သတင်း

ထိန်းချုပ်နယ်မြေအတွင်း လောင်းကစားလုပ်သူများကို KNU အရေးယူမည်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း အွန်လိုင်းလောင်းကစားနှင့် ကာစီနိုလောင်းကစားလုပ်သူများကို အရေးယူသွားမည်ဟု ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

KNU ဒူးပလာယာခရိုင်က လောင်းကစားတားမြစ်မိန့်ကို ယနေ့ စက်တင်ဘာ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ၄၅ ရက်တိတိကို ပညာပေးကာလအဖြစ် သတ်မှတ်မည်၊ ထိုကာလ ပြီးပါက ကော်သူးလေ ရာဇဝတ်ဥပဒေဖြင့် အရေးယူမည်ဟု ခရိုင်အတွင်းရေးမှူးက ဆိုသည်။

“အွန်လိုင်းကနေ ငွေပြောင်းငွေလဲတွေလုပ်ပြီး ကစားကြတယ်။ ကာစီနိုရုံတွေမှာဆို ဒါမျိုးတွေ ရှိတယ်လေ၊ ကျားဖျန့်တို့ (အွန်လိုင်းမှ လိမ်ညာကာ ငွေတောင်းခံခြင်း) ဘာတို့ဆိုရင်လည်း ငွေလိမ်တယ်။ ငွေနဲ့ အလောင်းအစားလုပ်တယ်ဆို အရေးယူရမှာပဲ၊ အကျုံးဝင်တယ်လို့ ပြောရမှာပဲ” ဟု ခရိုင်အတွင်းရေးမှူးက ပြောသည်။

ကော်သူးလေ ရာဇဝတ်ဥပဒေအရ လောင်းကစားပြုလုပ်သူသည် ထောင်ဒဏ် ၆ လသော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးသော်လည်းကောင်း ကျခံရနိုင်သည်။

ယင်းအပြင် လောင်းကစားဒိုင်အဖြစ် လုပ်ကိုင်သူသည် ပထမအကြိမ် ဖမ်းဆီးခံရလျှင် ၆ လထက် မပိုသည့် ထောင်ဒဏ် သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း ကျခံရနိုင်သည်။ ဒုတိယအကြိမ် ဖမ်းဆီးခံရလျှင် ထောင်ဒဏ် ၂ နှစ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်း၊ ဒဏ်နှစ်ရပ်လုံးသော်လည်းကောင်း ကျခံရနိုင်သည်။

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KNU ၏ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ် တောင်ဘက်ဒေသတချို့နှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့ ပါဝင်သည်။

KNU အုပ်ချုပ်ရေးယန္တရား လက်လှမ်းမီသည့် ထိုဒေသများတွင် အရေးယူမှုများကို လုပ်ဆောင်သွားမည်ဟုလည်း ပဒိုစောလစ္စတန်က ပြောသည်။

“လောင်းကစားရုံတွေရဲ့ နောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပါနေတယ်။ လောင်းကစားတွေ များလာတဲ့ နောက်ဆက်တွဲက ခိုးမှုတွေ ဖောက်ထွင်းမှုတွေ ငွေလိမ်တာတွေ အရမ်းများလာတယ်၊ ဒါကြောင့် အမိန့်ထုတ်ပြန်ပြီး အရေးယူဖို့ လုပ်တာ” ဟု သူက ပြောသည်။

KNU ၏ အခြားခရိုင်များထံမှ အလားတူထုတ်ပြန်ချက် ထွက်ပေါ်မလာသေးပေ။

လက်ရှိတွင် လောင်းကစား တားမြစ်မိန့်ထုတ်သည့် KNU တပ်မဟာ (၆) နယ်မြေအတွင်း၌ တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေသည်။

စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး စီးပွားရေးလုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ နယ်ခြားစောင့်တပ် BGF ဩဇာလွှမ်းမိုးရာနေရာတွင် ဖွင့်လှစ်ထားသည့် လောင်းကစားလုပ်ငန်းများရှိနေခြင်းကြောင့် ကိစ္စတိုင်းကိုမူ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်ဟုလည်း ပဒိုစောလစ္စတန်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ရှိသော အွန်လိုင်း ကာစီနိုလုပ်ငန်းများတွင် KNU ၏ ဝါရင့်ခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေကြောင်း ပြည်ပရောက် ကရင်လူမှုအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တိုင်ကြားထားသည်ဟုလည်း KNU က ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့တွင် ကျင်းပသည့် KNU ၏ သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဋ္ဌဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက ပါဝင်ပတ်သက်နေသူများကို စုံစမ်းဖော်ထုတ်သွားမည်ဟု ပြောဆိုခဲ့သည်။

“KNU ခေါင်းဆောင်တချို့ တရားမဝင်လောင်းကစားမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်စေဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ Investigation Team တစ်ခုကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားဖို့ သဘောတူခဲ့ပါတယ်” ဟု ဥက္ကဋ္ဌဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိပြီး နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ရာ မြဝတီခရိုင်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်၌ အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ ကာစီနိုလုပ်ငန်း၊ အွန်လိုင်းမှ ငွေကြေးလိမ်လည်မှုများကို တရုတ်ရာဇဝတ်ဂိုဏ်းများ လုပ်ကိုင်နေကြသည်။

ယင်းလုပ်ငန်းများတွင် တရားမဝင် လူမှောင်ခိုကူးခြင်း၊ အတင်းအဓမ္မ လုပ်အားစေခိုင်းခြင်းများ ရှိနေပြီး ဒေသတွင်း အိမ်နီးချင်းနိုင်ငံသားများပါ လူကုန်ကူးခံရပြီး အလုပ်စေခိုင်းခံနေရခြင်း ရှိနေသည်ဟု USIP ခေါ် အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ပြောဆိုထားသည်။

တရုတ်မြန်မာနယ်စပ်တွင်လည်း အဆိုပါလုပ်ငန်းများနှင့် လောင်းကစားရုံများရှိနေသည်။ မကြာသေးမီက အွန်လိုင်းရာဇဝတ်ဂိုဏ်းသားများဟု ယူဆရသူ တရုတ်နိုင်ငံသား တစ်ထောင်ကျော် ဖမ်းဆီးခံရပြီး တရုတ်နိုင်ငံဘက်သို့ ပြန်ပို့ထားသည်။

မြန်မာပြည်တွင် အခြေစိုက်ပြီး အွန်လိုင်းမှ ငွေလိမ်၊ ငွေလုသူဟု ယူဆရသူ တရုတ်နိုင်ငံသား ၁၄၈၂ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု တရုတ်အစိုးရပိုင် သတင်းဌာနများက စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရေးသားထားကြသည်။

အများစုမှာ တရုတ်မြန်မာနယ်စပ် ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဤအခြေအနေတွင် ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်သည် အွန်လိုင်းရာဇဝတ်ဂိုဏ်းသားများအတွက် လွတ်မြောက်နယ်မြေ ဖြစ်နေသည်။

အထူးစီးပွားရေးဇုန်ဟု အမည်ပေးထားသော နေရာများထဲမှ တချို့တွင် အွန်လိုင်းမှ ငွေကြေးလိမ်လည်မှု၊ လုယက်မှုတွင် ပါဝင်ဆောင်ရွက်ရန် မြန်မာ အပါအဝင် နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေနေသူတို့ကို ကျွန်ပြုခိုင်းစေလျက်ရှိသည်။

စစ်တပ်က ၎င်း၏ လက်အောက်ခံ ကရင် BGF ကို တရားမဝင်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် ဟန့်တား၊ ဖိအားပေးခဲ့ဖူးသည်။ ထိုသို့ သတိပေးတားမြစ်မှုများကြောင့် ကရင် BGF တပ်ရင်းတပ်ဖွဲ့များက ၂၀၂၁ ဇန်နဝါရီလလယ်ပိုင်းတွင် ထွက်စာတင်ခဲ့ဖူးသည်။

အာဏာသိမ်းရန် လဝက်အလိုတွင် ဖြစ်ပေါ်လာသည့် ထိုပုန်ကန်မှုကြောင့် ဗိုလ်ချုပ်ကြီးများက ကရင် BGF ခေါင်းဆောင်များကို ခေါ်ယူ ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုရလဒ်ကို နှစ်ဖက် ထုတ်ပြန်ခြင်း မပြုခဲ့ပေ။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှု ဒေသအသီးသီးတွင် ပေါ်ပေါက်လာရာ ကရင် BGF သည် ဗိုလ်ချုပ်ကြီးများ အားကိုးရသည့် အင်အားစု ဖြစ်လာသည်။ ဤအခြေအနေတွင် ကရင် BGF ထိန်းချုပ်သည့် နယ်မြေအခြေစိုက် အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းမှာ အာဏာမသိမ်းမီကထက် ပိုမို ကြီးမားလာသည်။

ထိုနေရာတွင် အကျဉ်းချ ကျွန်ပြုခိုင်းစေခံနေရသူများမှာ နိုင်ငံပေါင်းစုံမှ ဖြစ်ကြသည်။

မြဝတီမြို့နယ်တွင် ထိုသို့ အကျဉ်းချခံရသူတို့မှာ ထိုင်းနိုင်ငံဘက်မှ ကူးသန်းသွားသူများဖြစ်သောကြောင့် အဆိုပါ ရာဇဝတ်မှုများသည် ထိုင်းအတွက်လည်း ခေါင်းခဲစရာ ဖြစ်လာသည်။

ထိုင်းက လောင်းကစားရုံများ၊ ကျွန်ပြုမှုများကြောင့် ကမ္ဘာကျော်ဒေသဖြစ်လာနေသည့် ရွှေကုက္ကိုဒေသသို့ လျှပ်စစ်ဓာတ်အား ပေးပို့ ရောင်းချခြင်းကို ပြီးခဲ့သည့် ဇွန်လတွင် ရပ်ဆိုင်းသည့်နည်းဖြင့် နိုင်ငံတကာရာဇဝတ်မှုများတိုက်ဖျက်ရေးတွင် ပါဝင်လာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button