အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

“တိုက်ပွဲကတော့ မလွဲမသွေဖြစ်လာမယ်”၊ ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်း

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာနေချိန်တွင် AA စစ်ဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်နယ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း AA က ယခုရက်ပိုင်းအတွင်း သတင်းပေးထုတ်ပြန်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်က ဖိတ်ခေါ်ထားသော်လည်း AA အနေဖြင့် နေပြည်တော်သွားရောက်မည် မဟုတ်ပေ။ လတ်တလော ရခိုင်နိုင်ငံရေးအခြေအနေနှင့် NUG နှင့် AA ဆွေးနွေးမှုတို့အပေါ် ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကို Myanmar Now က ယမန်နေ့ (မေ ၁၈) တွင် ဆက်သွယ်မေးမြန်းထားသည်။ 

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းမှာ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ နုတ်ထွက်ထားသူဖြစ်သည်။ ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ကို စစ်ကောင်စီက ရာထူးပေးပြီးနောက် ပါတီရပ်တည်ချက်ကို သဘောမကျသဖြင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း ဦးဖေသန်းက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။ 

မေး – NUG နဲ့ AA တို့ တွေ့ဆုံဆွေးနွေးကြတဲ့အပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါလဲ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖြေ – NUG ဘက်ကရော စစ်ကောင်စီဘက်ကရော ULA/AA နဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်တာတွေရှိတယ်။ ဒါပေမဲ့ ULA/AA က အရင်တုန်းက တုံ့ပြန်တာကတော့ ကိုယ့်ရခိုင်ပြည်နယ်ရဲ့ သီးသန့်အနေအထားပေါ်မှာ မူတည်ပြီးတော့ သူတို့နဲ့ မပူးပေါင်းဘူးပေါ့။ မပူးပေါင်းနိုင်ခဲ့ဘူးပေါ့။ အဲဒါကို နားလည်ဖို့ ပြောခဲ့တာတွေရှိတယ်။ 

အခုစစ်ကောင်စီဘက် ဖိတ်ကြားတဲ့အပေါ်မှာ ULA/AA က မတက်ရောက်ခဲ့ဘူးပေါ့။ ဒါကလည်း သူ့မဟာမိတ်အဖွဲ့တွေရဲ့ သဘောထားနဲ့လည်း ဆိုင်ကောင်းဆိုင်ပါလိမ့်မယ်။ ဒါပေမဲ့ NUG ရဲ့ ဖိတ်ခေါ်ချက်အပေါ်မှာ အွန်လိုင်းက ဆွေးနွေးဖြစ်တယ်ပေါ့။ အစည်းအဝေးသွားပြီးတော့ တက်ရောက်တဲ့သဘောမျိုးတော့ မဟုတ်ပါဘူး။ အွန်လိုင်းက ဆွေးနွေးဖြစ်တယ်။ 

ဖြစ်တဲ့အခါမှာ ပထမဆုံးအကြိမ်လည်းဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ စစ်ဦးစီးချုပ်ကိုယ်၌ကလည်း အဲဒီလို ကိုယ့်ဟာနဲ့ကိုယ်ပဲ နွေဦးတော်လှန်ရေးမှာမပါဘဲ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ရပ်တည်နေတယ်လို့ ပြောထားခဲ့တဲ့အတွက်နဲ့ ဒါကတော့ ထဲထဲထဲဝင်ဝင်ဆွေးနွေးပြီးတော့ အဖြေရှာတဲ့ လုပ်ရပ်မျိုးတော့ မဟုတ်ဘူး။ 

ကျွန်တော်တို့ အဖွဲ့အစည်းနှစ်ခု ပဏာမမိတ်ဆက်ပုံစံမျိုးနဲ့ တွေ့ဆုံတဲ့ပုံစံမျိုးပေါ့။ နိုင်ငံရေးယဉ်ကျေးမှုအရ လက်ခံတွေ့ဆုံကြတဲ့သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီအပေါ်မှာတော့ ဘယ်လိုခေါ်မလဲ အဖြေတစ်ခုခုတော့ သူတို့ဘက်က ဆွဲထုတ်နိုင်တဲ့ အခြေအနေမျိုးထိ သဘောတူညီချက်တွေတော့ ရှိခဲ့မယ်မဟုတ်ဘူးလို့တော့ ကျွန်တော်မြင်ပါတယ်။

မေး – AA ရဲ့ စစ်ကောင်စီအပေါ်ထားတဲ့ သဘောထားက ဘယ်လိုရှိတယ်လို့ မြင်ပါသလဲ။

ဖြေ – စစ်ကောင်စီနဲ့ AA ကြားမှာ ငြိမ်းချမ်းရေးတည်ဆောက်ထားတယ်ဆိုရင်တော့ ဘာမှ ကတိကဝတ်မရှိဘူး။ ကတိကဝတ်လည်း မရှိဘူး။ လုပ်ပေးရမဲ့တာဝန်လည်း မရှိဘူး။ ဒါကြောင့် စစ်ကောင်စီကို အစည်းအဝေးသွားမတက်တဲ့ဟာမှာလည်း သူ့အနေနဲ့ ဒီလိုကတိကဝတ် မရှိတဲ့အတွက်၊ ဆွေးနွေးပွဲတွေလည်း မရှိတဲ့အတွက် ဒီအစည်းအဝေးကို သူ့ဘက်က မတက်ဘူးလို့ ကျွန်တော်မြင်တယ်။ 

ဒါပေမဲ့ ဒီဘက်က ခံစားမှုကတော့ ကျွန်တော်တို့ ULA/AA ကတော့ သိပ်တွေးမဲ့ပုံ မပေါ်ဘူးပေါ့နော်။ လောလောဆယ် အခက်အခဲ ရခိုင်ပြည်နယ်ထဲမှာ အခက်အခဲတွေဖြစ်နေတာပေါ့။ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာပေါ့။ အဲဒါကလည်း ULA/AA ဘက်က ပြည်သူတွေကို သတိပေးထားတာတွေရှိတယ်။ စစ်ရေးကတော့ ဆက်ပြီးတော့ တင်းမာနေဖို့ပဲရှိတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီဘက်ကလည်း အုပ်ချုပ်ရေးယန္တရားကို ဖျက်ဆီးတာတို့၊ တရားစီရင်ရေးလုပ်ငန်းတွေကို ဖျက်ဆီးတာတို့ ပြီးတော့ ULA/AA ဘက်က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဖမ်းတာတို့ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်တာတို့ အဲဒီလို နေ့တိုင်းနေ့တိုင်းပေါ့နော်။ အဲဒီလိုလုပ်ငန်းတွေကို လုပ်နေတဲ့အခါမှာ ဒါက သတိလည်းပေးပြီးပြီ။ နပခတိုင်းမှူးကို ဗိုလ်ချုပ်က သတိပေးပြီးပြီ။ 

ဆိုတဲ့အထဲမှာ သူတို့ဘက်က အဲဒီလိုဆက်လုပ်နေမယ်ဆိုရင်တော့ ULA/AA နဲ့ မြန်မာ့တပ်မတော်ကြားမှာတော့ တိုက်ပွဲတော့ မလွဲမသွေဖြစ်လာမယ်။ အနှေးနဲ့အမြန်တော့ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် သူ့အနေနဲ့တော့ ဒီဘက်ကို စစ်ရေးအရပဲ ဖြေရှင်းဖို့ လောလောဆယ်အခြေအနေ မြင်တယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးကတိကဝတ် မရှိခဲ့လို့ပါ။

မေး – NUG ရဲ့ တော်လှန်ရေးအပေါ် ဘယ်လိုမြင်ပါလဲ၊ ဘယ်လိုသုံးသပ်ပါသလဲ။ 

ဖြေ – ULA/AA တော့ ဘယ်လိုသုံးသပ်လဲ မသိဘူး။ ကျွန်တော့်ပုဂ္ဂိုလ်ရေးအရ ပြောရရင်တော့နော်။  ဒီအချိန်မှာတော့ ကျွန်တော်တို့ ဘယ်သူ့ကိုမှ သွားပြီးတော့ ယုံလို့တော့မရဘူး။ အကုန်လုံးက ကိုယ့်အကျိုးအတွက် လုပ်ဆောင်နေတဲ့ အခြေအနေမျိုးမှာ သူတို့ရဲ့ ကတိကဝတ်တွေက ကျွန်တော်တို့အတွက် စိတ်မချရဘူးပေါ့။ 

ပြီးတော့ ကတိကဝတ်ပေးပြီးတော့ ဖော်ဆောင်နိုင်တဲ့ အင်အားလည်း မရှိသေးဘူးပေါ့။ အခြေအနေလည်း မရှိသေးဘူး။ NUG ကိုလည်း ကျွန်တော်တို့ ဒါနိုင်ငံရေးရပေါ့နော် သဘောထားတင်းမာတယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဆက်ဆံတဲ့သဘောလို့ပဲ ကျွန်တော်တို့က သုံးသပ်တယ်။

ပြီးတော့ NUG ဘက်ကလည်း ဒါက တွေ့ရုံနဲ့ပဲ ငါတို့ကို ထောက်ခံပြီ၊ ငါတို့နဲ့အတူ လုပ်ဆောင်ပြီ၊ ပူးတွဲလုပ်ဆောင်ပြီဆိုပြီးတော့ ပနာယူလို့တော့ မရဘူးပေါ့။ သူ့ဘက်က လက်တွေ့ ULA/AA နဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ဘာတွေဆောင်ရွက်ပေးမယ်၊ ဘာတွေအခွင့်အရေးပေးမယ် ဘယ်လိုမျှော်မှန်းချက်ရှိတယ်ဆိုတာကို ဆက်ပြီးတော့ လုပ်ဆောင်ရအုံးမှာပေါ့။ 

ဒီပါးစပ်က လေနဲ့ ပြောတာလောက်နဲ့တော့ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ကျေးဇူးတင်ဖို့လည်း မလိုဘူး။ ကျေးဇူးတင်စရာအကြောင်းလည်း မရှိဘူးပေါ့။ အခု ကိုယ့်ရခိုင်ပြည်နဲ့ ပတ်သက်ပြီးတော့ ULA/AA ရဲ့ ဦးဆောင်မှုအောက်မှာပဲ ကျွန်တော်တို့က နိုင်ငံရေး၊ စစ်ရေးအခြေအနေအောက်မှာပဲ ကျွန်တော်တို့ ပြည်သူတွေကတော့ ရုန်းကန်ရမှာဖြစ်ပါတယ်။ 

NUG ကတော့ ရခိုင်ပြည်နယ်အစိုးရဆိုတဲ့ စကားလုံးကိုလည်း သုံးသွားတာပေါ့နော်။ ဒါကလည်း သူ့တို့အနေနဲ့ ဒီအပေါ်မှာ ဒီဘက်ကို နှစ်သိမ့်တဲ့အနေနဲ့ပေါ့ ဒီဘက်က သဘောကျမဲ့ စကားလုံးတွေကို သုံးသွားခြင်းသာဖြစ်တယ်။ ​ရေရှည်မှာ သူတို့ဘက်က ဒီလိုပဲသုံးသွားမယ် ဒီ ULA/AA နဲ့ ဆက်ဆံတဲ့အခါမှာလည်း ဒီသဘောတရားအတိုင်းပေါ့နော်။ ရခိုင်ပြည်နယ်ဆိုတဲ့ အ‌ပေါ်မှာ မူတည်ပြီးတော့ ဆက်ဆံသွားမှာတော့ မဟုတ်ဘူး။ 

ဆိုတော့ ဒါတွေလည်းပဲ အကျိုးလိုလို့ ညောင်ရည်လောင်းတဲ့ အဆင့်ပေါ့နော်။ ဒါတွေကိုတော့ ဆက်ပြီးတော့ သုံးနေပြီးတော့ ဒီလိုနှစ်သိမ့်နေမယ်ဆိုတာ နိုင်ငံရေးမှာ တော်တော်လေးကို နုတဲ့အဖွဲ့အစည်းတွေကိုပဲ ရကောင်းရပါလိမ့်မယ်။ အဓိကတော့ NUG  အဲဒီလိုပြောလာပြီဆိုရင်တော့ သူတို့ပြောခဲ့တဲ့ စကားအပေါ်မှာပေါ့နော် သူတို့တာဝန်ခံရမယ်၊ တာဝန်ယူရလိမ့်မယ်ပေါ့နော်။ နောက်လည်း အဲလိုအသုံးအနှုန်းမျိုး သုံးနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။

မေး – ဖြည့်စွက်ပြီးတော့ ဘာများပြောချင်ပါ‌သေးလဲ။ 

ဖြေ – အဓိကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အခု မိုးဦးရာသီလည်း ရောက်လာပြီဗျ။ ပြည်သူတွေ စားဝတ်နေရေးအတွက် တော်တော့်ကို အခက်အခဲဖြစ်နေတဲ့ အချိန်ကာလလည်းဖြစ်တယ်။ လယ်သမားတွေကလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်ကို ဝင်ရတော့မဲ့အချိန်အခါလည်း ဖြစ်တယ်။ ပြီးတော့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးကလည်း တအားကျဆင်းနေတယ်။ လူငယ်လူရွယ်တွေကလည်း အကုန် နိုင်ငံခြားကို ထွက်ကုန်ပြီ အကုန်လုံး။ 

အဲလိုစားဝတ်နေနေရေး မပြည့်စုံတဲ့အခြေအနေမျိုးမှာပေါ့နော်၊ တိုက်ပွဲတစ်ခုဖြစ်ဖို့ဆိုတဲ့ စစ်ရောင်လည်း သန်းနေတယ်ပေါ့။ စစ်အရိပ်အရောင်လည်း သန်းနေတဲ့အခါမှာ ကျွန်တော်တို့က ဒါက မဖြစ်ပါနဲ့ဆိုလို့လည်း မရဘူး။ မဖြစ်စေချင်တဲ့ ဆန္ဒကို ပြောလို့လည်း မရဘူး။ 

ဆိုတော့ ဒီစစ်ကောင်စီနဲ့ ULA/AA ကြားမှာ ကတိကဝတ်တွေလည်း မရှိဘူးဆိုတဲ့အခါမှာ စစ်ပွဲကတော့ အချိန်မရွေးဖြစ်နိုင်တယ်ဆိုပြီး ဒီဘက်ကလည်း ကြေညာချက်ထုတ်ပြီးသားဆိုတော့ ဖြစ်ဖို့လည်းများပါတယ်။ ဒီအတိုင်း ULA/AA ရဲ့ လုပ်ငန်းစဉ်တွေကို စစ်ကောင်စီက နှောင့်ယှက်တယ်၊ တားဆီးတယ်၊ ဖျက်တယ်ဆိုရင်တော့ အဲဒါ ရှေ့ဆက်ပြီးတော့ တိုက်ပွဲတွေက ဖြစ်မှာလို့ပဲ မြင်တယ်။ 

စစ်ငွေ့စစ်ရိပ်ကတော့ သန်းနေတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ဘက်က ပြင်ဆင်စရာရှိတာကိုပဲ ပြည်သူတွေက စောစောစီးစီးပြင်ဆင်ထားကြဖို့ပေါ့။ စစ်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်စရာရှိလာမယ်။ စားရေးရိက္ခာပိုင်းနဲ့ ပတ်သက်ပြီးတော့ နေမှုထိုင်မှုနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်စရာတွေရှိလာမယ်။ အဲ့လိုပေါ့ အကုန်လုံးကို ကြိုပြီးတော့ ပြင်ဆင်ထားတာ အကောင်းဆုံးလို့ ကျွန်တော်မြင်တယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button