုဟင်းတောကျေးရွာမှ ရွာလူကြီးတစ်ဦးက ပြောသည်

“အဲဒီဘီလူးတောင်အနီးက ချောင်းထဲမှာ စစ်တပ်က ရေတပ်သင်္ဘောတွေရှိတယ်။ အဲဒီ ရေတပ်သင်္ဘောတွေရှိတဲ့ ဘက်ကနေ ပစ်ခတ်သံတွေ ထွက်တာပါ”ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်၏ ရိက္ခာတင်ရေယာဉ်ကို AA က စတင်ပစ်ခတ်ခဲ့ပြီး  နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ နောက်တစ်ဦးက ပြောသည်။

“ စစ်တပ်က သင်္ဘောပေါ်မှာ ရိက္ခာတင် နေတဲ့အချိန် AA က အရင်စပစ်တာလို့လည်း ပြောကြတယ် သေနတ်ပစ်သံနဲ့ လက်နက်ကြီးပစ်သံကို ကြားလိုက်ရတာ” ဟု ထိုဒေသခံက ဆက်ပြောသည်။

ထို့နောက် ညနေ ၃ နာရီခန့်တွင် တောင်ကုတ်မြို့အခြေစိုက် စစ်ဆင်ရေးကွက်ကွဲမှုဌာနချုပ် (စကခ ၅) မှ ထိုပစ်ခတ်ခံရသည့် အနီးဝန်းကျင်ကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း တောင်ကုတ်မြို့ မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွှေလင်းယုန်ဆိပ်ကမ်း အနီးအနားတွေကို စစ်တပ်က ရှင်းလင်းရေးလုပ်တာတွေ့ရတယ် ပြီးတော့ သတင်းတစ်ခု ထွက်တာက ပစ်ခတ်ခံရတဲ့နယာဉ်ပေါ်မှာပါတဲ့ စစ်ကောင်စီတပ်သားတွေ အကျအဆုံးရှိတယ်လို့ ပြောတယ် ချောင်းထဲမှာ အလောင်းတွေပါ မျောနေတာကို တွေ့တဲ့လူတွေလည်းရှိတယ်လို့ ပြောကြတယ်”ဟု ဆိုသည်။

စစ်တပ်နှင့် AA တို့ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေရာ တိုက်ပွဲ မရှိသလောက်ဖြစ်သော တောင်ပိုင်းတွင်ပါ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလာခြင်း ဖြစ်သည်။ 

စစ်ကောင်စီတပ် အသေအဆုံးနှင့်ပစ်ခတ်တိုက်ခိုက်ခံရမှုအတွက် စစ်ကောင်စီနှင့် AA တို့ထံ ဆက်သွယ်မေးမြန်း မရသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button