
ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အဖမ်းအဆီးကြမ်းနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (နိုဝင်ဘာ ၁) တွင် ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။နံနက် ၁၀ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရသည့် နေရာမှာ တောင်ကုတ်မြို့မှ ၁၆ မိုင်ခန့်အကွာ တောင်ကုတ်-သံတွဲ ကားလမ်းပေါ်တွင် ဖြစ်သည်ဟု ထိုနေရာ အနီးနားရှိ ဒေသခံတစ်ဦး က ပြောသည်။
“ရွာပကာရွာမှာ ညအိပ်ပြီး ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကြောင်းကို ရွာပကာရွာနဲ့ သက်ကေပြင်ရွာကြားမှာ AA က မိုင်းဆွဲတိုက်ခိုက်တာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရတာကိုတော့ အတိအကျ မသိရဘူး။ မိုင်းဆွဲလို့ အပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ နဲ့ ၁၀ မိနစ် လောက် ပစ်ခတ်တာတွေ လုပ်ခဲ့တယ်” ဟု ထိုကျေးရွာသားက ဆိုသည်။သက်ကေပြင်ရွာတောင်ဘက် တစ်မိုင်ခန့်ကွာ ထန်းတောင်ကွင်းသစ်ဆိပ်အနီးတွင် မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။“မနေ့က စစ်ကြောင်းတစ်ခု မိုင်းဆွဲခံရတာ ဟုတ်ပါတယ်။ ဘယ်အဖွဲ့က မိုင်းဆွဲတယ်ဆိုတာကိုလည်း မသိရဘူး။ အခင်းဖြစ်တာက ထန်းတောင်ကွင်း သစ်ဆိပ် အနီးမှာဖြစ်တာ။ အဲဒီအနီးအနားက ရွာတွေကို စစ်တပ်က ဝင်ပြီး စစ်ဆေးတော့ ရှောင်နေကြရတဲ့ ရွာသားတွေလည်းရှိတယ်လို့ သိရတယ် ” ဟု ၎င်းက ဆိုသည်။စစ်သား ၃ ဦးထက်မနည်း သေဆုံးနိုင်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း AA ပြောခွင့်ရသူက ဒေသတွင်း အခြေစိုက်မီဒီယာတစ်ခုကို ပြောထားသည်။
ပေါက်ကွဲမှုအပြီး ကားလမ်းဘေးရှိ သက််ကေပြင်ကျေးရွာနှင့်ရွာပကာရွာများအတွင်း စစ်သားများ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရပြီး ဒေသခံများ ဖမ်းဆီးခံရမှု ရှိမရှိ အခြေအနေနှင့်ပတ်သက်၍ မသိရှိရပေ။
ရွာပကာကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စစ်သားတချို့ လာရောက်တပ်စွဲနေသဖြင့် ဖမ်းဆီး စစ်ဆေးခံရမည်ကို စိုးရိမ်ပြီး ရွာသားအချို့ ပုန်းရှောင်နေကြရသည် ဒေသခံများထံမှ သိရသည်။တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားသော စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအပါအဝင် လက်နက်ကိုင် ပြန်ခုခံနေသောဒေသများတွင် မိုင်းဆွဲတိုက်ခိုက်ခံရပါက အနီးရှိကျေးရွာများကို ဝင်ရောက်စီးနင်းကာ ဒေသခံများကို ဖမ်း ဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်းများ ပြုလုပ်နေသည်။
ချင်းပြည်နယ်ပလက်၀ ဒေသနှင့် ရခိုင်မြောက်ပိုင်းတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန် နေရာ ရခိုင်တောင်ပိုင်းတွင်လည်း ယခုနှစ် သြဂုတ်လ ကုန်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။သြဂုတ်လ ၂၅ ရက် တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့်အကွာအဝေးရှိ တောင်ကုတ်-သံတွဲ လမ်းတွင် စစ်ကောင်စီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၁၆ ရက်က တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီ ထောက်ပို့ရေယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှု နှစ်ခုအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး တောင်ကုတ်မြို့နယ်အတွင်း ဒေသခံ အများအပြားကို AA သံသယဖြင့် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာရာ ၁၇ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။ စစ်ကောင်စီတပ်ဖွဲ့ လှုပ်ရှားမှုသတင်းအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းလှုပ်ရှားမှုသတင်းများကို AA ထံ သတင်းပို့သည်ဟု စွပ်စွဲကာ စစ်ကောင်စီသည် တောင်ကုတ်ဒေသခံ ၆ ဦးနှင့် သံတွဲဒေသခံ ၆ ဦးကို မတရားအသင်းဆက်သွယ် မှု ပုဒ်မ ၁၇(၁) နှင့် အမှုဖွင့်အရေးယူထားသည်။ တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်မြောက်ပိုင်းတွင်လည်း ယနေ့ နိုဝင်ဘာ ၂ တွင် ရိက္ခာလာပို့သော စစ်ကြောင်းကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)