သတင်း

ကျားဖြန့်ကိစ္စတွင် စစ်ကောင်စီက တိုင်းရင်းသားအဖွဲ့များကို အပြစ်ပုံချ

အွန်လိုင်းငွေလိမ်လုပ်ငန်းကို အရေးမယူနိုင်သေးကြောင်း စစ်ကောင်စီက တရုတ်သတင်းဌာနကို ပြောသည်၊ မြဝတီမြို့ရှိ အလားတူလုပ်ငန်းအကြောင်းကိုမူ ပြောဆိုခြင်း မရှိသေးပေ။

ကျားဖြန့် ခေါ် အွန်လိုင်းမှ ငွေလိမ်သည့် လုပ်ငန်းများ နှိမ်နင်းရေးနှင့် ပတ်သက်၍ တရုတ်အစိုးရက ဆက်တိုက် ဖိအားပေးနေချိန် စစ်ကောင်စီက တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်ညှိုးထိုးကာ အပြစ်ပုံချလိုက်သည်။

တရုတ်နိုင်ငံမှ Phoenix သတင်းဌာနနှင့်  စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့၏ အင်တာဗျူးကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၃၀) ထုတ် သတင်းစာများတွင် ပြန်လည် ဖော်ပြရာတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်၍ ထိုသို့ အပြစ်တင် ပြောဆိုထားသည်ကို တွေ့ရသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က အောက်တိုဘာ ၂၇ တွင် စတင်ပြုလုပ်သည့် “၁၀၂၇” အမည်ရ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကောင်စီစခန်းများ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရချိန်တွင် အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်သည့် အင်တာဗျူးကို အနှစ်ချုပ် ပြန်လည် ဖော်ပြလိုက်ခြင်းဖြစ်သည်။

ငွေလိမ်လုပ်ငန်းများတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ ‘ဝ’ နှင့် မိုင်းလားအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ထိုတိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ရာနယ်မြေအတွင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့၊ လဝကနှင့် အကောက်ခွန်ကဲ့သို့သော အဖွဲ့များ ဝင်ရောက်ခွင့်ရရန် လိုအပ်ကြောင်း စစ်ကောင်စီက ဆိုသည်။

“ဝ” နဲ့ မိုင်းလားလက်နက်ကိုင်အဖွဲ့ဆိုတာ အပစ်ရပ်ထားတာကြောင့် တပ်က ဝင်လို့မရပါဘူး။ တပ်က ဝင်တာနဲ့ တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ လူ ၁၀၀၀ နီးပါးကို ဖမ်းဆီးထားပြီး အမှန်တကယ် ပြစ်မှုကျူးလွန်သူ ၃၀၀ နီးပါးရှိကာ တရုတ်နှင့် တိုင်းရင်းသားအများစုဖြစ်သည်ဟုလည်း ဆိုသည်။ တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ယခုနှစ်ကုန်တွင် အမြစ်ပြတ်ချေမှုန်းသွားမည်ဟုလည်း ဆိုသည်။

ကျားဖြန့် ခေါ် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ပတ်သက်၍ တရုတ်ဘက်က ဆက်တိုက်ဖိအားပေးနေပြီး ယခုလလယ်ပိုင်းတွင် တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် နေပြည်တော်သို့ လာရောက်ခဲ့သည့်အပြင် လွန်ခဲ့သည့် ရက်ပိုင်းကလည်း တရုတ်သံအမတ်က စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့် တွေ့ဆုံကာ ထိုကိစ္စ ဆွေးနွေးသည်ကို တွေ့ရသည်။

တရုတ်-မြန်မာနယ်စပ်တွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော “ဝ” (UWSA) အဖွဲ့ အရာရှိနှစ်ဦးကို အွန်လိုင်းငွေလိမ်ဂိုဏ်းအမှုနှင့် ပတ်သက်ပြီး တရုတ်အစိုးရက အောက်တိုဘာ ၁၂ တွင် ဆုကြေးဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

တရုတ်က အလိုရှိနေသည့် ဝပြည်အစိုးရအဖွဲ့မှ ဆောက်လုပ်ရေးဌာနကြီးမှူး ချန်ရန်ပန် (ပေါက်အိုက်ပန်း) နှင့် ခရိုင်မှူး ရှောက်ရန်ပန် (ဟော်ချွင်ထင်) တို့ကို ဖမ်းဝရမ်းထုတ်ကြောင်း စစ်ကောင်စီကလည်း အောက်တိုဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

စက်တင်ဘာလဆန်းပိုင်းတွင် ကျားဖြန့်ဂိုဏ်းဝင်ဟု ယူဆရသူ တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို ဝအဖွဲ့က ဖမ်းဆီးကာ တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။ ထိုနောက်ပိုင်း မိုင်းလားအဖွဲ့ကလည်း ငွေလိမ်ဂိုဏ်းဝင်ဟု ယူဆရသူများကို ဖမ်းဆီးကာ တရုတ်လက်အပ်ခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီက တရုတ်ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူ တစ်ဦးစနှစ်ဦးစကို တရုတ်အစိုးရထံ လွှဲပြောင်းပေးကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ခြင်း မရှိပေ။

ထိုအချက်ကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဝန်ခံထားသည်။

“လက်လှမ်းမီရင် ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနဲ့ အရေးယူခဲ့ပါတယ်။ သာမန်အနေအထားနဲ့သာ လုပ်ဆောင်နိုင်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ တရုတ်နိုင်ငံဘက်မှ အကြောင်းကြားလာမှသာ နှစ်နိုင်ငံပူးပေါင်း အရှိန်အဟုန်နဲ့ နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု Phoenix သတင်းဌာနနှင့် အင်တာဗျူးတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ တရုတ်နိုင်ငံသားတို့၏ ကျွန်ပြုနှိပ်စက်မှု၊ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများအကြောင်းကိုမူ အင်တာဗျူးတွင် မတွေ့ရပေ။

ကျားဖြန့်ဂိုဏ်းများ ဖြိုခွင်းရေးနှင့် ပတ်သက်၍ တရုတ်ဘက်က အပြင်းအထန် ဖိအားပေးလာပြီးနောက် ယခုလ ၂၇ ရက်နေ့တွင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က “၁၀၂၇” စစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့သည်။

၎င်းတို့၏ စစ်ဆင်ရေးရည်ရွယ်ချက်တွင် အွန်လိုင်းမှ ငွေလိမ်သည့် လုပ်ငန်းများ နှိမ်နင်းရေးနှင့် နယ်မြေစိုးမိုးရေးကိစ္စ ပါဝင်သည်ကို ထုတ်ပြန်ကြေညာချက်များတွင် တွေ့ရသည်။

မြောက်ပိုင်းအခြေစိုက် လက်နက်ကိုင်သုံးဖွဲ့၏ စစ်ဆင်ရေးမှာ တရုတ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ရှမ်းမြောက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ အကြမ်းဖက်မှုများ ရပ်တန့်ကာ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယခုလ ၂၇ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်ကို တွေ့ရသည်။

ယနေ့တွင် တရုတ်အစိုးရအဖွဲ့မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခု နေပြည်တော်ရောက်ရှိနေပြီး စစ်ကောင်စီနှင့် သီးသန့်တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။ မည်သည့်အကြောင်းအရာ ဆွေးနွေးမည်ကို မသိရသော်လည်း Myanmar Now က ရရှိထားသော အချက်အလက်များအရ တရုတ်ကိုယ်စားလှယ်အဖွဲ့ဝင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟုန် ပါဝင်သည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button