သတင်း

စစ်ကိုင်းနှင့် မကွေးရှိ မြို့နယ် ၇ ခုထက်မနည်းတွင် တိုက်ပွဲများ တစ်ပြိုင်နက်ဖြစ်နေ

မြို့နယ် ၇ ခုထက်မနည်းတွင် တိုက်ပွဲဖော်နေပြီး ရဲစခန်း၊ စစ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ကာ သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု တော်လှန်ရေးအဖွဲ့တချို့က ပြောသည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ် ၇ ခုထက်မနည်းရှိ စစ်ကောင်စီပစ်မှတ်များကို ယနေ့ (နိုဝင်ဘာ ၃) နံနက် ၄ နာရီဝန်းကျင်မှ စတင်၍ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက တစ်ပြိုင်နက် တိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်းမှ ကောလင်း၊ ကျွန်းလှ၊ အရာတော်၊ တမူး၊ ကလေးမြို့နယ်နှင့် မကွေးတိုင်းအစွန် ဂန့်ဂေါမြို့နယ်တို့ရှိ ရဲစခန်းနှင့် စစ်တပ်အခြေစိုက်နေရာများကို တော်လှန်ရေးအင်အားစုများက အချိန်ကိုက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောလင်းမြို့၊ အလယ်ပိုင်းရှိ ကျွန်းလှမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ နီးပါးအကွာ အရာတော်မြို့၊ တောင်တန်းဒေသ ချင်းပြည်နယ်စပ်မှ တမူးမြို့နယ် ခမ်းပတ်မြို့၊ ကလေးမြို့တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မကွေးတိုင်းတိုင်း ဂန့်ဂေါခရိုင် မင်းရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များနှင့် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့ ပူးပေါင်းပါဝင်၍ စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်းအတွင်းမှ ကောလင်းမြို့၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အောက်ဘက်ရှိ ဆင်စွယ်တပ်စခန်း၊ ကံပေါက်ရွာအခြေစိုက် ပျူစောထီးစခန်း၊ ကလေးမြို့နယ်၊ အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် ကလေး-တမူးကားလမ်းပေါ်ရှိ ဝိတုတ်ရွာစခန်း၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်း တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်သည့် ကနဦးအခြေအနေတချို့ကို Myanmar Now က အတည်ပြုထားနိုင်သည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း နိုဝင်ဘာ ၃ ရက်တွင် တော်လှန်ရေးအဖွဲ့များ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့သည့် နေရာတချို့။

မကွေးတိုင်း၊ ဂန့်ဂေါရှိ မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းယူပြီးဖြစ်ကြောင်း ABSDF က ယနေ့ နံနက်တွင် ကြေညာထားပြီးဖြစ်သလို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ထိုရဲစခန်းကို PDF များက မီးရှို့ဖျက်ဆီးသွားကြောင်း ရေးထားသည်။

“ဒီနေ့မနက်ခင်း ၅ နာရီ ၅၀ မှာ မင်းရွာရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်တာ ၉ နာရီ ၃၀ လောက်မှာ အပြီးသတ်သိမ်းလို့ရခဲ့ပါတယ်။ ရန်သူ (စစ်ကောင်စီ) ဘက်က သုံ့ပန်း ၁၀ ယောက်လောက်လည်း ဖမ်းဆီးရရှိခဲ့တယ်။ သူတို့ဘက်က အရာရှိတစ်ဦး အပါအဝင် ၁၀ ယောက်၊ အယောက် ၂၀ ဝန်းကျင်လောက် ကျသွားတယ်လို့ သိရပါတယ်” ဟု ABSDF စစ်ကြောင်း ၃ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

မင်းရွာရဲစခန်းတိုက်ခိုက်မှုအပြီးတွင် မြောက်ဘက် မိုင် ၂၀ ခန့်အကွာမှ ဂန့်ဂေါမြို့အခြေစိုက် အမှတ် ၅၀ ခြေလျင်တပ်ရင်းမှ အင်အား ၁၀၀ ဝန်းကျင်ပါ မြေပြင်စစ်ကြောင်းထွက်လာ၍ စစ်ရေးတင်းမာနေကြောင်း၊ ဂန့်ဂေါအမြောက်တပ်မှ တိုက်ပွဲဖြစ်သည့် နေရာသို့ ပစ်ခတ်မှုများရှိသော်လည်း လေကြောင်းတိုက်ခိုက်မှု မကြုံရသေးကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် ၎င်းထံမှ သိရသည်။

“လေယာဉ်က ဝဲနေတယ်။ ဒါပေမဲ့ ပစ်မပေးဘူး။ ဒီဘက်မှာက ဖြစ်နေတာက မင်းရွာစခန်းတစ်ခုတည်းတင်မဟုတ်ဘဲ ကလေး၊ တမူးဘက်မှာ ခမ်းပတ်ရဲစခန်းကလည်း ဝင်စီးတယ်။

ကလေးနဲ့ ဂန့်ဂေါကြားထဲမှာလည်း မြောက်စီးရဲစခန်းကိုလည်း ဝင်စီးနေတယ်” ဟု ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

“ရဲစခန်းသိမ်းတိုက်ပွဲလေးတွေက နေရာအစုံ ဖြစ်နေတဲ့အခါမှာ ရန်သူအနေနဲ့ စစ်ကူပေးဖို့ကအစ တော်တော်ကို ပျာယာခတ်နေတဲ့ပုံမျိုးဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

မင်းရွာရဲစခန်းကို ယခုနှစ် ဩဂုတ်လတွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက အပြင်းအထန်ခုခံ၍ စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရပြီး ယခုအကြိမ်တွင် စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကောလင်းမြို့ပေါ်တွင်မူ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကာ စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်ပါ သုံး၍ တုံ့ပြန်နေကြောင်း ထိုဒေသမှ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြောသည်။

“ကောလင်းနဲ့ ဆင်ဆွယ်စခန်း (ကျွန်းလှမြို့နယ်) က အဓိကဖြစ်နေတာ၊ ကောလင်းမြို့ကို ဝင်လုံး (ပစ်) နေတာ၊ … မနက်ကတည်းက ပစ်နေကြတာ၊ ဆူညံနေတာပဲ….. အဲဒီနှစ်နေရာစလုံးကို MI – 35 (တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်) ပစ်နေတာ” ။

ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သည့် အမျိုးသားတစ်ဦး၏ အဆိုအရ ကောလင်းမြို့တွင် ယနေ့ မွန်းလွဲပိုင်းအထိ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု ၅ ကြိမ် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတောင်ပိုင်း အရာတော်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာသွားသဖြင့် စစ်တပ်က မြို့ကို ပိတ်ဆို့ထားကြောင်း အရာတော်မြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးထံမှ သိရသည်။

ထို့အတူ ကလေးမြို့တောင်ပိုင်း ကလေး – ဂန့်ဂေါလမ်းမကြီးအနီး စစ်တပ်အခြေစိုက်နေရာများဖြစ်သည့် မြောက်စီးစခန်း၊ ရန်ကြီးအောင်စခန်း၊ ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ် ၂ အကျဉ်းစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်နေကြသည်။

“ရန်ကြီးအောင်စခန်းတို့ မြောက်စီးရဲစခန်းတို့ ရှိနေလို့ ကျွန်တော်တို့က ဒီလမ်းမကြီး (ကလေး- ဂန့်ဂေါလမ်း) ကို အသုံးပြုလို့မရသေးတာ။ (အဲဒီစခန်းနှစ်ခုကို) သိမ်းပိုက်လိုက်ရင် ဒီလမ်းမကြီးကို တောက်လျှောက်အသုံးပြုလို့ရပြီ” ဟု ကလေးမြို့ တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ယနေ့တိုက်ပွဲများအတွင်း စခန်းအချို့ကို သိမ်းနိုင်ပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တာဝန်ရှိသူအချို့ကမူ လတ်တလော တိုက်ပွဲပြင်းထန်နေဆဲဖြစ်၍ အသေးစိတ်ထုတ်မပြောနိုင်ဟု ဆိုကြသည်။

အရပ်သားနှင့် လက်နက်ကိုင် နှစ်ဖက်ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

မကွေးတိုင်းအတွင်း တွေ့ရသည့် တော်လှန်ရေးသမားအချို့။ ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ ဦးဆောင်၍ အောက်တိုဘာ ၂၇ ရက်မှ စ၍ ၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် ရက်သတ္တပတ် တစ်ပတ်အတွင်း စစ်ကောင်စီ စခန်း ၉၀ ကျော်ကို သိမ်းယူနိုင်ချိန်၊ နိုင်ငံတောင်ပိုင်းတွင် စစ်ကောင်စီထိန်းချုပ်ရာ မြို့များကို စစ်ရေးအရ ခြိမ်းခြောက်နေချိန်တွင် နိုင်ငံအလယ်ပိုင်းမှ တော်လှန်ရေးအဖွဲ့များကလည်း တစ်ပြိုင်နက်တိုက်ခိုက်မှု စတင်လိုက်ခြင်းဖြစ်သည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတိုက်ခိုက်နေကြသည်။ အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်တွင် စစ်တပ် အပြည့်အဝထိန်းချုပ်ထားနိုင်သည့် မြို့နယ်များ နိုင်ငံတစ်ဝန်းတွင် တဖြည်းဖြည်း ယုတ်လျော့လာနေသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6pen နှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button