အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းခြင်းကြောင့် စစ်တပ်၏ အငြိုးခံရကာ နေအိမ်များ ဆက်တိုက်မီးရှို့ခံနေရသည့် ဒေသများထဲတွင် မမေသူဝင်း၏ မွေးရာဇာတိ စစ်ကိုင်းတိုင်း ရွှေဘိုမြို့လည်း ပါဝင်သည်။ စစ်ကောင်စီ အာဏာသိမ်းထားသည့် ၂ နှစ်ကာလအတွင်း မီးလောင် ပျက်စီးသွားသော နေအိမ်များနှင့်အတူ မမေသူဝင်းကဲ့သို့သော လူငယ်တို့၏ အနာဂတ်များလည်း ပါဝင်သွားခဲ့သည်။
မမေသူဝင်းနေထိုင်ရာ ဇာတိဒေသတွင် စစ်ကောင်စီတပ်သားတို့ ထင်ရာစိုင်းနေသည့်အခြေအနေ၊ နေ့စဉ်နီးပါးဖြစ်နေသည့် တိုက်ပွဲများ၊ အာဏာသိမ်းမှုကြောင့် ချွတ်ခြုံကျသွားရသည့် မိသားစုစီးပွားရေးတို့ကြောင့် အသက် ၆၀ ကျော်အရွယ် မိဘနှစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် မောင်ငယ်တို့ကို ထားရစ်ကာ မိသားစုနှင့် ဝေးရာ ပထမဆုံးခရီးတစ်ခုထွက်ရန် ဖြစ်လာတော့သည်။
“ကျွန်မတို့ဘက်က အခြေအနေတော်တော်ဆိုးတယ်။ ကျွန်မလည်း မိဘကို တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးချင်တာနဲ့ အင်တာနက်ပေါ်ကနေ အလုပ်ရှာရတော့တာပဲ” ဟု သူမက ဆိုသည်။
အမြန်နှုန်းလျှော့ချထားသော 2G အင်တာနက်ဝန်ဆောင်မှုသာ အသုံးပြုနိုင်သည့် ရွှေဘိုသူ မမေသူဝင်းတစ်ယောက် ဆိုးဝါးလှသည့် အင်တာနက်လိုင်းကို သုံးပြီး အလုပ်အကိုင် ရှာဖွေနေခဲ့သည်။
တောင်သူမိသားစုမှ မွေးဖွားလာသော်လည်း မမေသူဝင်းမှာ တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်ပြီး ရွှေဘိုမှ မန္တလေးသို့ တက်၍လည်း စာရင်းကိုင်၊ အရောင်းစာရေး အစရှိသည့်အလုပ်များကို လုပ်ကိုင်ဖူးသူဖြစ်သည်။ သို့သော် သူရဖူးသည့် အမြင့်ဆုံးလစဉ်ဝင်ငွေမှာ ကျပ် ၂၀၀,၀၀၀ ခန့်သာဖြစ်သည်။
ထို့ကြောင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း လူမှုကွန်ရက်မီဒီယာဖြစ်သည့် Facebook ပေါ်တွင် တစ်လလုပ်ခလစာ ကျပ်ငွေ ၁၂ သိန်းကျော်နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၄,၀၀၀ ရရှိမည်ဆိုသည့် အလုပ်ခေါ်စာတစ်ခုက သူ့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့သည်။
အလုပ်ခေါ်စာတွင် အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံ ရေးတတ်ပြောတတ်ပြီး ကွန်ပျူတာအခြေခံ အသုံးပြုတတ်သည့် အသက် ၃၀ နှစ်အောက် လူငယ်များ လျှောက်ထားနိုင်သည်ဟု ပါရှိသည်။ မြန်မာကျပ်ငွေ ၁၂ သိန်းဆိုသည့် ငွေသည် အာဏာသိမ်းမှုကြောင် ချွတ်ခြုံကျသွားရသည့် မိသားစုအတွက် ကောင်းစွာဖူလုံနိုင်မည်ဟု မမေသူဝင်း တွက်ဆသည်။
“အဲဒါနဲ့ ဆက်သွယ်တော့ ဝန်ဆောင်မှုပေးရမယ့် အလုပ်လို့ ပြောတယ်။ အခု ခေတ်စားနေတဲ့ လိမ်လည်နေတဲ့ အလုပ်လားလို့ မေးတော့ မဟုတ်ဘူးလို့ ပြောတယ်။ အေဂျင်စီအနေနဲ့ အလုပ်ခေါ်တာပါ ကျွန်တော်တို့ အာမခံတယ် ပြောတယ်။ အဲဒါနဲ့ ကျွန်မလည်း စိတ်ဝင်စားတယ် ပြောမိတယ်” ဟု မေသူဝင်းက ပြောသည်။
မမျှော်လင့်သော ငရဲခန်း
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့၊ ညနေခင်းတွင် သူမနေထိုင်ရာ ရွှေဘိုမြို့မှ မိုင်ပေါင်း ၆၀၀ ကျော် အကွာအဝေးတွင် ရှိသည့် “ဝ” ပြည်နယ်၊ ပန်ဆန်းမြို့သို့ အသက် ၂၆ နှစ်အရွယ် မမေသူဝင်း တစ်ကိုယ်တည်းခရီး စတင်ထွက်ခွာလာခဲ့သည်။ မျှော်လင့်ချက်များဖြင့် စတင်လိုက်သည့် မိုင်ပေါင်း ၆၀၀ ကျော်ခရီးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့တွင် ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပန်ဆန်းမြို့သို့ ရောက်ရှိသွားခဲ့သည်။ ထိုမှတစ်ဆင့် တရုတ်−မြန်မာနယ်စပ် မိုင်းပေါက်မြို့သို့ ထပ်မံခရီးဆက်ခဲ့ရသည်။
မြန်မာနိုင်ငံအရှေ့ပိုင်းအရပ်ရှိ ရှမ်းပြည်နယ်၏ အရှေ့ပိုင်းတွင်ရှိသော ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အလိုမတူဘဲ လူကုန်ကူးရောင်းစားခံထားရသည့် မြန်မာလူငယ်များအတွက် ငရဲခန်းများစွာရှိနေသည်ကို အင်တာနက်မြန်နှုန်း လျှော့ချခံထားရသည့် ဒေသနေ မမေသူဝင်း ယခင်က မသိခဲ့ပါ။
မှောင်အတိချထားသော အလုံပိတ်အခန်းထဲတွင် ပြစ်ဒဏ်ပေးခံထားရသည်။ အချို့မှာ ပူပြင်းလှသည့် နေရောင်အောက်တွင် မုဆိုးဒူးထောက်ထိုင်ပုံဖြင့် နာရီနှင့်ချီ ထိုင်နေကြရပြီး အချို့မှာ နေပူကျဲကျဲအောက် ကွင်းပြင်တွင် အနည်ဆုံး တစ်နာရီ ပတ်ပြေးနေကြရသည်ကို မမေသူဝင်း ကိုယ်တွေ့ကြုံလာရတော့သည်။
ရက်ပေါင်း ၇၀ ရက်ကြာ ဟွာရှင်းအမည်ရှိ အလုပ်ရုံတွင် ငရဲခန်းနှင့် တူသော နေ့ရက်များကို ဖြတ်ကျော်ခဲ့ရသည်ဟု မမေသူဝင်းက ပြောသည်။ အလိုမတူဘဲ ရောင်းစားခံထားရသည့် မြန်မာပြည်အရပ်ရပ်မှ လူငယ်များသည် ကုမ္ပဏီများမှ ခိုင်းစေသည့် အလုပ်များကို မလုပ်လိုဟု ငြင်းဆန်သည့်အခါ၊ တစ်နေ့တာလုပ်ငန်းခွင်တွင်း သတ်မှတ်ချက်မပြည့်မီသည့် အချိန်မျိုးတို့တွင် နည်းလမ်းများစွာဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုဒဏ်ကို မမေသူဝင်းကိုယ်တိုင် ခံလာရသည်။
ငရဲခန်းအတွင်း လုပ်ငန်းအတွေ့အကြုံ
မမေသူဝင်း အလုပ်လုပ်ရန် ထွက်ခွာလာစဉ်က ခရီးတစ်ထောက်နားခဲ့သည့် လားရှိုးမြို့တွင် အလုပ်လုပ်ရန်သာ သိထားခဲ့သည်။ သို့သော် ခရီးဆက်ရန်ရှိသေးကြောင်း အသက်ခပ်လတ်လတ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုလာသည်။ ထိုအမျိုးသမီးမှာ လားရှိုးမြို့တွင် သူမကို လာရောက်ကြိုဆို ခေါ်ဆောင်လာသူဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို အတိအကျမသိရပေ။
ပန်ဆန်းမြို့နှင့် မိုင်ပေါင်း ၃၀ ကွာဝေးသည့် မိုင်းပေါက်မြို့သို့ နိုဝင်ဘာလ ပထမပတ်အတွင်း မမေသူဝင်း ရောက်ရှိသွားသည်။ ထိုမြို့ရှိ ဟွာရှင်းအလုပ်ခန်းသည် သူမ၏ ငရဲခန်းသဖွယ် လုပ်ငန်းခွင်နေရာတစ်ခု ဖြစ်လာမည်ကို မမေသူဝင်းတစ်ယောက် ထိုအချိန်အထိ မသိရှိခဲ့ပေ။
“လားရှိုးမှာပဲ အလုပ်လုပ်ရမယ်လို့ သိခဲ့တာ။ လားရှိုးရောက်မှ ပန်ဆန်းထိ သွားရမှာ ပြောတယ်။ ပန်ဆန်းရောက်တော့ အဲ့ကနေ မိုင်းပေါက်ကို ပြန်ထပ်သွားပြီးမှ အလုပ်လုပ်ရမယ့်နေရာကို ရောက်တယ်” ဟု ဆိုသည်။ ကနဦးမှာပင် အလုပ်ခေါ်စာကို သူမစုံစမ်းခဲ့စဉ်က အခြေအနေအတိုင်း ဖြစ်မလာသည့်အတွက် စိုးရိမ်စိတ်များရှိခဲ့သည်ဟု ဆက်လက်ပြောသည်။
“ရောက်မှတော့ မထူးဘူး လုပ်ကြည့်ရမှာပဲ ဆိုပြီး တွေးခဲ့တာ” ဟု သူမက ပြောသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် မိုင်းပေါက်မြို့ရှိ ဟွာရှင်းအလုပ်ရုံတွင် အလုပ်စတင် ဆင်းရသည်။ ထိုနေ့မှစ၍ တစ်ပတ်တိတိ ကွန်ပျူတာတစ်လုံးနှင့် ဖုန်းတစ်လုံး ပေးထားပြီး မသိသောသူများနှင့် Chatting လုပ်ရသည်ဟု မမေသူဝင်းက ဆိုသည်။
မမေသူဝင်းနေထိုင်ရသည့် အခန်းမှာ လူ ၈ ဦး အတူနေရခြင်းဖြစ်ပြီး ထိုအထဲတွင် အမျိုးသား ၃ ဦး ပါသည်ဟု ဆိုသည်။ အမျိုးသား ၃ ဦးနှင့် သူမအပါအဝင် အမျိုးသမီး ၅ ဦးသည် ထိုအခန်းကျဉ်းထဲတွင် တစ်ယောက်အိပ်ခုတင် တစ်လုံးစီဖြင့် နေထိုင်ရသည်ဟု ဆိုသည်။
၈ ဦးလုံးမှာ ဟွာရှင်းကုမ္ပဏီ၏ တစ်ခန်းတည်းတွင် အတူတူလုပ်ကိုင်ကြရသည့် သူမနည်းတူ လူကုန်ကူး ရောင်းစားခံရသူများဖြစ်ကြသည်။ ၈ ရက်မြောက်နေ့တွင် သူမ မထင်မှတ်ထားသည့် အရာများကို မမေသူဝင်း စတင်လုပ်ဆောင်ခဲ့ရတော့သည်။
မည်သူမည်ဝါမှန်းမသိသည့် အမျိုးသား၊ အမျိုးသမီးများမှ ပေးပို့လာသည့် ဝတ်လစ်စားလတ် ညစ်ညမ်းဓာတ်ပုံများနှင့် ဗီဒီယိုများကို လက်ခံရရှိသည့်အချိန် နှလုံးခုန်သံများ မြန်လာခဲ့သည်။ ထိုသူများနှင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသည့်စကားများကို အပြန်အလှန် ပြောဆိုပေးရမည့်အလုပ်ကို မမေသူဝင်းနှင့် သူမကဲ့သို့ လူကုန်ကူးရောင်းစားခံထားရသူများ လုပ်ရမည်ဖြစ်သည်။
ရုတ်တရက်မြင်တွေ့လိုက်ရသည့် ကွန်ပျူတာမျက်နှာပြင်ပေါ်မှ ညစ်ညမ်းဓာတ်ပုံများကို တွေ့ရပြီးနောက် လုပ်ငန်းခွင်တွင်းရှိသည့် မြန်မာ၊ တရုတ် စကားပြန်မှတစ်ဆင့် ထိုအလုပ်များကို သူမ မလုပ်နိုင်ကြောင်း ပြောဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
“မလုပ်နိုင်ရင် အပြစ်ပေးခံရမယ် ပြောတယ်။ အဲ့လိုလူမျိုး တစ်နေ့ကို ၈ ယောက်နဲ့ Chatting လုပ်ရမယ် ပြောတယ်။ ၈ ယောက်မပြည့်ရင် နေပူထဲ ပတ်ပြေးတာ၊ ဒူးထောက်ထိုင်ခိုင်းတာ၊ ထိုင်ထ အခါ ၂၀၀ လုပ်ခိုင်းတာ၊ ပုံစံမပျက် မလှုပ်မယှက် မတ်တတ်ရပ်ခိုင်းတာတွေ အပြစ်ပေးတယ်” ဟု မမေသူဝင်းက ဆိုသည်။
“တစ်ရက်ဆို မူးတောင် လဲတယ်၊ ကွင်းပြင်ထဲ ပတ်ပြေးခိုင်းတာ လူမပြည့်လို့။ လူမပြည့်တာက နေ့တိုင်းလို ဖြစ်လာတာ။ ကျွန်မမှ မလုပ်ချင်တာ မူးလဲတော့ အလုံပိတ်ခန်းထဲကို ထည့်လိုက်တယ်။ တစ်ရက်တိတိ မှောင်မည်းနေတာပဲ” ဟု သူမက ပြောသည်။
“သူတို့ရဲ့ အဝတ်အစားမပါတဲ့ပုံတွေ၊ ဗီဒီယိုတွေပါ ပို့လာတဲ့အခါ ညီမလေးတို့မှာ လုံးဝ အဆင်မပြေခဲ့ဘူး။ ကြည့်လည်း မကြည့်ရဲဘူး။ မကြည့်ရဲလို့ စာမပြန်တဲ့အခါ ညီမတို့ကို ပြစ်ဒဏ်ချတယ်။ တစ်နေ့ ၈ ယောက် မပြည့်ရင် ပြစ်ဒဏ်ချတာတစ်ခုတည်း မဟုတ်သေးဘူး။ တစ်ပတ်ပြည့်လို့မှ တစ်ပတ်စာမပြည့်ရင်လည်း နေ့လယ် ၁၂ နာရီလောက်ကို ကွင်းပြင်ထဲ ၂ နာရီတိတိ ပတ်ပြေးရတယ်” ဟု သူမက ဆက်ပြောသည်။
Sex chat လုပ်ရန်အတွက် မမေသူဝင်းတို့ အသုံးပြုရသော တရုတ် Application မှာ Grindr ဟု သူမက ဆိုသည်။ အဆိုပါကွန်ပျူတာ Application ဖြင့် အမျိုးသားများအပြင် အမျိုးသမီးများကိုပါ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကြောင်းအရာများကို အပြန်အလှန်ရေးသားပေးပို့ရသည်ဟုလည်း ပြောသည်။
မမေသူဝင်းတို့ ပစ်မှတ်ထားရသူများမှာ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှ အင်တာနက်အသုံးပြုသူများဖြစ်သည်။ ထိုသူများကို အင်တာနက်မှတစ်ဆင့် မိတ်ဆွေဖွဲ့ရသည်။ ဘာသာစကားအခက်အခဲရှိသော မမေသူဝင်းတို့မှာ အင်္ဂလိပ်စာမှ မြန်မာဘာသာစကားသို့လည်းကောင်း၊ မြန်မာမှ အင်္ဂလိပ်ဘာသာသို့လည်းကောင်း ဘာသာပြန်သည့် အင်တာနက်စာမျက်နှာများကိုလည်း သုံးစွဲရကြောင်း၊ အဆီအငေါ်မတည့်သည့် ဘာသာပြန်များကြောင့် ပစ်မှတ်ထားခံရသူများက အယုံအကြည်မဲ့ပြီး ငွေလိမ်မည်ကို ရိပ်မိသွားသည်များလည်း ရှိကြောင်း မမေသူဝင်းက ဆိုသည်။
“မြန်မာလူမျိုးတွေ၊ တရုတ်လူမျိုးတွေကိုတော့ ပိုက်ဆံမသုံးနိုင်ကြလို့ ပစ်မှတ်ထားတဲ့အထဲမှာ မပါဘူး” ဟု ၎င်းက ဆိုသည်။
လုပ်အားခမရ၊ ပြစ်ဒဏ်များသာ ရခဲ့
ဟွာရှင်းအလုပ်ရုံမှ သတ်မှတ်ထားသည့် လူ ၈ ဦး မပြည့်မီလျှင် ညှဉ်းပန်းနှိပ်စက်နည်းမျိုးစုံဖြင့် ပြစ်ဒဏ်ပေးခြင်းခံရသည့်အပြင် လုပ်ခလစာလည်း မရဟု သူမက ပြောသည်။ “လစာက ပထမဆုံးလမှာ ယွမ် ၂,၀၀၀ ပဲ ရတယ်။ လူမရှာနိုင်လို့ ဆိုပြီး အဲဒီထဲက ယွမ် ၁,၅၀၀ ကို ပြန်ဖြတ်သွားတယ်။ နောက်လတွေ လစာမရတော့ဘူး။ ပြစ်ဒဏ်တွေပဲ နေ့တိုင်းရတယ်” ဟု မမေသူဝင်းက ပြောပြသည်။
အလုပ်ချိန်မှာ နေ့စဉ် နံနက် ၇ နာရီခွဲမှ ညနေ ၆ နာရီထိ ဖြစ်သဖြင့် တစ်ရက်လျှင် အလုပ်ချိန် ၁၁ နာရီနီးပါး ရှိသည်။ မမေသူဝင်း အလုပ်လုပ်ကိုင်ရသည့် အခန်းထဲတွင် သူမအပါအဝင် ၄၈ ဦးရှိပြီး မြန်မာနိုင်ငံသား ၁၁ ဦး ပါဝင်သည်။
အသက်အငယ်ဆုံးမှာ ၁၉ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး ကျန်သူများ၏ အသက်မှာ ယေဘုယျအားဖြင့် ၂၀ ဝန်းကျင်များဖြစ်သည်ဟု မမေသူဝင်းက ပြောပြသည်။ မမေသူဝင်းနှင့် လုပ်ငန်းခွင်ထဲရှိ အခြားသော မြန်မာလူငယ်များ၏ လက်ကိုင်ဖုန်းနှင့် နိုင်ငံသားမှတ်ပုံတင်များကို လုပ်ငန်းခွင် ဝင်ရောက်သည့်နေ့မှစ၍ စကားပြန်ဆိုသူက သိမ်းယူထားလိုက်ပြီဖြစ်သည်။
ထိုနေ့မှစ၍ ရွှေဘိုမြို့မှ မမေသူဝင်း၏ မိဘနှစ်ပါးအပါအဝင် သူမနှင့်အတူ လူကုန်ကူးရောင်းစားခံထားရသည့် ထိုအလုပ်ရုံထဲမှ အခြားသောလူငယ်များ၏ မိသားစုဝင်များသည်လည်း မိုင်းပေါက်မြို့တွင် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် ၎င်းတို့သားသမီးများ၏ အဝင်ဖုန်းများကို လက်ခံရရှိခြင်း မရှိတော့ပေ။
“လုံးဝ ဖုန်းခေါ်လို့ မရတော့ဘူး အဲဒီနေ့ကစပြီး။ ဘယ်သူ့ကိုမှလည်း ပြောပြခွင့်မရဘူး။ ကံကောင်းလို့ ပထမဆုံး အလုပ်စဆင်းတဲ့နေ့ ဖုန်းတွေကို လာမသိမ်းခင် စကားပြန်ဆိုတဲ့သူရဲ့ ပုံနဲ့ အလုပ်လုပ်ရတဲ့နေရာကို ဓာတ်ပုံ ခိုးရိုက်နိုင်ခဲ့လိုက်တယ်” ဟု သူမက ဆိုသည်။
ထိုပြစ်ဒဏ်များကို မြန်မာ-တရုတ် စကားပြန် ကိုအောင်ဆိုသူက စေခိုင်းခြင်းဖြစ်သည်ဟု သူမက ဆိုသည်။ ဟွာရှင်းအလုပ်ရုံတွင် ဆက်လက်၍ အလုပ်လုပ်ကိုင်လိုခြင်းမရှိတော့ကြောင်း ထိုစကားပြန်မှတစ်ဆင့် မမေသူဝင်း ကြိုးစားပြောဆိုသည့်အခါတွင်လည်း မအောင်မြင်ခဲ့ပေ။
“နင်တို့ကို ရောင်းစားသွားတာ။ ကုမ္ပဏီက နင်တို့ကို ဝယ်ထားတာလို့ ပြောတယ်။ ၃ ခါလောက် ပြောတဲ့အခါကျတော့ နင်တို့ကို ဝယ်ထားရတာဖြစ်လို့ နင်တို့ အလုပ်ထွက်ရင် ပြန်လျော်မှ ပြန်လို့ရမယ်လို့ ပြောတယ်” ဟု မမေသူဝင်းက ဆိုသည်။
“အဲ့လိုပြောပြီးတော့ ညီမနဲ့ နောက်မိန်းကလေးတစ်ယောက်ကို အလုပ်ထုတ်လိုက်တယ်။ ယွမ်ငွေ ၁၅,၀၀၀ လျော်ရမယ်။ မြန်မာငွေနဲ့ဆို သိန်း ၆၀ လျော်ရမယ် ပြောတယ်။ ဒါပေမဲ့ ချက်ချင်းမလျော်နိုင်လို့ ညီမတို့နှစ်ယောက် အလုံပိတ်ခန်းထဲမှာ ၄၈ နာရီ တိုက်ပိတ်ခံရတယ်။ အဲဒီမတိုင်ခင်တော့ အိမ်ကို ကုမ္ပဏီကဖုန်းကို သုံးပြီး ဖြစ်နေတာတွေ ရှင်းပြလိုက်တယ် အမြန်လာခေါ်ထုတ်ပေးဖို့” ဟု မမေသူဝင်းက ဆိုသည်။
ငရဲခန်းမှ ကယ်တင်ခြင်း
ရက်ပေါင်း ၆၀ ကျော်ကြာမှ မမေသူဝင်းနှင့် အဆက်အသွယ်ရရှိလိုက်သည့် သူမ၏ မိဘနှစ်ပါးသည် နှစ် ၄၀ ကျော် နေထိုင်လာခဲ့သည့် ၎င်းတို့၏ ပေ ၆၀ x ၅၀ ရှိ အိမ်ခြံဝိုင်းလေးကို ပေါင်နှံရန် ခေါင်းပူရတော့သည်။
ရွှေဘိုမြို့အတွင်းမှ အိမ်အပေါင်ခံသူတစ်ဦးနှင့် ဆက်သွယ်မိပြီး ထိုအိမ်ခြံဝိုင်းလေးကို သိန်း ၆၀ အတိဖြင့် ပေါင်နှံလိုက်ရသည်ဟု သူမက ဆိုသည်။ ၁၀ ကျပ်တိုး ဖြစ်သဖြင့် သိန်း ၆၀ အတွက် လစဉ်အတိုးဖြစ်သည့် ၆,၀၀၀ ကျပ်ကို ပုံမှန်ပေးသွင်းရတော့မည်ဖြစ်သည်။
တစ်နှစ်အတွင်း အတိုးပုံမှန်ပေးသွင်းနိုင်ခြင်းမရှိလျှင် မိဘနှစ်ပါး၏ ခြံဝိုင်းလေးကို မမေသူဝင်းတို့ ဆုံးရှုံးရတော့မည်ဖြစ်သည်။ သို့သော် သမီးဖြစ်သူကို ‘ဝ’ ပြည်ငရဲခန်းမှ ကယ်တင်ရန်အတွက် မိဘနှစ်ပါးမှာ မြို့မှ ယုံကြည်စိတ်ချရသည့် အခြားမိတ်ဆွေသုံးဦးကို မိုင်းပေါက်မြို့အထိ သွားရောက်၍ မမေသူဝင်းကို သိန်း ၆၀ ကျပ်ဖြင့် ပြန်လည်ရွေးထုတ်လာရန် အကူအညီတောင်းရတော့သည်။
မြန်မာကျပ်ငွေ သိန်း ၆၀ အတိဖြင့် သူမကို လာရောက်ရွေးထုတ်သော မြို့ခံမိတ်ဆွေများ၏ အကူအညီဖြင့် မမေသူဝင်းတစ်ယောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဟွာရှင်းကုမ္ပဏီမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဇာတိဖြစ်ရာ ရွှေဘိုမြို့သို့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမ ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်ရှိနေသေးသည့် သူမကဲ့သို့ လူကုန်ကူးခံထားရသည့် လုပ်ဖော်ကိုင်ဖက်ဟောင်းများ အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေရန် မမေသူဝင်း ဆန္ဒပြင်းပြလျက်ရှိသည်။ “ကျန်တဲ့သူတွေကို ပြန်လွတ်စေချင်တယ် ကူညီပေးပါဦး သူတို့ နှိပ်စက်ခံနေရမှာ ကျွန်မသိနေတယ်” ဟု မမေသူဝင်းက ဆိုသည်။
ငရဲခန်းမှ အချုပ်ခန်းရောက်သွားသူများ
မြဝတီမြို့တွင် နေထိုင်သည့် LGBT တစ်ဦးဖြစ်သူ ဖြိုးသည် ထိုမြို့တွင် နာမည်ကြီးသည့် ကာစီနိုလောင်းကစားရုံများတွင် ဖဲချပ်ဝေသည့်အလုပ်ကို လုပ်ကိုင်ရန် စိတ်ဝင်စားခဲ့သဖြင့် ဖဲဝေသည့် သင်တန်းတစ်ခုကို တက်ရောက်ခဲ့ကြောင်း ဆိုသည်။ ထိုမှတစ်ဆင့် ‘ဝ’ ပြည် ပန်ဆန်းတွင် အလုပ်ခေါ်သည့် အလုပ်ခေါ်စာတစ်ခုကို အဆိုပါ သင်တန်းနှင့် ဆက်စပ်သူများ၏Facebook အကောင့်များမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်သည်။
ဖြိုးနှင့်အတူ မိုင်းပေါက်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူမှာလည်း အသက် ၂၅ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်သည်။ မမေသူဝင်းကဲ့သို့ပင် လူကုန်ကူးရောင်းစားခံရသော ဖြိုးမှာ မြဝတီမြို့တွင် နေထိုင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ ပြင်ဦးလွင်မြို့မှ ဖြစ်သည်။
လူကုန်ကူး ရောင်းစားခံရမှန်း မသိခဲ့သော ဖြိုးသည် ဟွာရှင်းကုမ္ပဏီသို့ မရောက်မီ ပန်ဆန်းမြို့ရှိ အခြားသော ကုမ္ပဏီနှစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ထိုကုမ္ပဏီများက ဖြိုးကို ဟွာရှင်းကုမ္ပဏီထံ တစ်ဆင့်ပြန်လည်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။
“ပထမလုပ်ခဲ့တဲ့နှစ်ခုက လိမ်ရတာ။ နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်တဲ့ GUCCI တို့လို နာမည်တွေကို သုံးပြီး ပစ္စည်းအတုတွေကို အစစ်ဆိုပြီး ထိုင်းအပါအဝင် အခြားနိုင်ငံတွေကို ပစ်မှတ်ထားပြီး လိမ်ရောင်းရတာ။ အဲ့ဒီအလုပ်နှစ်ခုမှာ အဆင်မပြေတော့ ပြဿနာဖြစ်တယ်။ အဲ့ကနေ သူတို့က ကျွန်တော့်ကို ဟွာရှင်းကို ပြန်ရောင်းစားတယ်” ဟု ဖြိုးက ဆိုသည်။
ဟွာရှင်းကုမ္ပဏီထံ ရောင်းစားခံလိုက်ရသော ဖြိုးအနေဖြင့် တစ်နေ့တစ်မျိုး မရိုးရအောင် ဇာတ်ကောင်အမျိုးမျိုးသရုပ်ဆောင်၍ Sex Chat လုပ်ရခြင်းကို မလုပ်လို၍ နေ့စဉ်ဆိုသလို ဟွာရှင်းကုမ္ပဏီ၏ ပြစ်ဒဏ်များကို ခံရသည်ဟု ဆိုသည်။
“ကျွန်တော့်အထင် ကျွန်တော့်ကို ယောက်ျားလေးလို့ပဲ ထင်ကြတာ ထင်တယ်။ အဲဒီတော့ အခြားယောက်ျားလေးတွေကို ပြစ်ဒဏ်ပေးသလို ပိုပြီးပြင်းတာတွေ ကျွန်တော်လုပ်ရတယ်။ တချို့မိန်းကလေးတွေဆိုရင် အဲ့က တရုတ်တွေက ဗလက္ကာရပြုတာတွေရှိတယ်။ ကျွန်တော်ကျ အဲ့လိုမခံရဘဲ ပြစ်ဒဏ်ကြီးတွေ ခံရတာ” ဟု ဖြိုးက ပြောသည်။
Sex Chat ရမည့် သတ်မှတ်လူဦးရေ ၈ ယောက်မပြည့်၍ တစ်ရက်လျှင် နှစ်နာရီနီးပါး ပြင်းထန်သည့် နေရောင်အောက်တွင် မရပ်မနား ပြေးရသည်ဟု ဖြိုးက ဆိုသည်။
“မုဆိုးဒူးထောက်သလို တစ်နာရီလောက် ထိုင်ရတယ်။ လုံးဝလှုပ်လို့မရဘူးနော်။ လှုပ်တာနဲ့ အချိန်ထပ်တိုးတယ်။ ပြေးရင်လည်း နေအပူဆုံးအချိန်ကို နေ့လည် ၁၂ နာရီကနေ ၂ နာရီအတွင်း တောင်ကုန်းလို နေရာကို ပြေးတက်ရတာ။ အဲ့လိုနေ့ ထမင်းစားလို့မရဘူး။ စားရင် ဗိုက်အောင့်မှာလေ” ဟု သူက ပြောသည်။
ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသည့်အပြင် ဟွာရှင်းကုမ္ပဏီတွင် အလုပ်လုပ်သည့် ရက်ပေါင်း ၅၀ ခန့်တွင် ဖြိုးတစ်ယောက် ယွမ်ငွေ ၁,၈၀၀ သာ ရှိခဲ့ပြီး လုပ်ငန်းစံချိန် မပြည့်မီဟုဆိုကာ ယွမ်ငွေ ၁,၆၀၀ ကို ပြန်လည်နုတ်ယူသွားသည်ဟု ဆိုသည်။
ရက်ပေါင်း ၅၀ တွင် တစ်ရက်မျှ နားခွင့်မရှိသော ဖြိုးက ခွင့်တစ်ရက်တောင်းယူသော်လည်း မရရှိခဲ့ပေ။ တရားဝင်ခွင့်တောင်းယူခြင်း မရရှိ၍ ဖြိုးနှင့်အတူ အချုပ်ကျမည့် ကိုထက်တို့ ထိုနေ့တွင် အလုပ်မဆင်းခဲ့သဖြင့် လစာထဲမှ ဖြတ်တောက်ခံခဲ့ရသည်။ ထိုမှတစ်ဆင့် ဟွာရှင်းတွင် အလုပ်ဆက်လက်မလုပ်လိုတော့ကြောင်း စကားပြန်ဆိုသူမှတစ်ဆင့် ပြောဆိုခဲ့ရာမှ အချေအတင်ဖြစ်ခဲ့ကြကြောင်း ဖြိုးက ပြောသည်။
“မင်းတို့ စာချုပ်ချုပ်ထားကြတာလို့ ပြောတယ်။ မင်းတို့ကို ငါတို့က တစ်ယောက်ကို ယွမ် ၃၀,၀၀၀ နဲ့ ဝယ်ထားရတာ။ ကျွန်တော်က ပြန်မေးတယ်။ စာချုပ်ချုပ်တုန်းက ကျွန်တော်တို့ကို ဝယ်လိုက်တာလားလို့ မေးတော့ မဟုတ်ဘူးလို့ သူတို့ဖြေခဲ့တာ။ ပြီးတော့ ကျွန်တော်တို့ ချုပ်ရတဲ့ စာချုပ်ကလည်း အကုန်လုံးက တရုတ်လိုတွေပဲ” ဟု သူက ပြောသည်။ ထိုသူက ဖြိုးနှင့်အတူ ကိုလတ်ကို မိုင်းပေါက်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ရဲစခန်းက ၎င်းတို့နှစ်ဦးကို ဖမ်းဆီးချုပ်နှောင်လိုက်ကြောင်း ပြောပြသည်။
ငရဲခန်းမှ အခန်းဖော်များ
မိုင်းပေါက်ရဲစခန်းတွင် ဖြိုးနှင့် ကိုလတ်တို့နှစ်ဦး တစ်လတိတိ နေထိုင်ခဲ့ရသည်။ ဖြိုးတို့ ဖမ်းဆီးချုပ်နှောင်ခံရသည့် အကျဉ်းခန်းတွင် ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မြန်မာပြည်အလယ်ပိုင်းမှ လူကုန်ကူးရောင်းစားခံထားရသည့် အမျိုးသမီး ၄ ဦးခန့်လည်း ရှိနေကြောင်း သူက ဆိုသည်။
“ပထမတော့ ရဲစခန်းကို မရောက်ခင် ‘ဝ’ ပြည် အလုပ်သမားရုံးကို ရောက်ခဲ့တာပါ။ အဲ့ဒီမှာ သူတို့က ကျွန်တော်တို့ဘက်ကနေ မဖြေရှင်းပေးဘူး။ ဟွာရှင်းကုမ္ပဏီကို မင်းတို့ ပြန်လိုက်သွားပါ။ ပြန်မလိုက်ရင် မင်းတို့ နောက်ကုမ္ပဏီကို သွားရမယ်လို့ ပြောတယ်။ ပြီးရင် လျော်ရမယ်လို့လည်း ပြောတယ်” ဟု သူက ဆက်လက်ပြောသည်။
‘ဝ’ ပြည်အလုပ်သမားရေးရာရုံး၏ ဖြေရှင်းချက်ကို ဖြိုးတို့က လက်မခံ၍ ၎င်းတို့နှစ်ဦး ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရသည်။
“ရဲစခန်းထဲ မဝင်ခင် အမေနဲ့ ဖုန်းရတယ်။ အမေ့ကို ရဲစခန်းထဲတော့ ဝင်တော့မယ်။ ညှိကြည့်မယ်။ ရှင်းပြကြည့်မယ်ဆိုပြီး အမေ့ကို ပြောတာ။ စခန်းထဲလည်း ရောက်ရော ချုပ်ခံလိုက်ရတာ တစ်လပဲ။ အမေက လိုက်လာပြီး ဒီနယ်မြေက တာဝန်ရှိသူအချို့နဲ့ သွားတွေ့ပြီး ပြန်လွတ်အောင် ကြိုးစားပေးတယ်” ဟု သူက ဆိုသည်။
မိုင်းပေါက်ရဲစခန်းသို့ ဖြိုးတို့မရောက်မီတွင် ၎င်းတို့ကဲ့သို့ပင် လူကုန်ကူးရောင်းစားခြင်းခံခဲ့ရသည့် အသက် ၂၀ ဝန်းကျင် မြန်မာနိုင်ငံသား လူငယ် ၁၆ ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။ ဖြိုးတို့ ရဲစခန်းတွင် ချုပ်နှောင်ခံရပြီး မကြာမီတွင် ထို ၁၆ ဦး ပြန်လည်လွတ်မြောက်သွားခဲ့သည်။
ဖြိုးတို့ ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် အချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နောက်ထပ် မြန်မာနိုင်ငံသား ၁၄ ဦး ရှိပြီး ထိုထဲမှ ၁၁ ဦးမှာ ပြန်လည်လွတ်မြောက်သွားပြီဖြစ်သည်။
“လိင်ဖျော်ဖြေမှုအတွက် ရောင်းစားခံရတဲ့ မိန်းကလေးတွေ အချုပ်ထဲ ကျန်ခဲ့တယ်။ အဲ့ဒီထဲမှာ ၁၆ နှစ်အရွယ် ထုခေါင်ဆိုတဲ့ ကချင်ပြည်နယ်က ကချင်မလေးတစ်ယောက်လည်း ကျန်ခဲ့တယ်။ သူ့ကိုရော ကျန်နှစ်ဦးကိုရော ကျွန်တော် အရမ်းလွတ်မြောက်စေချင်တယ်” ဟု ဖြိုးက ပြောသည်။
မမေသူဝင်းနှင့် ဖြိုးတို့ကဲ့သို့ လူငယ်များကို ‘ဝ’ ပြည်နယ်ရှိ ဟွာရှင်းကဲ့သို့ ကုမ္ပဏီများထံ ရောင်းစားကြသည့် လူကုန်ကူးသူများမှာ တစ်ဦးလျှင် မြန်မာကျပ်ငွေ အနည်းဆုံး သိန်း ၅၀ ခန့် ရရှိကြကြောင်း လူကုန်ကူးမှုမှ ပြန်လည်လွတ်မြောက်လာသူများက ဆိုကြသည်။
မြန်မာနှင့် ရာဇဝတ်ဂိုဏ်းများ
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများသည် မြန်မာနိုင်ငံမှ စီးပွားရေးဇုန်အမည်ခံ ကာစီနိုလောင်းကစားရုံများတွင် အခြေစိုက်ကာ ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်နေကြောင်း အမေရိကန်အစိုးရ ငြိမ်းချမ်းရေးဌာန USIP က ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာတွင် စစ်တပ်သည် နိုင်ငံအတွင်း အရပ်သားများကို သတ်ဖြတ်နေပြီး မတည်ငြိမ်မှုများ၊ တရားဥပဒေစိုးမိုးမှုမရှိသည့် အခြေအနေများကို အခွင့်ကောင်းယူကာ ရာဇဝတ်ဂိုဏ်းများ၏ တရားမဝင်လှုပ်ရှားမှုများ တိုးပွားလာသည်ဟု ဆိုသည်။ ထိုဂိုဏ်းများသည် လူကုန်ကူးမှု၊ ကျွန်ပြုခိုင်းစေမှုနှင့် အွန်လိုင်းမှ ငွေလိမ်ပေးရသည့် အလုပ်မျိုးကဲ့သို့သော လိမ်ညာမှုအမျိုးမျိုးကို ကျူးလွန်နေကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
အထင်ရှားဆုံးဥပမာအဖြစ် အိန္ဒိယနိုင်ငံမှ IT ပညာရှင်အပါအဝင် အိန္ဒိယနိုင်ငံသားများ ကရင်ပြည်နယ် မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့သစ်သို့ လူကုန်ကူးခံရကာ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ရသည့်အလုပ်များ လုပ်ကိုင်ခဲ့ရခြင်းဖြစ်သည်။ ထိုလူကုန်ကူးမှုကို ကျူးလွန်သူများသည် KK Park ရာဇဝတ်ဂိုဏ်းအဖွဲ့ဖြစ်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Times of India သတင်းစာက ၂၀၂၂ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်တွင် ရေးသားသည်။
The Times of India ၏ အဆိုအရ IT ပညာရှင်အပါအဝင် အိန္ဒိယနိုင်ငံသား ၃၀၀ ခန့် လူကုန်ကူးခံရခြင်းဖြစ်သည်။ ထိုသူတို့ကို အိန္ဒိယအစိုးရက ကယ်တင်ခဲ့ရပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက “နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ” ၏ သားကောင်မဖြစ်ရန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
လူကုန်ကူးမှုလုပ်ငန်းများသည် အများအားဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပွားမှု များပြားပြီး အများစုမှာ မြန်မာစစ်တပ်နှင့် ဆက်နွှယ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြသည်။ ထို့ကြောင့် အဆိုပါဒေသများရှိ လူကုန်ကူးမှုပြဿနာများကို အရပ်ဘက်အဖွဲ့အစည်းများမှ သော်လည်းကောင်း ဝင်ရောက်ကာကွယ်ရန်နှင့် ကူညီပေးနိုင်ရန်အတွက် စိန်ခေါ်မှုများရှိနေသည်။
မြန်မာနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းဒေသအတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၀၄ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်တွင် လက်မှတ်ရေးထိုးထားသည်။ ထိုစာချွန်လွှာကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့က ပါဝင် လက်မှတ်ရေးထိုးထားကြသည်။
ထိုစာကို လက်မှတ်ထိုးထားသည့် နိုင်ငံများသည် လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရန်၊ လူကုန်ကူးမှုတားဆီးရန်နှင့် တိုက်ဖျက်ရန်၊ ကျူးလွန်သူများကို အရေးယူရန် ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ရန် သဘောတူသည်ဟု ပါရှိသည်။
သို့သော် လူကုန်ကူးမှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက အစီရင်ခံစာထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် လူကုန်ကူးမှုအခြေအနေ အဆိုးဆုံးအဆင့် Tier 3 စာရင်းတွင် ရှိနေသည်ဟု ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း မရှိတော့ခြင်းကြောင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်မြို့များသို့ သွားရောက်ကာ အလုပ်အကိုင်ရှာဖွေရန် ကြိုးပမ်းရာမှ လူကုန်ကူးမှုသားကောင်များ ဖြစ်လာနိုင်သည်ဟု အမေရိကန်အစိုးရ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ထိုအစီရင်ခံစာနှင့် ပတ်သက်၍ စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာက လူကုန်ကူးမှုအတွက် အကျိုးမရှိသည့် ကြေညာချက်ဟု ဆိုကာ နိုင်ငံအမည်တပ် ဖော်ပြခြင်းသည် “အဆင့်အတန်းခွဲခြားမှု သက်သက်သာဖြစ်သည်” ဟု ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က အယ်ဒီတာ့အာဘော်ရေးကာ ပြန်လည်တုံ့ပြန်ထားသည်။
တရုတ်−မြန်မာနယ်စပ်သို့ လူကုန်ကူးရောင်းစားခံရမှုများနှင့် ပတ်သက်၍ UWSA ၏ လားရှိုးမြို့၊ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကမူ ထိုကိစ္စနှင့် ပတ်သက်၍ ထိရောက်သည့် ကာကွယ်မှုများကိုလည်း ပြုလုပ်နေပြီး ပြင်းထန်သည့် အရေးယူမှုများကိုပါ ဆောင်ရွက်နေသည်ဟု မြန်မာနောင်းကို ပြောသည်။
‘ဝ’ ပြည်နယ်မှ သတင်းဌာနတစ်ခုဖြစ်သော Wa News Agency ၏ ရေးသားဖော်ပြချက်အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ထိုနယ်မြေ၊ ဝိန်းကောင်မြို့၊ ဟွာထိုင်လုံကုမ္ပဏီ၏ အလုံပိတ်ခန်းတွင် တိုက်ပိတ်၍ ညှဉ်းပန်းနှိပ်စက်ခံထားရသည့် စစ်ကိုင်းတိုင်းမှ လူငယ် ၁၃ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ဟု ဖော်ပြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)